ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီမှ အေးသာယာမြို့၊ ရွှေညောင်မြို့ရှိ ပရဟိတကျောင်းများနှင့် အခြေခံလုပ်သားများအား အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်

တောင်ကြီး  ၃  ဇူလိုင်

ရှမ်းပြည်နယ်ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီမှ အခြေခံလုပ်သားများအား ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက အေးသာယာမြို့နှင့် ရွှေညောင်မြို့သို့ သွားရောက် ထောက်ပံ့ခဲ့ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ရာတွင်  ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ ကမ္ဘောဇဘဏ် နာယက ဦးအောင်ကိုဝင်းနှင့် တာဝန်ရှိသူတို့က အေးသာယာမြို့ရှိ ရွှေတောင်တန်းပရဟိတဂေဟာ သို့ ဆန်၊ ဆီ၊ ဆား၊ ကုလားပဲများ လှူဒါန်း၍ ဆရာမများနှင့် ကျောင်းသား ကျောင်းသူ (၃၀ဝ)ဦးအား စားနပ် ရိက္ခာထုပ်များနှင့် တစ်ဦးလျှင် ငွေကျပ် ၁၀ဝ၀ဝ စီ ထောက်ပံ့ပေးအပ်ပြီး ကမ္ဘောဇဘဏ် နာယကမှ အဆိုပါကျောင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေကျပ်သိန်း (၃၀ဝ) လှူဒါန်းပေးအပ်ခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်အဖွဲ့သည် ရွှေညောင်ဘူတာ၌ အခြေခံပြည်သူများအား စားနပ်ရိက္ခာ ထုပ်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် ငွေကျပ် (၁၀ဝ၀ဝ)စီ ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ညောင်ရွှေမြို့ရှိ အနှေးယာဉ်အလုပ်သားများ၊ လက်တွန်းလှည်းအလုပ်သားများ၊ အင်းလေးလေဆိပ်ရှိ စက်လှေဆရာများနှင့် အခြေခံ ပြည်သူများအား စားနပ်ရိက္ခာထုပ်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် ငွေကျပ် (၁၀ဝ၀ဝ)စီ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် ညောင်ရွှေမြို့၊ မေတ္တာမွန်ပရဟိတဂေဟာသို့ သွားရောက်ပြီး ရှမ်း၊ အင်း၊ ပအိုဝ်း၊ ကယန်း၊ ကယား တိုင်းရင်းသား ကျောင်းသား ကျောင်းသူများနှင့် ဆရာ/ဆရာမများအား စားနပ်ရိက္ခာထုပ်များနှင့် ငွေကျပ်(၁၀ဝ၀ဝ)စီ ထောက်ပံ့ပေးအပ်ပြီး ကမ္ဘောဇဘဏ်နာယကမှ ငွေကျပ်သိန်း (၁၀ဝ) ပေးအပ်လှူဒါန်းခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် သာသနာ့ရောင်ခြည်ပရဟိတကျောင်း၌ ကျောင်းသား ကျောင်းသူများအား စားနပ်ရိက္ခာထုပ်များနှင့် ငွေကျပ်(၁၀ဝ၀ဝ)စီ ပေးအပ်လှူဒါန်းကာ ကျောင်းထိုင်ဆရာတော်ထံ ကမ္ဘောဇဘဏ် နာယကမှ ငွေကျပ်  သိန်း (၁၀ဝ) လှူဒါန်းခဲ့ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)