ရီးယဲလ် အသင်းသားများ ယုံကြည်မှု လျော့နည်းနေခြင်းကြောင့် ရှုံးပွဲများ ဆက်တိုက် ကြုံခဲ့ရခြင်းဖြစ်ကြောင်း နည်းပြ ဇီဒန်း ဆို

၂၂ အောက်တိုဘာ

 

 

ရီးယဲလ် အသင်းနည်းပြ ဇီဒန်းက ရီးယဲလ်အသင်းသားတွေ အနေနဲ့ ယုံကြည်မှု လျော့နည်းနေခြင်းကြောင့် ချန်ပီယံလိဂ်အုပ်စု အဖွင့်ပွဲစဉ်မှာ ယူကရိန်းကလပ်အသင်း ရှက်တာဒိုးနက်ခ်ကို အရေးနိမ့်ခဲ့ရတာဖြစ်ကြောင်း ဆိုပါတယ်။

 

 

ဇီဒန်းက “ယုံကြည်မှု မပြည့်ဝတဲ့ ပုံစံနဲ့ အသင်းက ပွဲကို စတင်ခဲ့ပြီး  ကျွန်တော်မြင်ချင်တဲ့ အရာတွေကို ပထမပိုင်းမှာ လုံးဝမြင်တွေ့ခဲ့ရခြင်း မရှိပါဘူး၊ ဒါက ကျွန်တော့်အမှားပါ” လို့ ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

 

 

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုတွေကြောင့် အဓိက ကစားသမား အများစု ဝင်ရောက် ကစားနိုင်ခြင်း မရှိတဲ့ ရှက်တာဒိုးနက်ခ် အသင်းကို ရီးယဲလ်က အိမ်ကွင်းမှာပဲ သုံးဂိုး-နှစ်ဂိုးနဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို ရှုံးပွဲကြုံခဲ့တာက အခြားအသင်းတွေ အတွက်ဆို အံ့အားသင့်စရာ မဟုတ်ပေမယ့် ရီးယဲလ်လို ချန်ပီယံလိဂ်သမိုင်းမှာ အစဉ်အလာအကြီးဆုံး အသင်းက အုပ်စုအဖွင့်ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့ရတာက ပရိသတ်တွေအတွက် အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။ ရီးယဲလ်မှာ ဒဏ်ရာပြဿနာ ရှိနေတဲ့ ဟာဇက်နဲ့  တိုက်စစ်မှူး ဘန်ဇီးမားတို့ မပါဝင်တာကလွဲရင်  အဓိက ကစားသမား အများစုနဲ့ ပွဲထွက်ခဲ့ပေမယ့်  ရက်သတ္တပတ်အတွင်း နှစ်ပွဲ ဆက်တိုက် ရှုံးပွဲကြုံခဲ့ရတာ ဖြစ်ပါတယ်။   ရီးယဲလ်ဟာ  ပြီးခဲ့တဲ့ လာလီဂါပွဲစဉ်မှာလည်း ကာဒစ်ဖ်အသင်းကို အိမ်ကွင်းမှာ တစ်ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ပါသေးတယ်။

 

 

အသင်းအနေနဲ့ အတောင့်တင်းဆုံး အနေအထားနဲ့    နိုင်ပွဲတွေ ပြန်လည် ရယူဖို့ နည်းလမ်းတွေ ပြန်လည် ရှာဖွေသွားမှာဖြစ်ကြောင်းလည်း နည်းပြ ဇီဒန်းက ဆိုပါတယ်။ ရီးယဲလ်ဟာ လာမယ့် စနေနေ့မှာ မဟာပြိုင်ဘက်  ဘာစီလိုနာ အသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။

 

 

မေလဲ့သင်း