ရှမ်းမြောက်တစ်ခွင်မှ ထင်ရှားသော နေရာဒေသများကိုQR Code ဖြင့် လေ့လာသိရှိနိုင်တော့မည်

သီပေါကိုလတ်

ကွန်ပျူတာတက္ကသိုလ်(လားရှိုး)မှ ရှမ်းပြည်နယ် (မြောက်ပိုင်း)ရှိ ထင်ရှားကျော်ကြားသော နေရာများတွင် ထားရှိရန်အတွက် QR Code နမူနာ စမ်းသပ်ပြုလုပ်ပြီးစီး၍ ပြသခြင်းနှင့် အကြံပြုဆွေးနွေးခြင်း အစီအစဉ်ကို လားရှိုး မြို့ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ဇူလိုင် ၂၄ ရက်က ပြုလုပ်ခဲ့သည်။

အစည်းအဝေးသို့ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူဇော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လားရှိုး ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ဒေါ်နန်းစိုးစိုးအောင်နှင့် ပါမောက္ခများ၊ ဌာနမှူးများ၊ ဆရာ ဆရာမများ၊ သမိုင်းပညာရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်၍ လားရှိုးကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဒေါ်နန်းစိုးစိုးအောင်က ပထမဆုံးအကြိမ် ဆောင်ရွက်သွားမည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ ထင်ရှားကျော်ကြားသော နေရာဌာနများကို QR Code အသုံးပြု၍ လေ့လာခြင်းဆောင်ရွက်ထားရှိချက်ကို ပါဝါ ဆလိုက်ဖြင့် အသေးစိတ်ရှင်းလင်းပြသသည်။ ထို့နောက် တက်ရောက်လာသူများက အသီးသီးအကြံဉာဏ်များ ပေးအပ်ဆွေးနွေးကြပြီး ဆွေးနွေးအကြံပြုချက်များအပေါ် ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ်တို့က ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။ အဆိုပါ လုပ်ငန်းစဉ်အောင်မြင်နိုင်ရေးအတွက် တစ်ဆင့်ချင်း ဝိုင်းဝန်း၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။

ယခု ပထမအဆင့်ခြေလှမ်းအဖြစ် သီပေါမြို့နယ်မှ သမိုင်းဝင် ပေါ်ကြိုဘုရား၊ သီပေါဟော်နန်းနှင့် ကိုးမြို့ရှင် နတ်နန်း၊ နောင်ချိုမြို့နယ်မှ ဂုတ်ထိပ်တံတားကြီး၊ နမ္မတူ မြို့နယ်မှ ဘော်တွင်း၊ လားရှိုးမြို့နယ်မှ သီရိသျှီဝရှန်ခိုက် ဘုရားကျောင်း၊ မန်ဆူဘုရားနှင့် မန်ဆူရှမ်းကျောင်း၊ ရေပူ စမ်း၊ ရန်တိုင်းအောင်ဘုရားတို့ကို စတင်ဆောင်ရွက်သွား မည်ဖြစ်သည်။ ယင်းတို့အနက် သီပေါမြို့နယ်မှ ပေါ်ကြို ဘုရားသမိုင်းနှင့် တည်နေရာကို ပါဝါဆလိုက်ဖြင့် နမူနာ ပြသခဲ့သည်။ ပထမအဆင့်အနေဖြင့် မြန်မာစာနှင့် မြန်မာစကား၊ အင်္ဂလိပ်စာနှင့် အင်္ဂလိပ်စကားတို့ကို သုံးစွဲထားပြီး ရှမ်းနှင့် ပလောင်ဘာသာတို့ဖြင့်လည်း သုံးစွဲဖော်ပြ နိုင်ရန် ဆက်လက်ကြိုးစားဆောင်ရွက်သွားမည်ဖြစ်သည်။

ယခုအစီအစဉ်၏ အဓိကရည်ရွယ်ချက်မှာ ရှမ်းပြည် နယ်(မြောက်ပိုင်း)ရှိ ထင်ရှားသောနေရာဒေသများကို နိုင်ငံ တကာမှလေ့လာသိရှိနိုင်ရန်၊ ပြည်တွင်းပြည်ပ ခရီးသွား လုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု နိုင်စေရန်၊ ဒေသအတွင်းရှိပြည်သူများ Quick Response (QR)Code ကို အသုံးပြု၍ မိမိဒေသရှိ ထင်ရှားသောနေရာများ ကို အလွယ်တကူမှတ်သားသိရှိနိုင်ရန်၊ Museum Pool Software ကိုအသုံးပြု၍ ပြည်နယ်အတွင်းရှိ ထင်ရှားသော နေရာများကို အလွယ်တကူသိရှိနိုင်စေရန်၊ အသံဖိုင်ဖြင့် အလွယ်တကူနားထောင်နိုင်စေရန်တို့ဖြစ်သည်။

အားသာချက်အနေဖြင့် တိုင်းရင်းသားဘာသာစကား (မြန်မာ၊ ရှမ်း၊ ပလောင်) သာမက အင်္ဂလိပ်၊ တရုတ်ဘာသာ များဖြင့် နားထောင်ဖတ်ရှုနိုင်ခြင်း၊ အသုံးပြုရန်လိုအပ်သော အချက်များမှာ မိမိဖုန်းထဲတွင် Museum Pool Software ကို Play Store မှ Download လုပ်ထားရန်လိုအပ်ခြင်း၊ Setting ထဲမှ ကြိုက်ရာဘာသာစကား (မြန်မာ၊ ရှမ်း၊ ပလောင်၊ အင်္ဂလိပ်၊ တရုတ်)ကို ရွေးရန်လိုအပ်ခြင်း၊ Museum Pool Software ညာဘက်အောက်ခြေထောင့်တွင် QR Code Tag အား QR Scanne ဖတ်ပေးရန် လိုအပ်ခြင်းတို့ဖြစ်ပြီး ယင်းမှ ရှမ်းပြည်နယ်(မြောက်ပိုင်း)၏ ထင်ရှားကျော်ကြားသော နေရာ ဒေသကို ပိုမိုလေ့လာသိရှိနိုင်တော့မည်ဖြစ်ပေသည်။ ။