ရီးရဲမက်ဒရစ်တွင် ဂါရတ်ဘေးလ် ဆက်ရှိနေမည်ဟု ၎င်း၏အေးဂျင့်ဖြစ်သူ ပြောဆို

၂၄  ဇန်နဝါရီ

စပိန်ကလပ် ရီးရဲမက်ဒရစ်အသင်း တောင်ပံကစားသမား ဂါရတ်ဘေးလ်သည် ရီးရဲအသင်းတွင် စာချုပ်သက်တမ်း ကုန်ဆုံးချိန်အထိရှိနေမည်ဖြစ်ကြောင်း ဂါရတ်ဘေးလ်၏ အေးဂျင့်ဖြစ်သူက အတည်ပြု ပြောဆိုလိုက်သည်။

ဝေလကစားသမား ဂါရတ်ဘေးလ် (၃၀နှစ်)နှင့် ရီးရဲမက်ဒရစ်အသင်းတို့ ချုပ်ဆိုထားသည့် စာချုပ်သက်တမ်းမှာ ၂၀၂၂ ခုနှစ်တွင်မှ ကုန်ဆုံးမည်ဖြစ်ပြီး ဂါရတ်ဘေးလ်သည် အဆိုပါစာချုပ်အရ ရီးရဲအသင်းထံမှ တစ်ပတ် လုပ်ခငွေ ပေါင် ၆၅၀၀၀၀ ရရှိနေသူဖြစ်သည်။ တောင်ပံကစားသမား ဂါရတ်ဘေးလ်သည် ရီးရဲအသင်းနည်းပြ ဇီဒန်းနှင့် အချင်းပွားမှုဖြစ်ခဲ့ခြင်းကြောင့် ဂါရတ်ဘေးလ်သည် ပြီးခဲ့သည့်နှစ်အတွင်းတွင် ရီးရဲအသင်းမှ ထွက်ခွာရန် နီးစပ်ခဲ့ဖူးသူဖြစ်သည်။ ဂါရတ်ဘေးလ်သည် တရုတ်ကလပ် ကျန်စုဆန်းနှင်းအသင်းသို့ ပြောင်းရွှေ့ရန် နီးစပ်ခဲ့သော်လည်း အပြီးသတ်စာချုပ် ချုပ်ဆိုခါနီးအချိန်တွင် အပြောင်းအရွှေ့ကိစ္စ ပျက်ပြယ်ခဲ့ရသည်။ တောင်ပံကစားသမား ဂါရတ်ဘေးလ်သည် ယခုနှစ် ဘောလုံးရာသီတွင် ဒဏ်ရာရရှိမှု၊ နာမကျန်းဖြစ်မှုများနှင့် ရင်ဆိုင်ခဲ့ရခြင်းကြောင့် ရီးရဲအသင်းအတွက် စုစုပေါင်း ၁၅ ပွဲသာ ပါဝင်ကစားခွင့် ရရှိထားပြီး သုံးဂိုး သွင်းယူထားသူဖြစ်သည်။

လန်ဒန်တွင် ကျင်းပခဲ့သော ဘောလုံး အေးဂျင့်များအဖွဲ့ တွေ့ဆုံပွဲသို့ တက်ရောက်လာခဲ့သူ တောင်ပံကစားသမား ဂါရတ်ဘေးလ်၏အေးဂျင့် ဂျိုနသန်ဘားနက်က “ဂါရတ်ဘေးလ်ဟာ ရီးရဲအသင်းနဲ့ စာချုပ်သက်တမ်း နှစ်နှစ်ခွဲ ကျန်ရှိနေပါသေးတယ်။ သူအားလုံး အဆင်ပြေပါတယ်။ ဂါရတ်ဘေးလ်အနေနဲ့ ရီးရဲအသင်းမှာ စာချုပ်သက်တမ်း ကုန်ချိန်အထိ ဆက်ရှိနေပါလိမ့်မယ်။ ဒါကိုလည်း ကျွန်တော်အမြဲပြောခဲ့ပါတယ်”ဟု ပြောဆိုခဲ့သည်။

ဂါရတ်ဘေးလ်၏ အသင်းဟောင်းဖြစ်သည့် စပါးအသင်းမှ တာဝန်ရှိသူများသည် တိုက်စစ်မှူး ဟယ်ရီကိန်း ဒဏ်ရာရရှိခဲ့ခြင်းကြောင့် ဂါရတ်ဘေးလ်အား ကာလတို အငှားစာချုပ်ဖြင့် ခေါ်ယူရန် ဆက်သွယ်မှုများ ပြုလုပ်လျက်ရှိသည်။

သို့သော်လည်း အာဆင်နယ်အသင်း ပရိသတ်တစ်ဦးဖြစ်သူ အေးဂျင့်ဘားနက်ကဂါရတ်ဘေးလ်ဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေအနက်က တစ်ဦးပါ။ ဘာကြောင့် သူဟာ ရီးရဲကနေ အခြားအသင်းတစ်သင်းဆီ အငှားနဲ့ပြောင်းရွှေ့ရမှာလဲ။ ဒါက အဓိပ္ပာယ်မရှိတဲ့ကိစ္စသာ ဖြစ်ပါတယ်။ ဂါရတ်ဘေးလ်က ရီးရဲအသင်းအတွက် ပါဝင်ကစားပြီး နောက်ထပ်ဆုဖလားတွေ ဆွတ်ခူးနိုင်ဖို့ မျှော်လင့်ထားပါတယ်”ဟု ဆက်လက်ပြောဆို ခဲ့သည်။

ထက်အောင်