ရွှေဖရုံသီးအပါအဝင် သီးနှံစုံဈေးနှုန်းများ မြင့်တက်နေသဖြင့် တောင်သူများအဆင်ပြေ

ဒီဇင်ဘာ ၇

 

ရွှေဖရုံသီးအပါအဝင် သီးနှံစုံဈေးနှုန်းများ မြင့်တက်နေသဖြင့် တောင်သူများအဆင်ပြေနေကြောင်း မကွေးတိုင်းဒေသကြီးရှိ သီးနှံစုံစိုက်ပျိုးထုတ်လုပ်သူများထံမှ သိရသည်။

 

"ဘာဖြစ်လို့ဈေးတက်လဲဆိုတော့ ရောဂါအခြေအနေနဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် တောင်သူတွေကလည်း မြေဩဇာဈေးတွေကြီးတော့ သိပ်ပြီးမစိုက်ပျိုးနိုင်ကြတော့ဘူးလေ။ မြေဩဇာဈေးက နှစ်ဆတက်နေတာလေ။ ခရမ်းချဉ်သီးတစ်ပိဿာကို ဖောက်သည်ဈေး ကျပ် ၂၀၀၀ ဝန်းကျင်ဖြစ်နေပြီလေ။ အရင်ဒီအချိန်ဆို တစ်ပိဿာမှ တစ်ထောင်ကျပ်ပဲ ရခဲ့တယ်။ ရွှေဖရုံသီးဆိုလည်း ဈေးတအားကောင်းတော့ စိုက်ထားသူတွေက တွက်ခြေကိုက်နေပါတယ်"ဟု မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မှ သီးနှံစုံစိုက်ပျိုးထုတ်လုပ်နေသူ ကိုဟန်ဇော်သက်က ပြောသည်။

 

၂၀၂၀ ခုနှစ်က ရွှေဖရုံသီး တစ်ပိဿာလျှင် ရန်ကုန်အရောက်ပို့ဈေး ၁၅၀ ကျပ် ဝန်းကျင်သာ ဈေးနှုန်းရှိခဲ့ပြီး ယခုအခါ ရွှေဖရုံသီး တစ်ပိဿာလျှင် ၃၇၀ ကျပ် ရရှိနေကြောင်း သိရသည်။

 

"ပန်းဈေးတွေဆိုလည်း တအားတက်နေတယ်။ ကျွန်တော်က ဂန္ဓမာပန်းလည်းစိုက်တယ်လေ။ စိုက်ပျိုးသူနည်းတဲ့အတွက် ဒီနှစ်ကတော့ တခြားသီးနှံနဲ့ ဟင်းသီးဟင်းရွက်တွေလည်း ဒေသအလိုက် သူ့ဈေးကွက်နဲ့သူ ဈေးကောင်းရနေပါတယ်။ ရွှေဖရုံသီးကတော့ အခုရက်မှာပဲ ထပ်ခူးရဦးမယ်။ ဈေးကတော့ နှစ်ဆကျော်တက်နေတော့ ပိုအဆင်ပြေတာပေါ့"ဟု ၎င်းက ဆက်လက်ပြောသည်။

 

မြန်မာနိုင်ငံတွင် ရွှေဖရုံသီးကို တစ်အိုးချက်ရွှေဖရုံသီး၊ ဒင်္ဂါးကြီး၊ ကျောက်စိမ်း၊ ရွှေဝါ စသည့် ရွှေဖရုံသီးမျိုးများကို အဓိကစိုက်ပျိုးထုတ်လုပ်နေပြီး နှစ်စဉ် မေလနှင့် အောက်တိုဘာလတို့တွင် စိုက်ပျိုးလေ့ရှိကြသည်။

 

နန်းထက်ထက်ချစ်