ရှေးမြန်မာတို့၏ ရေနံ၊ ဓာတ်သတ္တုနှင့် ကျောက်မျက်ရတနာ တူးဖော်ရေးလုပ်ငန်းများ (အပိုင်း-၂)

သိပ္ပံစာရေးဆရာကိုကိုအောင်

မြန်မာ့ရေနံလုပ်ငန်းသည် ရေနံတွင်းများတူးဖော်ခြင်းဖြင့် ရရှိသောရေနံစိမ်းကို ရောင်းချခြင်းမျှသာလျှင် ဖြစ်သည်။ မြန်မာ့ရေနံစိမ်းကို အမှီသဟဲပြု၍ နိုင်ငံခြားသား အရင်းရှင်များကသာ အကျိုးခံစားကြရသည်။ အင်္ဂလိပ်-မြန်မာ ဒုတိယ စစ်ပွဲဖြစ်ပွားပြီးနောက် အောက်မြန်မာနိုင်ငံတစ်ခုလုံးကို ဗြိတိသျှတို့က စိုးပိုင်သွားသောအခါ နိုင်ငံခြားသား အရင်းရှင်များအတွက် အခွင့်အလမ်း ပိုမိုရရှိသွားခဲ့သည်။ ထိုစဉ်က ရန်ကုန်မြို့၊ သန်လျက်စွန်းအနီး ဓနိတောအရပ်တွင် အာအိုစီ(ROC) ရန်ကုန်ရေနံကုမ္ပဏီက ရေနံချက်စက်ရုံ တစ်ခုကို တည်ဆောက်ခဲ့ပြီး အထက်မြန်မာနိုင်ငံမှ ရေနံစိမ်းများကိုဝယ်ယူကာ ချက်လုပ်ဖြန့်ဖြူးခဲ့သည်။ ထိုအချိန်မှစ၍ အောက်မြန်မာနိုင်ငံတွင် ရေနံချက်လုပ်ငန်း စတင်ခဲ့ သည်။  မင်းတုန်းမင်းလက်ထက်က အထက်မြန်မာနိုင်ငံတွင် ရေနံချက်စက်ရုံတည်ထောင်ရန် ကြိုးပမ်းသည်ဟု လည်းကောင်း၊ ရေနံချက်စက်ရုံ တည်ထောင်ချက်လုပ်ခဲ့သည်ဟုလည်းကောင်း ဆိုကြသည်။ ရေနံချက်စက်ရုံ၏ တည်နေရာကို အတိအကျမသိရသော်လည်း ၁၈၇၄ ခုနှစ် အောက်တိုဘာလ ၁၆ ရက်တွင် ရေနံချက်စက်ရုံ စတင်လည်ပတ် ချက်လုပ်ခဲ့သည်ဟု ဆိုကြသည်။ ထိုအချက်မှန်ကန်ပါက မင်းတုန်းမင်း လက်ထက်ကတည်းက မြန်မာ့ရေနံလုပ်ငန်းသည် ရေနံစိမ်းတူးဖော်ခြင်းမျှသာ မဟုတ်ဘဲ ရေနံချက်နိုင်သည်အထိ တိုးတက်ခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။

မြန်မာနိုင်ငံသည် အဖိုးတန် တွင်းထွက်ကျောက်မျက်ရတနာများ ပေါကြွယ်ဝသော နိုင်ငံဖြစ်သည်။ ထို့ကြောင့်ပင် မြန်မာမင်းများသည် ရွှေတွင်း၊ ငွေတွင်း၊ ပယင်း၊ ဒုတ္ထာ၊ ရတနာခုနှစ်ပါးတို့၏ပိုင်ရှင် ဆင်ဖြူများ သခင်ဘွဲ့ကို ခံယူခဲ့ကြသည်။

ကျောက်မျက်ရတနာ

ရှေးဟောင်းသုတေသနဌာန၏ တူးဖော်ချက်အရ သရေခေတ္တရာပျူတို့၏ မြို့ဟောင်းနေရာမှ စလင်းကျောက်၊ သလင်းစွဲ ခေါ် မြိုင်စိန်အဖြူ၊ စေတီ ကျောက်၊ မြတစ်မျိုးဖြစ်သော မြပြာ၊ သန္တာနှင့် အလွန်အဖိုးထိုက်သော ကျောက်စိမ်းများကို တွေ့ရှိရသည်။ ထိုရတနာများတွင် ကြိုးသီရန် အပေါက်ဖောက်ထားသဖြင့် အလှအပ အဆင်တန်ဆာအဖြစ် အသုံးပြုခဲ့ကြောင်း သိရှိနိုင်သည်။ ကျောက်များကို အလုံးအဝန်းညီညာစွာ သွေးနိုင်ခြင်း၊ အပ်ချည်မျှင် ဝင်နိုင်ရုံ မျှသာ အပေါက်ဖောက်ထားခြင်းတို့ကို ထောက်ရှု၍ သရေခေတ္တရာ ပျူတို့ ခေတ်ကတည်းက ကျောက်သွေးအတတ်ပညာ၊ ကျောက်သွေးလုပ်ငန်းနှင့် ကျောက်မျက်ရတနာ တူးဖော်ခြင်းလုပ်ငန်းများရှိနေပြီဟု ဆိုရမည်ဖြစ်သည်။

ဘုရင်သည် ရေမြေသနင်း ပြည့်ရှင်မင်းဖြစ်သောကြောင့် ကျောက်တွင်း၊ ရတနာတွင်းများက ဘုရင်ပိုင်ဖြစ်သည်။ ဘုရင်က တာဝန်ချထားသူနှင့် ခွင့်ပြုထားသူများကသာ တူးဖော်ခွင့်ရှိကြသည်။ တူးဖော်ခွင့်ရသူများက ဘုရင့်ထံသို့ သတ်မှတ်ထားသော အခွန်တော်ကို ပေးသွင်းကြရသည်။ တူးဖော်ရရှိသော ရတနာကျောက်များထဲတွင် အရည်အသွေး အလွန်ကောင်းသော ကျောက်များနှင့် ရတီနှစ်ဆယ်ကျော်သော ကျောက်များကို ဘုရင့်ထံသို့ ဆက်သကြရသည်။

ချင်းတွင်းဒေသ  ဥယုမြစ်တစ်လျှောက်နှင့်  မိုးကောင်းဒေသတို့သည် ကျောက်စိမ်းထွက်ရာဒေသများ ဖြစ်ကြသည်။ နန်းရာဆိပ်၊ မိုးကုတ်ကျပ်ပြင်နှင့် စကျင်ဒေသတို့မှာ ပတ္တမြားအများအပြားထွက်ရှိရာ ပတ္တမြားမြေဖြစ်သည်။ မိုးကုတ်ကျပ်ပြင်အရပ်၌ နေသူတို့သည် ကျောက်တွင်းတူးခြင်းဖြင့် အသက်မွေးကြသည်။ ထိုသူတို့ကို အုပ်ချုပ်ရန် စို့သူကြီးခေါ် အကြီးအကဲများကို ဘုရင်က ခန့်ထားသည်။

မိုးကောင်းနယ်မြေအတွင်း၌ နေထိုင်သော ကချင်တောင်စားများ စာရင်းတွင် ကျောက်စိမ်းတွင်းဒေသဆိုင်ရာ တောင်စား ခြောက်ယောက်၊ ကျောက် ဆိပ်ကို ထိန်းသိမ်းသည့် ကချင်တောင်စား နှစ်ယောက်၊ ပယင်းတွင်းဒေသဆိုင်ရာ တောင်စား ၁၁ ယောက်ဟု တွေ့ရှိရသည်။ သီပေါမင်းပါတော်မမူခင် ၁၈၈၄ ခုနှစ်က အထက်မြန်မာနိုင်ငံအတွင်း ရောင်းဝယ်ကြသည့် ကျောက်စိမ်း တန်ဖိုး မှာ ငွေတစ်သိန်းကျော်ဖိုးရှိသည်။ ပတ္တမြားကျောက် ရောင်းဝယ်သော တန်ဖိုးကလည်း တစ်နှစ်လျှင် ငွေတစ်သိန်းဖိုးရှိသည်။

ရွှေငွေဓာတ်သတ္တု

မြန်မာ့တွင်းထွက် ရတနာများထဲတွင် ပယင်း၊ နီလာ၊ ကျောက်စိမ်း၊ ရွှေငွေများလည်း ပါဝင်သည်။ ဧရာဝတီ အညာမြစ်စဉ်နှင့် ချင်းတွင်းမြစ်အကြားရှိ နယ်မြေများမှ ရွှေထွက်သည့်အတွက် ထိုဒေသများ၌ ရွှေကျင်သည့် လုပ်ငန်း များ ရှိခဲ့သည်။ ရွှေအရှေ့ကြောင်း၊ ရွှေအနောက်ကြောင်း၊ ရွှေအလယ်ကြောင်း ဒေသများ၊ ရွှေဆယ့်ကိုးရွာခေါ်  ရွာငယ်များသည်  ကုန်းဘောင်မင်းများ လက်ထက်က ရွှေကျင်သည့်လုပ်ငန်းထွန်းကားရာဒေသများဖြစ်ကြသည်။ ရွှေခွန် ဆက်ရွာများဟု သတ်မှတ်ထားသဖြင့် ထိုဒေသများမှ နှစ်စဉ်သတ်မှတ်ထားသည့် ရွှေပိဿာချိန်အတိုင်း အခွန်တော် ဆက်ရသည်။ ထိုကျေးရွာ နယ်မြေများကို အုပ်ချုပ်သော အကြီးအကဲများကို ရွှေခွန်မှူးဟုခေါ်သည်။ အလားတူပင် ကျောက်ဆည်နှင့် ရှမ်းပြည်နယ်အကြားရှိ ဘော်ဆိုင်း၊ ဘော်နင်း စသော ဘော် ၄၄ ရွာဒေသသည်လည်း ငွေထွက်ရာ ဒေသဖြစ်၍ ငွေခွန်တော်ဆက် ကျေးရွာများဖြစ်ကြသည်။ ထိုနယ်မြေများကို ကြီးစိုးရသော အကြီးအကဲများကို ငွေခွန် မှူးဟုခေါ်သည်။ ထိုဒေသမှ ခဲနှင့်သွပ်လည်း ထွက်ရှိသည်။

ဒင်္ဂါးခတ်လုပ်သုံးစွဲခြင်း မပြုမီအချိန်က ငွေကိုအတုံးအတစ်ဖြတ်၍ အချိန်အတွယ် သတ်မှတ်ကာ လဲလှယ်ရေးမဏ္ဍိုင် အဖြစ် အသုံးပြုခဲ့ကြသည်။ ထို့ ကြောင့်ပင် ငွေတူးဖော်ခြင်း၊ သန့်စင်ခြင်းနှင့် ငွေကဲဖြတ်ခြင်း လုပ်ငန်းများမှာ အရေးပါခဲ့သည်။ ထို့ပြင် ငွေကို တောင်ပေါ်နေ တိုင်းရင်းသားများက အဆင်တန်ဆာအဖြစ် အသုံးပြုခဲ့ကြသောကြောင့် ငွေတူးဖော်ရေးလုပ်ငန်းမှာတွင် ကျယ်ခဲ့သည်။

အောက်မြန်မာနိုင်ငံရှိ ထားဝယ်နှင့် မြိတ်ဒေသများတွင် ခဲမဖြူနှင့်သံဖြူ တူးဖော်ရေးလုပ်ငန်းများရှိခဲ့ပြီး ၁၇ ရာစုနှင့် ၁၈ ရာစုနှစ်များအတွင်းက ရှာဖွေတူးဖော်ရေး လုပ်ငန်းများ ထွန်းကားခဲ့သည်။ အေဒီ ၁၈၀ဝ ကျော်တွင်မူ လုပ်ငန်းများက မရှိသလောက်အထိ ရပ်ဆိုင်းသွားခဲ့သည်ဟု ဆိုသည်။ ထိုသို့ ဖြစ်ရသည်မှာ အလောင်းမင်းတရား အောက်မြန်မာပြည်ကို သိမ်းပိုက်စဉ်က အတတ်ပညာရှင်များကို နေပြည်တော်သို့ ခေါ်ဆောင်သွားခြင်းနှင့် အချို့ကလည်း ယိုးဒယားနယ်မြေ ဘက်သို့ ထွက်ပြေးတိမ်းရှောင် သွားကြသောကြောင့် ဖြစ်မည်ဟု ပညာရှင်အချို့က ကောက်ချက်ချခဲ့ကြသည်။

ကြေးနန်းနှင့်သံထည်

မြန်မာမင်းများလက်ထက်က ကြေးသွန်းလုပ်ငန်းနှင့် သံထည်လုပ်ငန်းများလည်း ရှိခဲ့သည်။ ကြေးနှင့်သံကို နိုင်ငံအတွင်း မှာပင် တူးဖော်ရရှိခဲ့သည်။ သံကို ရှမ်းပြည်နယ်မှလည်းကောင်း၊ ပုပ္ပားတောင်အနီးမှ လည်းကောင်း၊ အထက်မြစ်ညာ ဒေသများမှလည်းကောင်း တူးဖော်ရရှိကြသည်။ ပုပ္ပားဝန်းကျင်ဒေသတွင် သံတူးဖော်ခြင်းနှင့် သန့်စင်ခြင်းလုပ်ငန်းများ အကြီးအကျယ် ထွန်းကားခဲ့သည်။ သို့ရာတွင် တူးဖော်ပုံနှင့် သန့်စင်ကျိုချက်ပုံနည်းများမှာမူ အလွန်ရှေးကျသော နည်းဟောင်းများ ဖြစ်သောကြောင့် အဆုံးအရှုံးအလေအလွင့် များပြားခဲ့သည်။ စက်ကိရိယာများ မရှိခြင်းနှင့် ကျွမ်းကျင်မှု မရှိခြင်းများကြောင့် ၃၀ မှ ၅၀ ရာခိုင်နှုန်းအထိပင် ဆုံးရှုံးမှုရှိသည်ဟု ကရောဖွတ်က မှတ်ချက်ပြုခဲ့သည်။ ၁၈၅၅ ခုနှစ်တွင် ရောက်ရှိလာသော ယူးလ်က မြန်မာနိုင်ငံတွင် သံအသုံးချမှု အလွန်များပြားကြောင်း၊ ဓားလှံများနှင့် လယ်ယာလုပ်ငန်းသုံး ကိရိယာများကို သံဖြင့်ပြုလုပ်ကြကြောင်း၊ ထိုသံများ၏ ၉၅ ရာခိုင်နှုန်းကို ပြည်တွင်းမှပင် တူးဖော်ရရှိကြကြောင်း မှတ်တမ်းတင်ခဲ့သည်။ ချူငယ်များ၊ ဆည်းလည်းများမှသည် ဆင်းတုတော် ကြီးငယ်များ၊ ခေါင်းလောင်းကြီးငယ်များအထိ အရွယ်အစားအမျိုးမျိုးကို သွန်းလုပ်ရန် လိုအပ်သောကြေးကို ပြည်တွင်းမှာပင် တူးဖော်ရရှိသည်ဟု ယူဆရသည်။ ရွှေခွန်မှူး၊ ငွေခွန်မှူးတို့ကဲ့သို့ပင် သံတူးဖော်သောလုပ်ငန်းရှိသဖြင့် သံအခွန်တော် ဆက်သရသော ကျေးရွာနယ်မြေများကို သံခွန်မှူးများက ကြီးစိုးအုပ်ချုပ်ကြရသည်။

ယှဉ်တွဲထွန်းကားခဲ့

ရွှေ၊ ငွေ၊ ပတ္တမြား၊ ကျောက်မျက်ရတနာများနှင့် သံ၊ ကြေးဓာတ်သတ္တုများ တူးဖော်သောလုပ်ငန်းသည်  အခြားလက်မှု လုပ်ငန်းများနှင့်  နှိုင်းစာပါက အဓိကကျသော လုပ်ငန်းမဟုတ်သဖြင့် လုပ်ငန်းပမာဏ ကြီးမားမှုမရှိလှပေ။ တိုင်းသူပြည်သား ဆင်းရဲသားတို့အဖို့ ကျောက်မျက်ရတနာများကို  ဝတ်ဆင်ကြရသည်မဟုတ်သလို ပြည်ပသို့ တင်ပို့ ရောင်းချခြင်းလည်း မပြုခဲ့သဖြင့် ထီးသုံးနန်းသုံးအတွက်မျှသာ လုပ်ဆောင်ရသကဲ့သို့ ရှိခဲ့သည်။ သံကမူ အိမ်တွင်းသုံး၊ လုပ်ငန်းခွင်သုံးဖြစ်ပြီး ဓား၊လှံ၊လက်နက်စသော ပစ္စည်းကိရိယာများအတွက် မရှိမဖြစ် လိုအပ်သောကြောင့် သံတူးဖော်ခြင်းလုပ်ငန်းမှာ ပန်းပဲလုပ်ငန်းနှင့် ယှဉ်တွဲပြီး ထွန်းကားခဲ့သည်။

တူးဖော်သည့် နည်းစနစ်များမှာလည်း ခေတ်နောက်ကျလှသော နည်းဟောင်းများပင်ဖြစ်သည်။ သာမန် တွင်းတူးနည်း ကိုပင် အသုံးပြုခဲ့ကြပြီး တူးရွင်းကို အားထားကာ လုပ်ဆောင်ကြရသည်။ တွင်းတူးနေစဉ် ဘေးနံရံများ ပြိုမကျစေရန်အတွက် သစ်သားများဖြင့် ကျားကန်ထားရသည်။ အတောင် ၂၀ ခန့် တူးမိသောအခါတွင်းကို အောက်သို့ နက်အောင် မတူးတော့ဘဲ အလျားလိုက် ဆက်တူးကြသည်။ ထွက်လာသော မြေစာများကိုကျုံး၍ မြေပြင်ပေါ်သို့ တင်ယူပြီးနောက် မြေစာထဲတွင် ရောနှောပါလာသော သတ္တုခဲများ၊ ကျောက်သံပတ္တမြားများကို ရွေးနှုတ်ယူကြရသည်။ ထို့နောက် အနီးရှိ စမ်းချောင်းများတွင် ရေဆေးကာ ကျင်ယူခဲ့ကြသည်။

ထွန်းကားခြင်းမရှိခဲ့

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အဓိကအားထားလုပ်ကိုင်သော နိုင်ငံဖြစ်သဖြင့် လက်မှုလုပ်ငန်းများသည် စိုက်ပျိုးရေးကို အခြေခံသော သို့တည်းမဟုတ် စိုက်ပျိုးရေးနှင့် ဆက်နွှယ်သော လုပ်ငန်းများသာ ဖြစ်ခဲ့ကြသည်။ ထို လက်မှုလုပ်ငန်းမျိုးကသာလျှင် လူဦးရေတိုးတက်ပွားလာခြင်းနှင့်အတူ တစ်စတစ်စ တိုးတက်ကြီးထွားလာသည်။ ရွှေ၊ငွေ၊ ကျောက်သံ၊ ပတ္တမြားစသော တွင်းထွက်ရတနာများ ပေါကြွယ်ဝသည့် နိုင်ငံဖြစ်သော်လည်း ထိုပစ္စည်းများနှင့် ဆက်စပ်သော တူးဖော်ရေးလုပ်ငန်းမှာ တိုးတက်ထွန်းကားခဲ့ခြင်း မရှိခဲ့ပေ။ စက်မှုနိုင်ငံမဟုတ်သဖြင့် သံ၊ ကြေးမှတစ်ပါး အခြားဓာတ်သတ္တုများကို ရှာဖွေခြင်း၊ တူးဖော်ခြင်း၊ အသုံးချနိုင်ခြင်းများက မရှိခဲ့သလောက်ပင် ဖြစ်သည်။

တူးဖော်ခြင်းလုပ်ငန်းတွင် ရေနံတူးဖော်ခြင်းနှင့် သံရှာဖွေတူးဖော်ခြင်းတို့ကသာလျှင် ထင်ရှားသော လုပ်ငန်းများ ဖြစ်ခဲ့သည်။ အိမ်သုံး၊လုပ်ငန်းခွင်သုံးနှင့်  လက်သုံးကိရိယာများ ထုတ်လုပ်ရန် လိုအပ်မှုကြောင့်လည်း သံတူးဖော်ခြင်းက အရေးပါခဲ့သည်။ ရှေးမြန်မာမင်းများလက်ထက်က ရေနံကို ပြည်ပသို့ထုတ်ယူခွင့် မပြုခဲ့သော်လည်း  နိုင်ငံခြားသား များက အောက်မြန်မာနိုင်ငံမှတစ်ဆင့် တိတ်တဆိတ် ထုတ်ယူသွားခဲ့ကြသည်။ မင်းတုန်းမင်း လက်ထက်တွင် ဘုရင့် ကုန်တော်ဟုသတ်မှတ်ပြီး ဘုရင်ကချုပ်ကိုင် ရောင်းဝယ်သောအခါ ဗြိတိသျှပိုင် အောက်မြန်မာနိုင်ငံမှ  နိုင်ငံခြားသား ကုန်သည်များက ရသမျှဝယ်ယူပြီး နိုင်ငံခြားသို့ တင်ပို့ရောင်းချခဲ့ကြသဖြင့် ရေနံတူးဖော်ထုတ်လုပ်ရေး လုပ်ငန်း လည်း တိုးတက်ခဲ့သည်။ သို့ရာတွင် ရေနံစိမ်းများကိုသာ တူးဖော်ရောင်းချနိုင်ခဲ့ကြသဖြင့် တိုင်းတစ်ပါးသားတို့က ရေနံချက် လုပ်ခြင်း၊ ရေနံထွက်ပစ္စည်း ထုတ်လုပ်ခြင်းများကို လုပ်ဆောင်ကာ အကျိုးအမြတ်များစွာ ခံစားခဲ့ကြရသည်။ ရေနံချောင်း ဒေသရှိ ရေနံတွင်းတူးထုတ်လုပ်သူ တိုင်းရင်းသားများမှာမူ ပင်ပန်းကြီးစွာ အင်အားစိုက်ထုတ် လုပ်ဆောင်ပြီးမှ ရရှိသော ရေနံစိမ်းကို ရောင်းချရာတွင် ပိဿာတစ်ရာလျှင် တစ်ကျပ်ခွဲမျှသာ ရရှိခဲ့ကြသည်။ ရရှိသူများမှာလည်း တွင်းပိုင်ရှင်နှင့် တွင်းရိုးတွင်းစားများသာဖြစ်ပြီး  တွင်းတူးသူ၊ ရေနံသယ်သူ ပို့ဆောင်သူများကမူ ပင်ပန်းသလောက် အကျိုးခံစားခွင့် မရှိခဲ့ကြပေ။    ။