ရေတာရှည်မြို့နယ်အတွင်းမှ မိုးစပါးရိတ်သိမ်းပြီးသည့် လယ်ကွက်များ၌ ရွှေ့ပြောင်းဘဲမွေးမြူသူများ အဆင်ပြေနေ

ရေတာရှည်  ၈  ဇန်နဝါရီ

 

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်အတွင်း မိုးစပါးရိတ်သိမ်းပြီးသော လယ်ကွက်များထဲမှ နွေစပါးစိုက်ပျိုးနိုင်ခြင်း မရှိသော လယ်ကွက်များတွင် အနယ်နယ်အရပ်ရပ်မှ ရွှေ့ပြောင်းဘဲမွေးမြူသူများ လာရောက်၍ ဘဲမွေးလျက်ရှိပြီး စပါးစေ့ အကြွင်းအကျန်များကြောင့် ဘဲစာအတွက်အဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

“ကျွန်တော်တို့က ပဲခူးအရှေ့ဘက် သနပ်ပင်မြို့နယ်ကပါ၊ ကျွန်တော်တို့ဘက်မှာက ငါးကန်တွေများတော့ မွေးတဲ့ဘဲတွေ အတွက် နေရာနဲ့ အစာအတွက် အခက်အခဲအများကြီးရှိတယ်။ ဒီဘက်မှာကျတော့ မိုးစပါးခင်းရိတ်ပြီးသားတွေမှာ ဘာမှလည်း ထပ်မစိုက်ကြတော့ ဘဲတွေအတွက် နေရာထိုင်ခင်းကောင်းသလို အစာအတွက်လည်း စရိတ်အများကြီး သက်သာသွားတယ်၊ ဘဲအကောင်ရေ ရှစ်ထောင်ကျော် မွေးထားတာ နှစ်ထောင် ကျော်က ဥတော့မှာ၊ ကျန်တဲ့အကောင် ခြောက်ထောင်လောက်က နောက်တစ်လလောက်ဆို ဥရပြီ၊ ဒီကပြီးရင် ကျွန်တော်တို့က ရွှေဘိုဘက်ကို ထပ်ရွှေ့မှာ၊ ရလာတဲ့ဥတွေကို မရောင်းဘူး၊ ဘဲပြန်ဖောက်မှာ”ဟု ရွှေ့ပြောင်းဘဲမွေးမြူရေး လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

 

ဥစားအတွက် စီးပွားဖြစ် ဘဲမွေးမြူသူများ အနေဖြင့်လည်း လက်ရှိဈေးကွက်တွင် ဥတစ်လုံးလျှင် ကျပ် ၁၈၀ မှ ၂၀ဝ အထိ ရောင်းချရလျက်ရှိသဖြင့် ဈေးကွက်ကောင်းမွန်ပြီး အဆင်ပြေလျက် ရှိနေကြောင်း ၎င်းက ဆက်လက်ပြောပြသည်။

 

ထို့အတူ စပါးစိုက်ပျိုးကြသည့်တောင်သူများ အနေဖြင့်လည်း တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိ နိုင်ရန်အတွက် ယခုကဲ့သို့ မိုးစပါးရိတ်သိမ်းပြီး နွေစပါးပြန်မစိုက်သည့် လယ်မြေများ၌ ဘဲမွေးမြူနိုင်လျှင် စီးပွားရေးကို များစွာအထောက်အကူပြု နိုင်မည်ဖြစ်သည့်အတွက် ဘဲမွေးမြူကြစေလိုကြောင်း အဆိုပါ ဘဲမွေးမြူသူကပင် အကြံပြု ပြောကြားသည်။

 

သန်းလွင်