ရှေ့နေနှင့်ဥပဒေစာအုပ်များ

ဦးဟန်ညွန့် (ဥပဒေ)

 

နိဒါန်း

"ဆရာ"

 

"ဗျာ"

 

"ဒီတစ်ပတ်ဆောင်းပါးခေါင်းစဉ်က ဘာလဲဆရာ"

 

"ရှေ့နေနှင့် ဥပဒေစာအုပ်များတဲ့"

 

"ရှေ့နေနှင့် ဥပဒေစာအုပ်များက ဘယ်လိုဆက်စပ် ပတ်သက်နေလို့ပါလဲ"

 

"ဆက်စပ်ပတ်သက်နေတာ အသေအချာပေါ့ဗျာ"

 

"ဘာကြောင့်ဆိုတာလဲ ရှင်းပြ၊ ရေးပြပါဦးဆရာ"

 

"ဖတ်ကြည့်ကြပါစို့ ...။”

 

ဥက္ကဋ္ဌကြီး ဦးမျိုးညွန့်

 

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌကြီး ဦးမျိုးညွန့်ထံမှ မေတ္တာဖြင့် ပေးပို့သော ဥပဒေစာအုပ် နှစ်အုပ်ကို ယမန်နေ့က ကျွန်တော် လက်ခံရရှိသည်။ စာပေအနုပညာရှင်လည်းဖြစ်၊ ဥပဒေပညာရှင်လည်းဖြစ် သော ဥက္ကဋ္ဌကြီး ဦးမျိုးညွန့်၏ကြီးကြပ်မှုဖြင့် ခုံရုံး သုတေသနအဖွဲ့က ၂၀၁၈-၂၀၁၉ ကာလများတွင် ပြုစု ထုတ်ဝေခဲ့သောစာအုပ်များဖြစ်သည်။

 

မြန်မာနိုင်ငံအခြေခံဥပဒေမြစ်ဖျားများ ပထမစာအုပ်မှာ “မြန်မာနိုင်ငံ အခြေခံဥပဒေမြစ်ဖျားများ” စာအုပ်ဖြစ်ပါသည်။ အခြေခံဥပဒေအကြောင်း လေ့လာဖတ်ရှုစရာစာအုပ်များမှာ အထူးရှားပါးသည်။ ယနေ့ချိန်ခါတွင် ဤစာအုပ်ထွက်ပေါ်လာခြင်းကို ကြိုဆို အပ်ပါသည်။

 

မြစ်နှင့်အကျွမ်းဝင်လိုသူ

 

“မြစ်နှင့်အကျွမ်းဝင်လိုသူသည် မြစ်ဖျားမှ မြစ်ဝထိ စုန်ဖူးရန် လိုပေလိမ့်မည်။ မြန်မာနိုင်ငံ၏ အခြေခံဥပဒေနှင့် ( အကျွမ်းဝင်လိုသူသည် ခေတ်ဦးမှ ခေတ်နှောင်းအထိဖြစ်ထွန်းခဲ့သမျှ အခြေခံဥပဒေတို့ကို ဖတ်ဖူးရန် လိုပေလိမ့်မည်” ဟု စာရေးဆရာပီပီ ဥက္ကဋ္ဌကြီး ဦးမျိုးညွန့်က အမှာစာရေးထားပါသည်။

 

ဥပဒေ(၆)ခု

 

မြန်မာနိုင်ငံ၌ အခြေခံဥပဒေနှင့် အခြေခံဥပဒေသဘော သက်ရောက်သော ဥပဒေ(၆)ခု ဖြစ်ထွန်းခဲ့သည်

 

(၁) ၁၉၁၉၊ အိန္ဒိယစီရင်အုပ်ချုပ်မှုအက်ဥပဒေ

(၂) ၁၉၃၅၊ မြန်မာနိုင်ငံတော်စီရင်အုပ်ချုပ်မှုအက်ဥပဒေ

(၃) ၁၉၄၃၊ ဗမာနိုင်ငံတော်အုပ်ချုပ်ရေး စည်းမျဉ်း လုပ်သောဥပဒေ

(၄) ၁၉၄၇၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ

(၅) ၁၉၇၄၊ ဖွဲ့စည်းပုံအခြေခံဥပဒေ

(၆) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

 

ကိုလိုနီခေတ်ဥပဒေသုံးခု

 

ဥပဒေ(၆)ခုအနက် မှေးမှိန်ပျောက်ကွယ်နေပြီဖြစ်သော ကိုလိုနီခေတ်ဥပဒေသုံးခုကို လေ့လာဖတ်ရှုဖို့မှာ ခဲယဉ်းသည်။ ထို့ကြောင့် တိမ်မြုပ်နေပြီဖြစ်သော ရှေးဟောင်း ဥပဒေသုံးမျိုးကို စုပေါင်းစာအုပ် ထုတ်ဝေခြင်းလည်း ဖြစ်သည်။ မြန်မာနိုင်ငံ၏အခြေခံဥပဒေကို နက်နက်ရှိုင်းရှိုင်းလေ့လာလိုသူများ၊ ရှေ့နေများအတွက် အထောက်အပံ့ဖြစ်စေမည်မှာ သေချာသည်။

 

(၁) ၁၉၁၉ ခုနှစ် အိန္ဒိယစီရင်အုပ်ချုပ်မှုအက်ဥပဒေ (The Government of India Act 1919)

 

၁၉၁၉ ခုနှစ် အိန္ဒိယစီရင်အုပ်ချုပ်မှုအက်ဥပဒေ (The  Government of India Act,1919) ကို ဒိုင်အာခီဖွဲ့စည်းပုံဥပဒေဟုလည်း ခေါ်ကြသည်။ ဗြိတိသျှတို့ သိမ်းပိုက်ပြီးချိန်တွင် မြန်မာနိုင်ငံကို အိန္ဒိယလက်အောက်ခံ ပြည်နယ်တစ်ခုအဖြစ်ထားရှိကာ အုပ်ချုပ်ရာ၌ ဤဥပဒေကို ကျင့်သုံးခဲ့သည်။ ဤဥပဒေကို ၁၉၁၉ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပြီး မြန်မာနိုင်ငံ၌ ၁၉၂၃ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့မှစ၍ ကျင့်သုံးခဲ့သည်။ ဥပဒေ သက်တမ်းမှာ ၁၉၂၃ ခုနှစ်မှ ၁၉၃၇ ခုနှစ်အထိ ဖြစ်သည်။ ယင်းဥပဒေတွင် အပိုင်း (၆) ပိုင်းရှိသည်။ မူလက ပုဒ်မ ၄၇ ခုဖြင့် ပြဋ္ဌာန်းခဲ့ပြီး နောက်ပိုင်းတွင် ပုဒ်မများကို ပြင်ဆင်ချက်များဖြင့် ထပ်မံဖြည့်စွက်သည်။ ဘုရင်ခံစနစ်ဖြင့် အုပ်ချုပ်သောဥပဒေဖြစ်ပြီး အိန္ဒိယအစိုးရဖွဲ့စည်းမှု၊ ပြည်နယ်အစိုးရဖွဲ့စည်းမှုနှင့် ပြည်နယ်ဥပဒေပြုကောင်စီ ဖွဲ့စည်းမှု စသည်တို့ပါရှိသည်။

 

(၂) ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံတော်စီရင်အုပ်ချုပ်မှု အက်ဥပဒေ (Government of Burma Act, 1935)

 

၁၉၃၅ ခုနှစ် မြန်မာနိုင်ငံတော် စီရင်အုပ်ချုပ်မှုအက် ဥပဒေ( Government of Burma Act, 1935) ကို ၉၁ ဌာန အုပ်ချုပ်ရေးဥပဒေဟုလည်း ခေါ်ကြသည်။ မြန်မာနိုင်ငံကို အိန္ဒိယနိုင်ငံ၏လက်အောက်မှ ခွဲထုတ်၍ သီးခြား အုပ်ချုပ်ရန်အလို့ငှာ ဤဥပဒေကို ကျင့်သုံးခဲ့ခြင်းဖြစ်သည်။ ယင်းဥပဒေကို ၁၉၃၅ ခုနှစ် သြဂုတ်လ ၂ ရက်နေ့တွင် ဗြိတိသျှပါလီမန်က ပြဋ္ဌာန်းခဲ့ပြီး ၁၉၃၇ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံ၌ အာဏာတည်သည်။ ဥပဒေသက်တမ်းမှာ ၁၉၃၇ ခုနှစ်မှ ၁၉၄၂ ခုနှစ်အထိဖြစ်သည်။ ဘုရင်ခံစနစ်ဖြင့် အုပ်ချုပ်သော ဥပဒေဖြစ်ပြီး ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတို့ကို ပိုင်းခြားကျင့်သုံးသည်။ အပိုင်း (၁၄) ပိုင်းနှင့် ပုဒ်မ ၁၅၉ ခုပါရှိသည်။ အပိုင်း ၂ တွင် အုပ်ချုပ်ရေး၊ အပိုင်း (၃) နှင့် (၄)တို့တွင် ဥပဒေပြုရေး၊ အပိုင်း (၆) တွင် ဘဏ္ဍာရေး၊  အပိုင်း (၇) တွင် မြန်မာ့မီးရထား ဘုတ်အဖွဲ့၊ အပိုင်း (၈) တွင် တရားစီရင်ရေး၊ အပိုင်း (၉) တွင် အမှုထမ်းများကဏ္ဍနှင့် အပိုင်း (၁၁) တွင် အိန္ဒိယနှင့် ဆက်သွယ်ဆောင်ရွက်ရေးတို့ကို ပြဋ္ဌာန်းထားသည်။ အထက်လွှတ်တော်နှင့် အောက်လွှတ်တော်ဟူ၍ လွှတ်တော်နှစ်ရပ်ရှိသည်။ အထက်လွှတ်တော်၌ အောက်လွှတ်တော်အမတ် ထက်ဝက်နှင့် ဘုရင်ခံက ရွေးချယ်ခန့်အပ်ထားသောအမတ် ထက်ဝက်ပါရှိသည်။ ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံတော် စီရင်အုပ်ချုပ်မှု အက်ဥပဒေသည် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင် ရေးအာဏာများ ပိုင်းခြားကျင့်သုံးပုံကို ပေါ်လွင်အောင် ဖော်ပြထားသော ဥပဒေဖြစ်ကြောင်း တွေ့ရပါသည်။ ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ရေးဆွဲရာ၌ ၁၉၃၅ ခုနှစ်အက်ဥပဒေကို မှီငြမ်းပြုခဲ့သည်ဟု ဆိုကြပါသည်။

 

(၃) ဗမာသက္ကရာဇ် ၁၃၀၅ ၊ ဗမာနိုင်ငံတော် အုပ်ချုပ်ရေးစည်းမျဉ်းပြုလုပ်သောဥပဒေ(၁၉၄၃)

 

၁၉၄၃ ခုနှစ် ဗမာနိုင်ငံတော် အုပ်ချုပ်ရေးစည်းမျဉ်း ပြုလုပ်သောဥပဒေကို ဂျပန်ခေတ် ဖွဲ့စည်းပုံအခြေခံဥပဒေဟုလည်း ခေါ်ကြသည်။ ယင်းဥပဒေကို ၁၉၄၃ ခုနှစ် သြဂုတ်လ ၁ ရက်နေ့ (ကောဇာသက္ကရာဇ် ၁၃၀၅ ခု ဝါခေါင်လဆန်း ၁ ရက်နေ့)တွင် ပြဋ္ဌာန်းခဲ့သည်။ ဥပဒေ သက်တမ်းမှာ ၁၉၄၃ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ ဖြစ်သည်။ ယင်းဥပဒေ၌ အခန်း ၁၂ ခန်းနှင့် ပုဒ်မ ၆၄ ခုပါရှိသည်။ အခန်းခေါင်းစဉ်မှာ နိုင်ငံတော်၊ နိုင်ငံတော် အဓိပတိဝန်ကြီးများအဖွဲ့၊ အတိုင်ပင်ခံလွှတ်တော်၊ ဥပဒေပြုခြင်း၊ ဗမာအမျိုးသားတို့၏ အခြေခံအခွင့်အရေးများ၊ တရားရုံးတော်များ၊ ဘာသာ၊ နိုင်ငံတော်ဝန်ထမ်းများ၊ စာရင်းစစ်နှင့် စာရင်းကိုင် လက်နက်ကိုင်စစ်တပ်များ၊ အုပ်ချုပ်မှုစီမံရေး အဖွဲ့တို့ဖြစ်သည်။ “ဗမာဘာသာသည် ဗမာနိုင်ငံတော်သစ်၏ ရုံးသုံးဘာသာစကားဖြစ်ရမည် ” ဟူသော ပြဌာန်းချက်ပါရှိခဲ့ကြောင်း မှတ်သားဖွယ်တွေ့ရသည်။ လွမ်းဖွယ် ...။

 

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ မြန်မာနိုင်ငံတရားစီရင်ထုံးများ(၁၉၄၈- ၁၉၆၄)

 

ဒုတိယစာအုပ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ မြန်မာနိုင်ငံတရားစီရင်ထုံးများစာအုပ် ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် အစောဆုံးထုတ်ဝေခဲ့သော စီရင်ထုံးများမှာ လက်ရွေးစင်စီရင်ထုံးများ (Selected Judgements, 1872-1892) ဖြစ်သည်။ ထို့နောက် ပုံနှိပ်ထားသောစီရင်ထုံးများ ( Printed Judgements, 1893-1900) ကို ထုတ်ဝေခဲ့သည်။ ၁၈၉ဝ ပြည့်နှစ်တွင် အောက်မြန်မာပြည်၌ တရားရုံးချုပ် (Chief Court) ကို တည်ထောင်ခဲ့၍ အောက်မြန်မာ ပြည်စီရင်ထုံးများ (L.B.R) ကို ၁၈၉၀ ပြည့်နှစ်မှ ၁၉၂၂ ခုနှစ်အထိကာလအတွင်း အတွဲ ၁၁ တွဲ ထုတ်ဝေခဲ့သည်။ အထက်မြန်မာပြည်စီရင်ထုံးများ (U.B.R) ကို ၁၈၉၂ ခုနှစ်မှ ၁၉၀၉ ခုနှစ်အထိ ကာလအတွင်း လေးနှစ်တစ်ကြိမ် ထုတ်ဝေခဲ့သည်။ ပြစ်မှုများကို အတွဲ ၁၊ တရားမမှုများကို အတွဲ ၂ အဖြစ် ခွဲခြားထုတ်ဝေသည်။ ၁၉၁ဝ ပြည့်နှစ်မှစ၍ ၁၉၂၂ ခုနှစ်ကာလအတွင်း အတွဲ ၄ တွဲ ထုတ်ဝေခဲ့သည်။  ၁၉၁၀- ၁၉၁၃ ကာလအတွက် အတွဲ ၁၊ ၁၉၁၄-၁၉၁၆ ကာလအတွက် အတွဲ ၂၊ ၁၉၁၇-၁၉၂ဝ ကာလအတွက် အတွဲ ၃၊ ၁၉၂၀ - ၁၉၂၂ ကာလအတွက် အတွဲ ၄ ထုတ်ဝေခဲ့သည်။

 

၁၉၂၂ ခုနှစ်တွင် ရန်ကုန်၌ တရားလွှတ်တော် (High Court) ကိုတည်ထောင်ခဲ့သည်။ မြန်မာနိုင်ငံသည် ထိုစဉ်က အိန္ဒိယနိုင်ငံ၏ ပြည်နယ်တစ်ခုဖြစ်၍ စီရင်ထုံးများကို အိန္ဒိယစီရင်ထုံးများ ရန်ကုန် (Indian Law Reports, Rangoon Series) ဟူသောအမည်ဖြင့် ထုတ်ဝေခဲ့သည်။ ယင်း I.L.R.Ran စီရင်ထုံးများကို ၁၉၂၂ - ၁၉၂၃ ခုနှစ် ကာလမှစတင်၍ ၁၉၃၇ ခုနှစ်အထိ နှစ်စဉ်ထုတ်ဝေခဲ့ရာ အတွဲ ၁၄ တွဲရှိကြောင်း လေ့လာမှတ်သားရပါသည်။

 

၁၉၃၇ခုနှစ်၊ ၁၉၄၇ ခုနှစ်

 

မြန်မာနိုင်ငံကို အိန္ဒိယနိုင်ငံမှ ခွဲထုတ်လိုက်သည့် ၁၉၃၇ ခုနှစ်မှ ၁၉၄၇ ခုနှစ်အထိ ကာလအတွင်းမှု ဆိုင်ရာခုနှစ်ကို ဖော်ပြလျက် ရန်ကုန်စီရင်ထုံးများ (Rangoon Law Reports)အမည်ဖြင့် ဆက်လက်ထုတ်ဝေခဲ့သည်။ ခြွင်းချက်အားဖြင့် ၁၉၄၃ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ စစ်ကာလအတွင်းတွင် အဆိုပါ R.I.R စီရင်ထုံးများကို ထုတ်ဝေခဲ့ခြင်းမရှိပေ။ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် ၁၉၄၈ ခုနှစ်မှ စ၍ မြန်မာနိုင်ငံတရားစီရင်ထုံးများ (B.L.R) ကိုနှစ်စဉ် ထုတ်ဝေသည်။ ၁၉၄၈ ခုနှစ် စီရင်ထုံးတွင် တရား လွှတ်တော်ချုပ်နှင့် တရားလွှတ်တော်ချုပ်တို့၏စီရင်ထုံး များကို တပေါင်းတည်းထုတ်ဝေခဲ့သည်။

 

ကျစ်လျစ်အနှစ်သာရရှိသော

 

“ဤရုံးတော်သည် ပါလီမန်က ပြဋ္ဌာန်း၍ထားသော အက်ဥပဒေအတိုင်းသာလျှင် ပြဿနာများကို ဖြေဆိုရ၏။ သို့ဖြေဆိုခြင်းသည်လည်း ပါလီမန်ကို စင်စစ်ဧကန်အမှန် လေးစားခြင်းပင်ဖြစ်၏။ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ကျေးဇူးသစ္စာတော်ကို တာဝန်ဝတ္တရားအတိုင်း စောင့်သိ ရိုသေခြင်းပင် ဖြစ်၏”ဟူ၍(၁၉၅၂ခုနှစ်လွှဲအပ်မှုအမှတ်(၁) တွင် နိုင်ငံတော်တရားဝန်ကြီးချုပ် ဦးသိမ်းမောင်း လွှတ်တော် တရားဝန်ကြီး ဦးထွန်းဖြူနှင့် ဦးသောင်းစိန်တို့က ရေးသားဆုံးဖြတ်ခဲ့သည်။ နိုင်ငံတော်သမ္မတ ရွေးကောက်ပွဲကိစ္စ နှင့်စပ်လျဉ်း၍ ပေါ်ပေါက်သောပြဿနာကို ဆုံးဖြတ်ချက်ရ ယူရန် လွှဲအပ်မှုဖြစ်သည်။ အဂ္ဂမဟာသရေစည်သူ ဥပဒေပါရဂူ ဦးဘဦး(အရွေးခံသူ) နှင့် ဦးချစ်လှိုင်(လွှဲအပ် ရန်တောင်းဆိုသူ) အမှုတွင် ကျစ်လျစ်အနှစ်သာရရှိသော ဆုံးဖြတ်ချက်ကို ကျွန်တော်ဖတ်ရသည်။ လွန်စွာတန်ဖိုး ကြီးမား၍ ယနေ့လူငယ်များလေ့လာဖတ်ရှုလိုက်ပါသည်။

 

မျက်မှောက်ကာလ

 

မျက်မှောက်ကာလ၌ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် မြန်မာနိုင်ငံတရားစီရင်ထုံးများကို နှစ်အလိုက် စဉ်ဆက်မပြတ် ထုတ်ဝေလျက်ရှိသည်။ ။

 

၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြု ပြဋ္ဌာန်းခဲ့ပြီးနောက် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြဿနာများအတွက် တင်သွင်းလာသည့်ကိစ္စရပ်များကို ကြားနာစစ်ဆေး ဆုံးဖြတ်နိုင်ရန်နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကို နိုင်ငံတော်သမ္မတရုံး၏ ကြေညာချက် အမှတ် ၄/၂၀၁၁ ဖြင့် ၃၀-၃-၂၀၁၁ ရက်နေ့တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည်။ လိုအပ်သော ခုံရုံးစီရင်ချက်စာအုပ်များလည်း ထုတ်ဝေခဲ့သည်။

 

နိဂုံး

 

(၁) လယ်သမားမှန်လျှင် တံစဉ်ရှိစမြဲ။

(၂) အလုပ်သမားမှန်လျှင် တူ ရှိစမြဲ။

(၃) ရှေ့နေမှန်လျှင် ဥပဒေစာအုပ် ရှိစမြဲ။

(၄) စွဲကိုင်သောလက်နက်သည် မည်သူ့အတွက်လဲ။

(၅) ဝေခွဲ ကျင့်သုံးနိုင်ကြပါစေကြောင်း .....။ ။

 

ကြေးမုံ