ရေနံချောင်းမြို့ နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားပင်စင်လစာများ ကျန်းမာရေးလမ်းညွှန် ချက်များနှင့်အညီ စနစ်တကျထုတ်ပေး

ရေနံချောင်း  ၂၅  နိုဝင်ဘာ

 

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားပင်စင်လစာ လာရောက်ထုတ်ယူသူများအား COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန်အတွက် နိုဝင်ဘာ ၂၅ ရက်နေ့က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ပင်စင်လစာများ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

 

ပင်စင်လစာများထုတ်ပေးရာ၌ လူစုလူဝေးမဖြစ်ပေါ်စေရန်အတွက် နိုဝင်ဘာ ၂၃ ရက်နေ့မှ ၂၆ ရက်နေ့ အထိ ရေနံချောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အငြိမ်းစားဝန်ထမ်းများအား နေ့ရက်များအလိုက် နံနက် ၇ နာရီခွဲမှ  မွန်းလွဲ ၃ နာရီအချိန်ထိ ထုတ်ပေးလျက်ရှိကြောင်းနှင့် သတ်မှတ်ရက်များတွင် လာရောက်ထုတ် ယူခြင်းမရှိသော အငြိမ်းစားဝန်ထမ်းများသည် ဒီဇင်ဘာလဆန်းတွင် ဘဏ်လုပ်ငန်းချိန်အတွင်း ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့စီးပွားရေး ဘဏ်မန်နေဂျာထံမှ သိရသည်။

 

ယင်းသို့ပင်စင်လစာများထုတ်ပေးရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များ နှင့်အညီ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် စနစ်တကျရှိစေရန် ဘဏ်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက နှာခေါင်းစည်းများတပ်ဆင်ပေးခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်ဆေးပေးခြင်း၊ အပူချိန်တိုင်း​ခြင်း၊ တစ်ဦးနှင့်တစ်ဦးခြောက်ပေအကွာမှ တန်းစီစောင့်ဆိုင်းစေခြင်းနှင့် သက်ကြီးရွယ်အိုများအား ကူညီပေးခြင်းတို့ ဆောင်ရွက်ပေးလျက်ရှိသည်။

 

မြို့နယ်ပြန်/ဆက်