ရေနံ့သာ ခင်ခင်ကြီး

မောင်သိန်းဆိုင်

ယမန်နေ့မှအဆက်
[၄]
သမီးယောက်မနှစ်ယောက်      နန်းကန္နရီ၏ ဖြစ်စဉ်ကို ဆွေးနွေးကြသည်။ တိုင်ပင်ကြသည်။ ဒေါ်ဝင်းရီက နန်းကိန္နရီ၏ဖြစ်စဉ်ကို   သူကြားခဲ့ရ သည့်အတိုင်း  တစ်လုံးမကျန် ပြန်လည်ဖောက် သည်ချခဲ့သည်။   ဒေါ်ရေနံ့သာ   ခင်ခင်ကြီးသည် ဒေါ်ဝင်းရီပြောပြသမျှကို  စူးစူးစိုက်စိုက်နားထောင် သည်။ အာရုံဝင်စားမိပုံရသည်။
သို့နှယ်ဖြင့် ယခုအခါ ဒေါ်ရေနံ့သာခင်ခင်ကြီး ၏   ဘဝဖြစ်စဉ်ကိုလည်း     နန်းကိန္နရီ  သိခဲ့ရပြီ။ နန်းကိန္နရီ၏   ဘဝဖြစ်စဉ်ကိုလည်း   ဒေါ်ရေနံ့သာ ခင်ခင်ကြီး    သိခဲ့ရပြီ။   တစ်ယောက်၏ဘဝကို တစ်ယောက် နားလည်လာမိကြပြီဟု ဆိုနိုင်သည်။ တစ်ယောက်အပေါ်တစ်ယောက်   ပိုမိုတွယ်တာ ခြင်းလည်း ရှိလာသည်။
နောက်တစ်နေ့နံနက်တွင် နန်းကိန္နရီ မေးသည်။ 
“ဘုရားကြီးတိုက်ကို သွားဦးမှာလားဟင်” 
“နေပေစေတော့ အရီ၊ မသွားတော့ဘူး” 
ဒေါ်ရေနံ့သာခင်ခင်ကြီး ဆိုသည်။
နောက်ပိုင်းတွင် ဘုရားကြီးတိုက်သို့ မသွားခြင်း နှင့် စပ်လျဉ်း၍ ဒေါ်ဝင်းရီ မေးစမ်းကြည့်သည်။
“ဘယ်လိုဖြစ်ပြီး စိတ်ပြောင်းသွားတာလဲ ညီမ။ ဘာဖြစ်လို့ ဘုရားကြီးတိုက်ကို မသွားတော့တာလဲ ဟင်”
“ခင်ကြီးမှာ အကြံတစ်ခုရှိလို့ပါ” 
ဒေါ်ရေနံ့သာ ခင်ခင်ကြီး ထိုမျှသာပြောသည်။
အမှန်ပင်၊  ဒေါ်ရေနံ့သာ  ခင်ခင်ကြီး၌  အကြံ အစည်တစ်ခုရှိသည်။    ထိုနေ့   နေ့လယ်ပိုင်းက ဒေါ်ရေနံ့သာခင်ခင်ကြီး အိမ်မှ ထွက်သွားသည်။
ဗိုလ်မှူးညိုထွန်းရှိရာ နန်းမြို့တွင်းသို့ အလျင်ဝင် သည်။
“ခင်ကြီးနဲ့  ခဏလိုက်ခဲ့စမ်းပါ  အစ်ကိုထွန်း” ဆိုကာ ဗိုလ်မှူးညိုထွန်းကို ခေါ်လာခဲ့သည်။
“ဘယ်သွားမှာလဲ  ညီမ။ ညီမကိုကြည့်ရတာ အရေးတကြီး နိုင်လိုက်တာ”
လမ်းတွင် ဗိုလ်မှူးညိုထွန်း မေးသည်။
“အသာကလေးလိုက်ခဲ့စမ်းပါ။ ငြိမ်ငြိမ်ကလေး နေစမ်းပါ။  ခင်ကြီး  ဘာလုပ်တယ်ဆိုတာသာ ကြည့်နေ”
ဗိုလ်မှူးညိုထွန်းသည်   နောက်ထပ်မမေးတော့ ဘဲ   ဒေါ်ရေနံ့သာခင်ခင်ကြီး   ခေါ်ဆောင်ရာသို့ လိုက်ပါလာသည်။
ရေနံ့သာခင်ခင်ကြီးလာခဲ့သော နေရာမှာ - 
ဥယျာဉ်တန်း။    
တစ်နေရာသို့အရောက်၌ ဒေါ်ရေနံ့သာခင်ခင်ကြီး မော်တော်ကား တံခါးပေါက်မှ ခေါင်းပြူထွက်ရင်း လမ်းဘေး၌ ကစားနေသည့်ကလေးတစ်ယောက် ကို မေးသည်။
“ဒီမယ် ကလေး၊ ဒေါ်ဖြူပြာတို့အိမ် ဘယ်အနား မှာလဲ ဟင်”
သူ၏အမေးကို  ကလေးက  အကစားမပျက် ဖြေသည်။
“ဒေါ်ဖြူပြာ မရှိတော့ဘူးခင်ဗျ” 
“ဟင်” 
“ဒေါ်ဖြူပြာ ဆုံးသွားပြီ”
ဒေါ်ရေနံ့သာ ခင်ခင်ကြီး အစဉ်းစားရခက်သလို ဖြစ်သွားသည်။
“သူ့ညီမတွေတော့ရှိတယ်။ သူတို့အိမ်က ဟိုမှာ”
ကလေးညွှန်ပြသောအိမ်မှာ လမ်းထိပ်တွင်ရှိသည်။ အိမ်အိုကြီးတစ်လုံးပင်။ ဘုန်းကြီးကျောင်းလိုလို ဇရပ် လိုလို  ပုံစံမျိုးရှိသည်။ ဘုံအဆင့်နှင့် စိန်တောင်နှင့်။ ကနုတ်ကွက်နှင့် ပန်းဆွဲနှင့်။
“ကျေးဇူးပဲကလေး”ဆိုကာ   ဒေါ်ရေနံ့သာ ခင်ခင်ကြီး    ကားကို   ဆက်မောင်းလာသည်။  အိမ်အိုကြီးရှေ့တွင် ရပ်လိုက်သည်။
မိမိတို့အိမ်ရှေ့သို့  မော်တော်ကားတစ်စီးဆိုက်လာ သည်။ ကားပေါ်မှ ဝတ်ကောင်းစားလှ ဝတ်ထားသော မိန်းမတစ်ယောက်နှင့် စစ်ဗိုလ်တစ်ယောက်ဆင်းလာ သည်။  သူတို့နှစ်ယောက် အိမ်ပေါ်သို့ တန်းတန်းမတ်မတ် တက်လာသည်။ ဤသည်များကို ဝရန်တာမှနေကာ ဒေါ်သူဇာ  တအံ့တသြ   ကြည့်နေသည်။ စိတ်မှာ ထူးခြားဆန်းကြယ်သလို ခံစားရသည်။
မျက်စိမှုန်နေပြီဖြစ်သော ဒေါ်သူဇာသည် အိမ်ပေါ် တက်လာသူများကို   သူစိမ်းများဟု  မထင်။ အသိ အကျွမ်းထဲကပဲဖြစ်မည်။ မိမိမျက်စိက မကွဲပြား၍သာ မည်သူမည်ဝါဟုမသိခြင်း ဖြစ်မည်ထင်သည်။ ကား နှင့် ဘာနှင့် လာသည်ဆိုတော့လည်း စိတ်မှာ အလိုလို ဖော်ဖော်ရွေရွေ ရှိနေမိသည်။
ထို့ကြောင့်ပင် လိုလိုချင်ချင် ခရီးဦးကြိုပြုမိသည်။ 
“လာကြပါ။ လာကြပါ” 
ဒေါ်သူဇာက ပျာပျာသလဲဆိုသည်။
ဧည့်ခန်းဆီသို့ ဦးဆောင်ခေါ်ငင်လာခဲ့သည်။ နေရာ ထိုင်ခင်းပေးသည်။   နေရာတကျ   ထိုင်မိလေမှ ဧည့်သည်များကို    သေသေချာချာ   ကြည့်မိသည်။
 ထိုအ ခါ တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးသူများဖြစ်ကြောင်း တွေ့ရသည်။
အခန်းတစ်ခန်းမှ     ဒေါ်မူယာထွက်လာသည်။ ဒေါ်မူယာကိုယ်တိုင်သည်လည်း ဘယ်သူဘယ်ဝါမှန်း မသိ။ အကဲခတ်သလို ကြည့်နေသည်။ 
“ကျွန်မနာမည် ရေနံ့သာခင်ခင်ကြီးပါ” 
ဒေါ်ရေနံ့သာခင်ခင်ကြီး ဆိုသည်။ 
“ဘာရယ်”
သူ၏စကားကို အမျိုးသမီးကြီးများ နားမလည် လိုက်။
“ထားပါလေ။ ကျွန်မနာမည် ဘယ်သူဘယ်ဝါဆိုတာ အရေးမကြီးပါဘူး။ ဒေါ်ဒေါ်တို့အနေနဲ့ ဒီလမ်းထဲမှာ နေသွားဖူးတဲ့   နန်းကိန္နရီ   အဲ  တင်တင်ရီဆိုတဲ့ ကလေးမလေးကို သတိရမိသေးသလားဟင်”
“တင်တင်ရီ”
အဘွားကြီးနှစ်ယောက်စလုံး   ယင်းအမည်ကို ပြိုင်တူဆိုလိုက်ကြသည်။
“ဟုတ်တယ်။ သူ့ကိုမှတ်မိသေးတယ်မဟုတ်လား”
သည်တွင် ဒေါ်မူယာသည် ဒေါ်ရေနံ့သာခင်ခင်ကြီး တို့အပါးမှာ လာထိုင်သည်။
“မှတ်မိတာပေါ့။ ဒါထက် သူဇာ။ မနေ့ကတောင် သူတို့များ လမ်းထဲကိုလာသေးတယ်ဆို။ သုံးလေးနှစ် အတွင်း ပထမဆုံးအကြိမ် ပြန်ရောက်လာတယ်ဆို”
“ကျွန်မလည်း ကြားရုံသာ ကြားလိုက်ရတာပါ။ မမြင်လိုက်မိဘူး။  ဒီကလေးမ အတော်ရိုင်းတာပဲ၊ တကယ်ဆို ဒီရောက်မှ တို့အိမ်တော့ လာသင့်တာပေါ့။ မဟုတ်လား”
“ဒါတော့အေ။ ဒီလမ်းထဲလာရတာကိုပဲ ရှက်ချင် ရှက်နေမိမှာပေါ့။   တစ်ချိန်ကအဖြစ်တွေ  ပြန်တွေး ရင် လာချင်စရာမှမရှိဘဲ”
အဘွားကြီးနှစ်ယောက် အချီအချပြောနေသည်ကို ဒေါ်ရေနံ့သာခင်ခင်ကြီး     စိတ်ရှည်လက်ရှည် စောင့်သည်။
“ဒါထက် မိန်းကလေးက သူ့အကြောင်းကို ဘာလို့ သိချင်ရတာလဲ ဟင် ”
ထုံးစံအတိုင်း ဒေါ်စပ်စုတို့က စပ်စုလာကြသည်။
“ကျွန်မတို့မှာ အကြောင်းရှိလို့ပါ။ ဘာအကြောင်း ရယ်လို့တော့ ပြောရခက်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် ကျွန်မဘာဖြစ်လို့ သူ့အကြောင်းသိချင်တယ်ဆိုတာ ကို မေ့ထားပြီး သူ့အကြောင်း နည်းနည်းပါးပါးလောက် ပြောပြပါလားဟင် ”
ဒေါ်သူဇာတို့၏ ညိုမွဲနေသောမျက်ဝန်းများသည် ဒေါ်ရေနံ့သာခင်ခင်ကြီး၏ကားကြောင့် ပြောင်လက် လာသည်။  စိတ်ဝင်တစား   ရှိရသည်ဆိုခြင်းကို မျက်လုံးများက ဖော်ပြနေသည်။ စပ်စုခွင့်မရအောင် ပိတ်၍ ပြောထားသောစကားကြောင့် ခက်နေသည်။ 
တော်ရုံလျော်ရုံ     လူတစ်ယောက်သာဆိုပါက  ဒေါ်သူဇာတို့    ပြောပြရန်    ငြင်းဆန်လွှတ်လိုက်မှာ သေချာသည်။  ယခုမူ  ရုပ်ရည်က  ရည်မွန်သည်။ ဝတ်ကောင်းစားလှနှင့်    အဖိုးတန်ရတနာများ 
ဆင် ယင် ထားသော    မိန်းမတစ်ယောက်ဖြစ်နေသည်။ ယင်းအဟန့်များကြောင့် မငြင်းဆန်ဖြစ်ဘဲရှိရသည်။
“သူ့အကြောင်းကို ဘယ်ကစသိချင်သလဲ”
“ဒေါ်ဒေါ်တို့ သူ့ကိုစတွေ့တဲ့အချိန်ကနေ သူ ပျောက်ဆုံးသွားတဲ့အထိပေါ့” 
ဒေါ်မူယာ   ချောင်းဟန့်သည်၊   လည်ချောင်း ရှင်းသည်။ စင်စစ် သည်အဖြစ်ကို ဒေါ်သူဇာကိုယ်၌ ကလည်း ပြောပြလိုလျက်ရှိကြောင်း တွေ့ရသည်။
ဒေါ်မူယာက  သူစတင်တွေ့ရှိခဲ့ရသော  တင်တင်ရီ ၏အကြောင်းကို      ပြောပြသည်။ တင်တင်ရီတို့သား အမိသည် လမ်းသို့ရောက်လာသည်မှ တင်တင်ရီ ထွက်ပြေးသည်အထိ    ဖြစ်သည်။      သူမေ့ကျန်ခဲ့ သော အချက်တို့ကို ဒေါ်သူဇာက ဖြည့်စွက်သည်။  တစ်ခါတစ်ရံ  ဒေါ်သူဇာကပင် ဇာတ်လမ်းစဉ်ကို   ဆက်၍ပြောသည်။  ထိုအခါ ဒေါ်မူယာက စကားလု၍ ပြောတတ်လေသည်။
ဒေါ်မူယာပြောပြခဲ့သော တင်တင်ရီ၏အကြောင်း မှာ ဒေါ်ဝင်းရီပြောပြသည်နှင့် အတူတူပင်ဖြစ်သည်။ ထပ်တူထပ်မျှဖြစ်သည်။ ဒေါ်ဝင်းရီပြောပြသမျှတို့ နှင့် ကွဲပြားခြားနားသည့်အချက်မှာ ဒေါ်မူယာတို့ အနေနှင့် သူတို့ထင်မြင်ချက်အတိုင်း ဖြည့်စွက်ခဲ့ သော   အချက်တို့သာလျှင်   ဖြစ်ပေသည်။ ကျန် အချက်များ၌ ယေဘုယျအားဖြင့် တူညီကြသည်။
ဒေါ်ရေနံ့သာခင်ခင်ကြီးသည် သည်အကြောင်းကို ပထမအကြိမ် ကြားသိပြီးဖြစ်၍ ယခုတစ်ကြိမ် နားထောင်ရစဉ်၌ စိတ်မှာမဆန်းလှ။
ဗိုလ်မှူးညိုထွန်းအဖို့တွင်မူ သူ နန်းကိန္နရီအနေ နှင့်  သိထားရသော  တင်တင်ရီ၏အကြောင်းကို ပထမဆုံးအကြိမ်  ကြားရခြင်းဖြစ်ရာ  တအံ့တသြ ကြီးဖြစ်နေသည်။  စိတ်ဝင်တစား  နားထောင်နေ သည်။
သို့ဖြင့် နန်းကိန္နရီသည် သူ၏ဖြစ်စဉ်ကို ဒေါ်ဝင်း ရီအားပြောပြရာ၌ အပိုအလိုမရှိပါ။ အညာအလှိုင်း မပါ။ တကယ်တမ်း မှန်မှန်ကန်ကန် ပြောပြခဲ့ခြင်း ဖြစ်ကြောင်း   ဒေါ်ရေနံ့သာ  ခင်ခင်ကြီး  သိရှိလာ သည်။ အဖြစ်မှန်အတိုင်းဖြစ်ကြောင်း နားလည်လာ သည်။ သည်တော့လည်း နန်းကိန္နရီ၏ ရိုးသားသော စိတ်ထားကို ချီးကျူးမိသည်။ 
“တို့များပြောတာကို မယုံသေးရင်၊ ဒါမှမဟုတ် မပြည့်စုံသေးဘူးထင်ရင် သူ့မိထွေး မအေးမြရှိတယ် သွားမေးပါဦးလား”
စကားအဆုံးတွင် ဒေါ်မူယာဆိုသည်။ ဤသည်ကို ဒေါ်ရေနံ့သာခင်ခင်ကြီး ခါးခါးသီးသီး ငြင်းပယ်မိ လေသည်။
“အဲဒီမိန်းမ အခု ဘယ်လိုဖြစ်နေသလဲဟင်” 
သည်မျှကိုတော့ မေးမိသည်။ 
“သူ  မျောက်မထားတဲ့ကောင်လေးက  တခြား မိန်းမတစ်ယောက်နဲ့  လက်ထပ်သွားတယ်၊  သူ့ ယောက်ျားကလည်း ဘုန်းကြီးဝတ်သွားတယ်လေ၊ ဒီကတည်းက ကောင်မ မာနကျသွားခဲ့တာပေါ့ ”
ဒေါ်ရေနံ့သာခင်ခင်ကြီးမှာ   မအေးမြအတွက် သက်ပြင်းရှိုက်လိုက်မိသည်။
“ဒါထက်  ဒေါ်ဒေါ်တို့ဆီမှာ  တင်တင်ရီပေါင်ခဲ့တဲ့ ပစ္စည်းတွေ ရှိသေးသလားဟင်”
ဒေါ်ရေနံ့သာခင်ခင်ကြီး၏အမေးကြောင့် အဘွား ကြီးများ တုန်လှုပ်သွားသည်။ စင်စစ် သူတို့ပြော သောစကားများထဲတွင်    ယင်းအကြောင်းမပါခဲ့။ တင်တင်ရီနှင့်   မိမိတို့အကြောင်းကို  တစ်နည်း မဟုတ်တစ်နည်းဖြင့်        သိထားခဲ့ပေလိမ့်မည်ဟု တွက်မိကာ အဘွားကြီးများ တုန်လှုပ်သွားရခြင်း ဖြစ်သည်။
“တစ်ခုတလေတော့ ရှိဦးမလားပဲ။ မိန်းကလေး တွေ့တဲ့အတိုင်း   တို့များက   ခေါင်းဖြူစွယ်ကျိုး ဖြစ်နေပြီမဟုတ်လား။  ဟိုတုန်းကဟာကလေးတွေ ရောင်းချစားရင်း       အသက်ရှင်နေရတာကလား။ ဒီတော့      ဘယ်သူ့ပစ္စည်းရယ်လို့သတ်မှတ်ပြီး        ချန်မထားနိုင်ခဲ့ဘူး”
ဆက်လက်ဖော်ပြပါမည်။