ရခိုင်ကမ်းရိုးတန်းဒေသ၌ သန္တာကျောက်တန်းတွင် နေထိုင်သော ငါးမျိုးစိတ်များ၏ အရေအတွက် လျော့နည်းလာခြင်းများ ဖြစ်ပေါ်

ဂွ ၅ ဇူလိုင်

 

မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းဒေသတွင် ထိန်းကွပ်မှုအားနည်းသည့် ငါးဖမ်းလုပ်ငန်းများ၏ အကျိုးဆက်များ၊ အဏ္ဏဝါပတ်ဝန်းကျင်ကို အခြေပြုသည့် ခရီးသွားလုပ်ငန်းများ တိုးတက်လာခြင်းနှင့် ခရီးသွားလုပ်ငန်းများ၏ တာဝန်ခံမှုမရှိခြင်း၊ ထိန်းချုပ်မှုအားနည်းခြင်းကြောင့် ရခိုင်ကမ်းရိုးတန်းရေပြင် သန္တာကျောက်တန်း ဂေဟစနစ်များ ပျက်စီးလျော့နည်းလာခြင်းနှင့် သန္တာကျောက်တန်းတွင် နေထိုင်သော ငါးမျိုးစိတ်များ၏ အရေအတွက် လျော့နည်းလာခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

 

ကမ္ဘာပေါ်ရှိ ပင်လယ်ကမ်းရိုးတန်းများတွင် နေထိုင်သော လူ့အဖွဲ့အစည်းများ၏ ဝင်ငွေနှင့် အသားဓာတ်များရရှိရာ အခြေခံအရင်းအမြစ်များသည် သန္တာကျောက်တန်းများတွင် နေထိုင်သော ငါးများအား ဖမ်ဆီးသည့် ငါးဖမ်းလုပ်ငန်းများမှ ရရှိခြင်းဖြစ်ပြီး သန္တာကျောက်တန်းများမှရရှိသော ထုတ်ကုန်များနှင့် ဂေဟစနစ်အပေါ် ထောက်ပံ့မှုများသည် နှစ်စဉ် အမေရိကန်ဒေါ်လာ ဘီလီယံ ၃ဝ ခန့် ရှိသည်။ ဤသို့ လွန်စွာအရေးပါသော်လည်း အဏ္ဏဝါအရင်းအမြစ်များအား ထိန်းချုပ်မှုကင်းမဲ့စွာ အလွန်အကျွံ ထုတ်ယူသုံးစွဲမှုများကြောင့် သန္တာကျောက်တန်းများနှင့် ငါးသယံဇာတများသည် ယခင်ကမရှိခဲ့ မဖြစ်ခဲ့ဘူးသောနှုန်းဖြင့် ဆုံးရှုံးပျက်စီးလျက်ရှိပြီး သန္တာကျောက်တန်းများ၏ ဂေဟစနစ်အပေါ် ထောက်ပံ့ပေးနိုင်မှုမှာလည်း လွန်စွာကျဆင်းလျက်ရှိသည်။

 

ထို့ကြောင့် ယခုအခါ ရခိုင်ကမ်းရိုးတန်းဒေသတွင် အဏ္ဏဝါကာကွယ်ရေပြင် ထူထောင်ရန် သင့်လျော်သည့် နေရာများအား သိရှိနိုင်ရန်အရေးပါသည့် အဏ္ဏဝါဇီဝမျိုးစုံမျိုးကွဲများအား သုတေသနအချက်အလက် ကောက်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ရခိုင်ကမ်းရိုးတန်းတောင်ပိုင်း ကမ်းနီးဒေသရှိ ဂွကျွန်းတွင် ဆောင်ရွက်လျက်ရှိကြောင်း WCS Myanmar မှ အဏ္ဏဝါထိန်းသိမ်းရေးမန်နေဂျာ ဦးသောင်းထွဋ်က ပြောကြားခဲ့သည်။

 

ဂွကျွန်းသည် ကာကွယ်ထိန်းသိမ်းရေး လုပ်ဆောင်ရာတွင် လွန်စွာအရေးပါသည့် ငါးမဖမ်းရဇုန်များ၊ ငါးလုပ်ငန်း ရေရှည်တည်တံ့နိုင်ရန်အတွက် စီမံခန့်ခွဲမည့်ဇုန်များပါဝင်သော အဏ္ဏဝါကာကွယ်ရေပြင်ဧရိယာ တည်ထောင်ရန် အလွန်သင့်လျော်သောနေရာ ဖြစ်ကြောင်းလည်း သိရသည်။

 

ပိန်းဇလုပ် သိန်းညွန့်

ဓာတ်ပုံ- WCS