ရှမ်းပြည်နယ် မိုင်းလားမြို့၌ ကျင်းပသည့် အထူးဒေသ-၄ နှစ်(၃၀)ပြည့် အထိမ်းအမှတ်ပွဲတော်သို့ အစိုးရ ကိုယ်စားလှယ်အဖွဲ့တက်ရောက်

နေပြည်တော် ၁ ဇူလိုင် 


    
ရှမ်းပြည်နယ် မိုင်းလားမြို့ ငြိမ်းချမ်းရေးရင်ပြင်၌ အထူးဒေသ-၄ နှစ်(၃၀)ပြည့် အထိမ်းအမှတ်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပသည်။


    
အထိမ်းအမှတ်ပွဲတော်သို့ ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော အစိုးရကိုယ်စားလှယ်အဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်အဖွဲ့များ၊ နိုင်ငံရေးပါတီကိုယ်စားလှယ်အဖွဲ့များနှင့် တိုင်းရင်းသားပြည်သူများ၊ အထူးဖိတ် ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။


    
ရှေးဦးစွာ အခမ်းအနားကျင်းပရာ ငြိမ်းချမ်းရေးရင်ပြင်သို့ ပရိသတ်များနေရာ ယူကြပြီး နံနက် ၆ နာရီခွဲတွင် တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ၊ ဒေသန္တရအဖွဲ့များ၊ အခြေခံပညာကျောင်းသား ကျောင်းသူများ၊ ဌာနဆိုင်ရာများနှင့် အလှပြယာဉ်များ ချီ တက်၍ ဧည့်သည်တော်များကို ဂုဏ်ပြုနှုတ်ဆက်သည်။

 

ဆက်လက်၍ အလံတင်အခမ်းအနားကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်အလံ၊ ရှမ်းပြည်နယ်အလံနှင့် အထူးဒေသ-၄ အလံတို့ကို အလံတင်အဖွဲ့က လွှင့်တင်၍ ဘင်ခရာအဖွဲ့က နိုင်ငံတော်သီချင်းတီးမှုတ်ပြီး တက်ရောက်လာကြသူများ က အလေးပြုကြသည်။


    
ထို့နောက် အထူးဒေသ-၄ ငြိမ်းချမ်းရေးနှင့်စည်းလုံးရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုင်းလင်းက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး အစိုးရကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်က ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံမှ အထူးဒေသ-၄ မိုင်းလားတွင် ကျင်းပသော အထိမ်းအမှတ်ပွဲတော်သို့ ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားသည်။ ဆက်လက်၍ လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းတို့က ပေးပို့သောသဝဏ်လွှာများကို ဖတ်ကြားမှတ်တမ်း တင်သည်။


    
ယင်းနောက် တက်ရောက်လာသည့် ဧည့်သည်တော်များက ငြိမ်းချမ်းရေးအထိမ်း အမှတ်ချိုးငှက်များ လွှတ်ပေးကြပြီး အထူးဒေသ-၄ ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော် မတီဝင်များက ဧည့်သည်တော်များနှင့် ပရိသတ်များကို ကျေးဇူးတင်ဂါရဝပြုကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။


    
အထိမ်းအမှတ်ပွဲတော်ညပိုင်းတွင် တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အကပဒေသာများ၊ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြောင်းသိရသည်။


 
(သတင်းစဉ်)