ရိုတာဗိုင်းရပ်စ် ဆိုတာဘာလဲ

ရေးသားသူ Dr. Htet Htet Zaw Win

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

• ဒီ၂၀၂၀ပုံမှန်ကာကွယ်ဆေးထိုး/တိုက်အစီအစဉ်မှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအတွက် ရိုတာအစက်ချကာကွယ်ဆေးဆိုတာ ပါလာပါပြီ။ ဒီတော့ ရိုတာဗိုင်းရပ်စ်ဆိုတာဘာလဲ။ ကာကွယ်ဆေး တိုက်သင့်လား စသဖြင့် သိရအောင် ဆက်ကြည့်ကြည့်ရအောင်။

 

•  ရိုတာဗိုင်းရပ်စ်ဆိုတာဘာလဲ။

 

• ရိုတာဗိုင်းရပ်စ်ဆိုတာ ကူးစက်နိုင်ပြီး ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်တစ်မျိုး ဖြစ်ပါတယ်။ တစ်နှစ်တစ်နှစ်ကို ရိုတာဗိုင်းရပ်စ်ကူးစက်ပြီး ဝမ်းလျှောလို့ ဆုံးရှုံးခဲ့ရတဲ့ ကလေးတွေလည်း မနည်းပါဘူး။ ကာကွယ်ဆေးမပေါ်ခင်တုန်းကဆိုရင် အမေရိကန်လိုနိုင်ငံမှာတောင် ကလေးတော်တော်များများက အသက်၅နှစ် လောက်ဆိုရင် တစ်ခါလောက်တော့ ရိုတာဗိုင်းရပ်စ် ကူးဖူးပြီးပါပြီ။

 

လက္ခဏာများ

 

• ရိုတာဗိုင်းရပ်စ်က ကူးစက်ခံရပြီး ၂ရက်လောက်နေရင် လက္ခဏာစပြပါပြီ။ ဖျားမယ်၊ အန်မယ်၊ တစ်ပတ်လောက်ဝမ်းတွေသွားမယ်။ ဗိုက်လည်းနာနိုင်ပါတယ်။ ဆရာဝန်နဲ့ ပြသသင့်တဲ့ အခြေအနေကတော့

 

• -ဝမ်းသွားတာ တစ်ရက်ကျော်သွားပြီ။

 

• -မကြာမကြာလည်းအန်မယ်။

 

• –ဝမ်းမည်းမည်းတွေသွားမယ်။ ဝမ်းထဲမှာ သွေးတွေ၊ ချွဲတွေပါမယ်။

 

• -အဖျား 104 F ကျော်မယ်။

 

• -နုန်းမယ်၊ ဂျီကျမယ်၊ ဗိုက်နာမယ်။

 

• –ရေဓာတ်ခမ်းခြောက်တဲ့ လက္ခဏာတွေရှိမယ်။ ဥပမာ ပါးစပ်ခြောက်တာ၊ ငိုနေပေမယ့် မျက်ရည် မထွက်တာ၊ ဆီးနည်းတာ၊ မသွားတာ၊ မှိန်းနေတာ၊ ခေါ်လို့မရတာ စတာတွေ ဖြစ်လာရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။

 

ကူးစက်နည်းများ

 

• အဓိကကတော့ လက်ကနေတစ်ဆင့် ကူးတာပါ။ အိမ်သာတက်ပြီးလက်မဆေးဘူး၊ ကလေး diaper လဲ ပေးပြီး လက်မဆေးဘူး။ ပြီးတော့ အဲ့လက်နဲ့ ကလေးကို ကိုင်မယ်။ အစာကျွေးမယ်ဆိုရင် အလွယ်တကူပဲ ကူးတတ်ပါတယ်။

 

• ကာကွယ်နည်းများ

 

• ရိုတာဗိုင်းရပ်စ်အတွက် ကာကွယ်ဆေးရှိပါတယ်။

 

• Rota Teq – အသက် ၂လ၊ ၄လ၊ ၆လမှာ အစက်ချ တိုက်ရတာပါ။

 

• Rotarix – အသက် ၂လနဲ့ ၄လမှာတိုက်ရတာပါ။

 

• (ခုမြန်မာပြည်မှာ သုံးမယ့် ကာကွယ်ဆေးအမျိုးအစားဖြစ်ပါတယ်။)

 

• နောက်ထပ်ကာကွယ်နည်းကတော့ လက်ဆေးတာပါ။ ကာကွယ်ဆေးက ရိုတာဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ဝမ်းလျှောတာကိုပဲ ကာကွယ်နိုင်မှာပါ။ တခြားအကြောင်းကြောင့် ဖြစ်တဲ့ ဝမ်းလျှောတာကို ကာကွယ်ချင်တယ်ဆိုရင်တော့ လက်ဆေးတဲ့ အလေ့အကျင့် လုပ်ရပါမယ်။

 

ကုသနည်းများ

 

• ရိုတာဗိုင်းရပ်စ်အတွက် တိကျတဲ့ဆေးဆိုတာမရှိပါဘူး။ ဆိုလိုတာက ဆေးတိုက်လိုက်တာနဲ့ ပျောက်သွားတာမျိုး မဟုတ်ပါဘူး။ ဒါကြောင့် ပိုးသတ်ဆေးတွေ၊ ဗိုင်းရပ်စ်သတ်ဆေးတွေ အသုံးမဝင်ပါဘူး။ ဝမ်းပိတ်ဆေးတွေလည်း မပေးရပါဘူး။ ရောဂါရဲ့ သဘာဝကိုက ၃ရက်ကနေ ၇ရက်အတွင်း အလိုလို ပျောက်သွားတာပါ။ ရေဓာတ်ခမ်းခြောက်တာကိုတော့ ဂရုစိုက်ရပါမယ်။ ဝမ်းလျှောနေတဲ့အချိန်အတွင်းမှာ ရေဓာတ်ဖြည့်တင်းပေးပါ။ ဖြစ်နိုင်ရင် ဓာတ်ဆားတိုက်ပါ။ ရေဓာတ်ဆုံးရှုံးတာ အရမ်းဆိုးရင်တော့ ဆေးရုံမှာ အကြောဆေးသွင်းရပါမယ်။

 

• ကိုယ်တိုင်လုပ်နိုင်တဲ့ နည်းလမ်းတွေကတော့

 

• –အမေနို့သောက်တဲ့ကလေးဆို အမေနို့ဆက်တိုက်ပါ။

 

• -နို့မှုန့်သောက်တဲ့ကလေးဆို နို့မှုန့် ဒါမှမဟုတ် ဓာတ်ဆားတိုက်ပါ။ နို့မှုန့်ကို အချိုးအဆ မှန်မှန်ဖျော်ပါ။

 

• -ကလေးက နည်းနည်းကြီးတယ်။ အစားကောင်းကောင်းမဝင်ဘူးဆိုရင် အစာပျော့ပျော့ ကျွေးပါ။ သကြားမထည့်ပါနဲ့။ ပေါင်မုန့်၊ ခရက်ကာ၊ အသား၊ ဒိန်ချဉ်၊ အသီး၊ အရွက်တွေကျွေးပါ။ ကောင်းကောင်းအနားယူခိုင်းပါ။

 

• –ဓာတ်ဆားအပါအဝင်ရေများများတိုက်ပါ။ ဝမ်းလျှောတာကို ပိုဆိုးစေတဲ့ ဆိုဒါ၊ နို့ထွက်ပစ္စည်း (ဒိန်ချဉ်မပါ)၊ သကြားပါဝင်မှုများတဲ့ အစားအစာတွေကို ရှောင်ပါ။

 

• -အစာအိမ်ကို မအီမသာဖြစ်စေတဲ့ အချဉ်ဖောက်ထားတဲ့ အစားအစာတွေ၊ ကဖင်းတွေ၊ အရက်၊ နီကိုတင်း စတာတွေကို ရှောင်ပါ။

 

• Take home massage

 

• ရိုတာဗိုင်းရပ်စ်ဆိုတာ ကလေးတွေမှာ ဝမ်းပျက်ဝမ်းလျှောဖြစ်စေတဲ့ ဗိုင်းရပ်စ်ဖြစ်ပါတယ်။ တိကျတဲ့ ကုသမှုမရှိပါဘူး။ ရေဓာတ်ဆုံးရှုံးတာကိုပဲ ကုသရမှာပါ။ အချိန်မီမကုနိုင်ရင် အသက်ဆုံးရှုံးတတ်ပါတယ်။ ကာကွယ်ဆေးရှိပါတယ်။ မြန်မာပြည်မှာ Rotarixဆိုတဲ့ ကာကွယ်ဆေးကို ဒီ၂၀၂၀ကစပြီး တိုက်နေပါပြီ။ ကလေးအသက်၂လနဲ့ ၄လမှတိုက်ရမှာပါ။ မဖြစ်လာရင်ကောင်းပေမယ့် ဖြစ်လာရင် အသက်အန္တရာယ်ရှိတာမို့ ကြိုတင်ကာကွယ်ထားသင့်ပါတယ်။

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”