ရွှေမင်းဝန်စေတီတော်မြတ်ကြီး၏ (၁၇၉) ကြိမ်မြောက် ဆွမ်းနှင့်ငွေပဒေသာပင်များ ဆပ်ကပ်လှူဒါန်းပွဲကျင်းပ

ဆိပ်ဖြူ   ၂၉  နိုဝင်ဘာ 

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ ကျက်သရေဆောင် ရွှေမင်းဝန်စေတီတော်မြတ်ကြီး၏ (၁၇၉) ကြိမ်မြောက် ငွေပဒေသာပင်နှင့် ဆွမ်းစာရေးတံမဲ ဆပ်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၈ နာရီက ကျင်းပခဲ့သည်။
ဆိပ်ဖြူမြို့နယ်၏ ကျက်သရေဆောင် ရွှေမင်းဝန်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို နှစ်စဉ် တန်ဆောင်မုန်းလပြည့်နေ့တွင် ငွေပဒေသာပင်နှင့် ဆွမ်းစာရေးတံမဲ ဆပ်ကပ်လှူဒါန်းခြင်းနှင့် ပျှော်ပွဲရွှင်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလာခဲ့ရာ ယခုနှစ် ကိုဗစ် - ၁၉ ကူးဆက်ရောဂါ အန္တရာယ်ကြောင့် ယခင်နှစ်များကဲ့သို့ ကျင်းပပြုလုပ်နိုင်ခြင်းမရှိပဲ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆိပ်ဖြူမြို့ ကျက်သရေဆောင် ရွှေမင်းဝန် စေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့အနေဖြင့် (၁၇၉) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲ၊ ငွေပဒေသာပင်နှင့် ဆွမ်းစာရေးတံမဲ ဆပ်ကပ်လှူဒါန်းပွဲကို အစဉ်လာမပျက် ဆပ်ကပ်လှူဒါန်းနိုင်ရေးအတွက်    မြို့နယ်သံဃာ့နာယက အဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီးနှင့် သံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ ဩဝါဒလမ်းညွှန်မှု၊ သက်ဆိုင်ရာဌာန၏ တာဝန်ရှိသူများ လမ်းညွှန်မှုများဖြင့် စေတီတော်မြတ်ကြီးအတွင်း လူစုလူဝေးမဖြစ်ပေါ်စေရန် စာရေးတံမဲအလှူရှင်များ၊ ရပ်ကွက် လေး ရပ်ကွက်မှ အလှူရှင်များနှင့် ဌာနဆိုင်ရာဆွမ်းလုံးများ၊ စုစုပေါင်း ဆွမ်းလုံးနှင့် ငွေပဒေသာပင် ၁၉ ခုတို့ကို ဆွမ်းလုံးအလှူရှင်အသီးသီးတို့က ကိုယ့်ဆွမ်းလုံး၊ ကိုယ့်အစဉ်အစီ စုရပ်များတွင် ပင့်ဆောင်၍ ရေစက်ချပြီး လှူဖွယ်ဝတ္ထုများ ဆပ်ကပ်လှူဒါန်းခြင်းဖြင့် ကိုဗစ် - ၁၉ ထိန်းချုပ်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုဇွဲ(အညာမြေ)