ရေနံချောင်း၌ ဒန့်သလွန်သီး စိုက်ပျိုးရောင်းချသူများ ဝင်ငွေရရှိနေ

ရေနံချောင်း၊ ဇန်နဝါရီ ၁၉

 

အညာဒေသတွင် ဒန့်သလွန်ပင်ကို နေအိမ်ခြံဝန်းများ၌ တစ်ပိုင်တစ်နိုင်အဖြစ် စိုက်ပျိူးလာကြကာ ခူးစွတ်ရောင်းချခြင်းဖြင့် ဝင်ငွေရရှိကြောင်း ရေနံချောင်းမြို့နယ် ဒန့်သလွန်စိုက်ပျိုးသူများထံက သိရသည်။

 

“အသီးလှိုင်လှိုင် မရသေးဘူး။ ကုန်စိမ်းစျေးကွက်မှာက လက်လီဝယ်သူများတာကြောင့် ယခင်နှစ်က ဒန့်သလွန်သီး ရှစ်တောင့်ပါ တစ်စည်းကို ၃၀၀ ကျပ်ရှိပြီး လက်ကားစျေးမှာ ဒန့်သလွန်သီး (၅၀)တောင့်ကို ၁၅၀၀ ကျပ်ရောင်းခဲ့ရာကနေ လက်ရှိ တစ်စည်းကို ငွေကျပ် ၅၀၀ ရောင်းရတယ်။ လက်ကားစျေးကလည်း ကျပ် ၂၅၀၀ ဝယ်ရတယ်” ဟု ဒန့်သလွန်သီးဝယ်သည့် အမျိုးသားတစ်ဦးက ပြောသည်။

 

အညာဒေသ၌ ဒန့်သလွန်ပင်ကို ဒေသမျိုးနှင့် အိန္ဒိယဒန့်သလွန်မျိုးဟူ၍ ရှိသော်လည်း ဒေသမျိုးကိုသာ စိုက်ပျိုးသူများကြောင်း၊ ဒေသမျိုးမှာလည်း မြေအနေအထားပေါ်မူတည်၍ အသီးကြီးထွားမှု အသေးအကြီးနှစ်မျိုးထွက်ရှိကြောင်း သိရသည်။

 

ဒန့်သလွန်သီးကို လက်ကားဝယ်ယူသူများမှ ဆိုင်ကယ်ဖြင့် ချောက်မြို့နယ်၊ ရေနံချောင်းမြို့နယ်အတွင်း ရပ်ကွက်များကို လိုက်လံဝယ်ယူပြီး ရန်ကုန်၊ မန္တလေး တင်ပို့ကြောင်း သိရသည်။

 

မျိုးမြင့်သူ