ရေနံချောင်းမြို့၌ မြန်မာ့ရိုးရာမုန့်ပွဲတော် ကျင်းပ

ရေနံချောင်း ၂၂ ဇူလိုင် 


မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့၌ ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက၏ ရွှေပါရမီကျန်းမာရေးဖောင်ဒေးရှင်းမှ ပြုလုပ်သော မြန်မာ့ရိုးရာမုန့်ပွဲတော်ကို ယနေ့မွန်းလွဲ ၂ နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းဝန်း၌ ပြုလုပ်သည်။


အဆိုပါမုန့်ပွဲတော်ကို ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက၊ ရွှေပါရမီဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးရှိန်ဝင်း၊ အထက(၁) ကျောင်းအုပ်ဆရာကြီး ဦးညွှန့်ဝေတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် ရွှေပါရမီ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးရှိန်ဝင်းက မုန့်ပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ကျောင်းအုပ်ဆရာကြီးက ဝမ်းသာပီတိစကားပြောကြားသည်။


ဆက်လက်၍ မြန်မာ့ရိုးရာမုန့်ပွဲတော်တွင် သန့်ရှင်းပြီး အရသာရှိသောမုန့်များအား ဆရာတော်နှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးသည်။ ထို့နောက် ဆရာတော်က နဝဒေးခန်းမတွင် ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများအား  သြဝါဒစကားမြွက်ကြားတော်မူသည်။


မြန်မာ့ရိုးရာမုန့်ပွဲတော်တွင် မြန်မာမုန့် ၂၂ မျိုးပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဓာတုဆိုးဆေးများပါဝင်သော မုန့်များအစား မြန်မာမုန့်များကို စားစေလိုသောရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။


ကိုစိုးကြီး

 

DSC