ရွှေတိဂုံစေတီတော် အဆင့်မြင့်ယဉ်ကျေးမှုသင်တန်း အမှတ်စဉ် (၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

 

ရန်ကုန် ဩဂုတ် ၄

 

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ကြီးမှူးဖွင့်လှစ်သည့် အဆင့်မြင့်ယဉ်ကျေးမှု သင်တန်းအမှတ်စဉ် (၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရွှေတိဂုံစေတီတော် မြောက်ဘက်မုဒ်ရှိ ဦးဘိုးသောင်း တန်ဆောင်း၌ ကျင်းပသည်။

 

အခမ်းအနားတွင် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဦးအမ်းယုမောင်က မြန်မာ့ယဉ်ကျေးမှု ထုံတမ်းစဉ်လာများနှင့် စပ်လျဉ်း၍ ဂုဏ်ယူဝမ်းမြေက် အမှာစကား ပြောကြားပြီး သင်တန်းနည်းပြဆရာကြီး ဦးဟန် (မဟာသဒ္ဓမ္မဇောတိကဓဇ) က သင်တန်းဖွင့်လှစ် သင်ကြားရခြင်းနှင့် ပက်သက်၍ မုဒိတာစကား ပြောကြားသည်။

 

အဆိုပါသင်တန်းသို့ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကရုံးမှ ဝန်ထမ်းများနှင့် ဝေယျာဝစ္စလုပ်ငန်းများမှ သင်တန်းသား/ သင်တန်းသူ (၃၄) ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ယနေ့မှ ဩဂုတ် ၁၇ ရက်အထိ ရက်သတ္တပတ် နှစ်ပတ်ဖြစ်ကြောင်း သိရှိရသည်။

 

သတင်းစဉ်