ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ UNDP မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ လှူဒါန်း

စစ်တွေ ၂၅  နိုဝင်ဘာ

ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့သို့ United Nations Development Program (UNDP) မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများကို ယနေ့နံနက် ၁၁ နာရီတွင် ပြည်နယ်ဝန်ကြီးချုပ် ဧည့်ခန်းမ၌ လာရောက်လှူဒါန်းကြသည်။

 

ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဆောင်ရွက်လျက်ရှိသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများတွင် UNDP က ပူးပေါင်း ပါဝင်သည့်အနေဖြင့် ရောဂါကာကွယ်ရေးပစ္စည်းများကို ဒုတိယအကြိမ်အဖြစ် လာရောက် လှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။

 

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လှူဒါန်းသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများကို UNDP မှ တာဝန်ရှိသူများမှ လှူဒါန်းကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ပြည်နယ်ဝန်ကြီးများက လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။ UNDP မှ ဒုတိယအကြိမ် လှူဒါန်းသော ပစ္စည်းများမှာ Non-contact Thermometer ၂၅ ခု၊  Walk Through Thermometer တစ်ခု၊ Pulse Oximeter ၁၀ ခုနှင့်  PPE ဝတ်စုံပြည့် ၁၀၀ စုံတို့ဖြစ်သည်။ UNDP မှ ပထမအကြိမ်တွင် Bleaching Powder(၄၀)ဂရမ် ၂၀ ဘူး၊ Mask ၁၅၀၀၀၊ Hand Sanitizer (၅၀၀)မီလီ ၂၀၀ ဘူး၊ Face Shield ၁၅၀၊ Face mask with Shield ၁၅၀၊ Gown ၁၀၀၊ Apron ၁၀၀၊ Surgical Glove ၁၀၀ တို့လှူဒါန်းခဲ့ပြီး ဖြစ်သည်။

 

ထို့အပြင် တတိယအကြိမ်အဖြစ် ဇန်နဝါရီလတွင်လည်း အမေရိကန်ဒေါ်လာ ၁၇၀၀၀၀ တန်ဖိုးရှိ Oxygen Plant တစ်လုံး၊ အမေရိကန်ဒေါ်လာ ၁၄၅၀၀ တန်ဖိုးရှိ Ventilator တစ်ခုနှင့် အမေရိကန်ဒေါ်လာ ၃၀၀၀၀ တန်ဖိုးရှိ Patient Monitor ၁၀ ခုတို့ကိုလည်း လာရောက် လှူဒါန်းမည် ဖြစ်ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)