ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်အတွင်းရှိ ရေလှောင်တမံများအား ဒုတိယညွှန်ကြားရေးမှူးချုပ် ( ရေအရင်းအမြစ် )နှင့်အဖွဲ့ လာရောက်စစ်ဆေး

လားရှိုး   ၂၉  ဇူလိုင်  


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်အတွင်းရှိ ရေလှောင်တမံများအား ဆည်မြောင်းနှင့် ရေအသုံချမှုစီမံခန့်ခွဲရေး ဦးစီးဌာန (ရေအရင်းအမြစ်) (ရုံးချုပ်)၊ နေပြည်တော်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်မောင်အေးထူးနှင့်အဖွဲ့များ ဇူလိုင်နောက်ဆုံးပတ်က လာရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။ 


ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ထိန်းသိမ်းထားသည့် လားရှိုးမြို့နယ်အတွင်းရှိ ဟူးမွန်ရေလှောင်တမံ၊ ကောက်ကွေ့ရေလှောင်တမံနှင့် နမ့်ကျန်ရေလှောင်တမံများတွင် သဘာဝဘေးအန္တရာယ် တစ်ရပ်ရပ်ကြောင့် ကျိုးပေါက်ပျက်စီးမှုများ မဖြစ်ပေါ်စေရန်အတွက် ဌာနမှ သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို စစ်ဆေးခဲ့ပြီး တမံကြံ့ခိုင်မှု သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောရန်နှင့် တမံအောက်ဘက်ရှိ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များ ထိခိုက်ဆုံးရှုံးမှုများ လျော့ပါးသက်သာစေရန်  အရေးပေါ်အခြေအနေ အဆင့် (၁)၊ (၂) ၊ (၃) သတ်မှတ်၍ အရေးပေါ်အခြေအနေ အဆင့် (၁) ဖြစ်ပါက ပြည်သူများအား အသိပေးနိုင်ရန် အစိမ်းရောင်အလံလွှင့်ထူရန်၊ အဆင့် (၂) ဖြစ်ပေါ်ပါက အဝါရောင်အလံလွှင့်ထူ၍ အသံချဲ့စက်ဖြင့် ကြော်ငြာရန် ၊ အဆင့် (၃) ဖြစ်ပေါ်ပါက အနီရောင်အလံလွှင့်ထူ၍ အသံချဲ့စက်ဖြင့် ကြော်ငြာရန်နှင့် အနိမ့်ပိုင်းနေရာတွင် နေထိုင်ခြင်းမပြု ရန်တို့နှင့် အရေးပေါ်အခြေအနေဖြစ်ပေါ်ပါက တာဝန်ရှိသူများနှင့် ဆက်သွယ်နိုင်မည့် ဖုန်းနံပါတ် အချက်အလက်များ လက်ကမ်းစာစောင်များကို ရပ်ကွက် ၊ ကျေးရွာအုပ်စု ၊ အုပ်ချုပ်ရေးမှူးများထံသို့ ပေးဝေရန် မှာကြားခဲ့ကြောင်း သိရှိရသည်။


သဘာဝအန္တရာယ်မှာ အများအားဖြင့် ကြိုတင်မှန်းဆသိရှိနိုင်သည့် အခြေအနေမရှိသော ကြောင့် လျှပ်တစ်ပြတ်ဖြစ်ပေါ်လာသည့် အရေးပေါ်အခြေအနေတစ်ရပ်အပေါ်မူတည်၍ တုံ့ပြန်ဆောင် ရွက်ရသည့်အတွက် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့်အတူ ကြိုတင်စီမံဆောင်ရွက်သွားရန်နှင့် တမံအောက်ဘက်ပြည်သူ များအနေဖြင့် ပူးပေါင်းလိုက်နာဆောင်ရွက်သွားရန်လည်း ညွှန်ကြားခဲ့ကြောင်း သိရှိရသည်။  


မောင်မွှေး