ရှမ်းပြည်နယ်ဝန်ကြီးချုပ် နည်းပြ၊ သရုပ်ပြသစ်လွင်များနှင့် အ​ခြေခံပညာ ဆရာ၊ ဆရာမသစ်လွင်များအား ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်း ဖွင့်ပွဲတက်ရောက်

တောင်ကြီး နိုဝင်ဘာ

 

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ တောင်ကြီးပညာရေး ဒီဂရီကောလိပ် နည်းပြ၊ သရုပ်ပြ သစ်လွင်များနှင့် အခြေခံပညာ ဆရာ၊ ဆရာမသစ်လွင်များအား ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်းဖွင့်ပွဲကို နိုဝင်ဘာ ၈ ရက် မွန်းလွဲ ၂ နာရီက တောင်ကြီးမြို့၊ တောင်ကြီးပညာရေး ဒီဂရီကောလိပ်ခန်းမ၌ ကျင်းပသည်။

 

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပညာရေးရည်မှန်းချက် တစ်ခုဖြစ်သည့် ပညာအခြေပြု လူ့စွမ်းအား အရင်းအမြစ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆရာအတတ် ပညာအရည်အသွေး ပြည့်ဝကျွမ်းကျင်သော ဆရာ၊ ဆရာမများအဖြစ် ပြုစုပျိုးထောင်ပေးရမှာ ဖြစ်ကြောင်း၊ အရည်အသွေး ပြည့်ဝကျွမ်းကျင်သော အခြေခံပညာဆိုင်ရာ ဆရာ၊ ဆရာမများ ပေါ်ထွန်းလာနိုင်ရေးအတွက် ဆရာအတတ်ပညာများကို စနစ်တကျ လေ့ကျင့်သင်ကြားပေးနိုင်သော ဆရာအတတ်ပညာဆိုင်ရာ ပညာရှင်များကိုလည်း စဉ်ဆက်မပြတ် မွေးထုတ်၍ အရည်အချင်းမြှင့်တင်ပေးရန် လိုအပ်လျက်ရှိပါကြောင်း၊ အဆင့်မြင့်ပညာ ဦးစီးဌာနနှင့် ဆရာအတတ်ပညာ ဦးစီးဌာနတို့မှ အသစ်ခန့်အပ်သော နည်းပြ၊ သရုပ်ပြများကို သက်ဆိုင်ရာ တက္ကသိုလ်၊ ပညာရေးဒီဂရီ ကောလိပ်များတွင်လည်းကောင်း၊ အခြေခံပညာဦးစီးဌာနမှ အသစ်ခန့်အပ်သော အထက်တန်းပြ (၁၆၃၂) ဦး၊ အလယ်တန်းပြ (၇၅၂) ဦး၊ မူလတန်းပြ (၄၅၆၉) ဦး၊ စုစုပေါင်း (၆၉၂၆) ဦးတို့အား သက်ဆိုင်ရာပညာရေးတက္ကသိုလ် (၂) ကျောင်း၊ ပညာရေးဒီဂရီကောလိပ် (၂၅) ကျောင်းတို့တွင် လည်းကောင်း နိုဝင်ဘာ ၈ ရက်မှ ဒီဇင်ဘာ ၈ ထိ စခန်းသွင်းသင်တန်း ပို့ချပေးသွားမည်ဖြစ်ပါကြောင်း၊ ပညာရှင် ဆရာကြီး၊ ဆရာမကြီးများကပို့ချသော သင်ကြားနည်းစနစ်များနှင့် သိသင့်သိထိုက်သော အသိပညာ၊ အတတ် ပညာများကို သင်တန်းကာလအတွင်း မိမိတို့၏ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ သင်ယူမှတ်သားကြရန် အထူးတိုက်တွန်းလိုပြီး နိုင်ငံအတွက် အားကိုးရသော ဝန်ထမ်းကောင်း ဆရာ၊ ဆရာမများဖြစ်ကြပါရန် ပြောကြားသည်။

 

mdn

 

ဆက်လက်၍ တောင်ကြီးပညာရေး ဒီဂရီကောလိပ်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းကြူဦးမှ အမှာစကား ပြောကြားပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ နည်းပြ၊ သရုပ်ပြသစ်လွင်များနှင့် အခြေခံပညာဆရာ၊ ဆရာမသစ်လွင်ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်းအတွက် ထောက်ပံ့ငွေကျပ် (၁၀) သိန်းကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပေးအပ်ရာ တောင်ကြီးပညာရေး ဒီဂရီကောလိပ်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းကြူဦးက လက်ခံရယူ၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ဆရာ၊ ဆရာမများအား လိုက်လံနှုတ်ဆက်ကြပြီး တောင်ကြီးပညာရေးဒီဂရီ ကောလိပ်၊ နည်းပြ၊ သရုပ်ပြသစ် (၁၃) ဦး၊ အခြေခံပညာဆရာ၊ ဆရာမသစ်လွင် (၃၂၅) ဦး၊ စုစုပေါင်း (၃၃၈) ဦး တက်ရောက်ကြကြောင်း သိရသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူတို့သည် တောင်ကြီးတက္ကသိုလ်သို့ သွားရောက်ကာ ကျိုင်းတုံခန်းမ၌ တောင်ကြီးတက္ကသိုလ် နည်းပြ၊ သရုပ်ပြဆရာ၊ ဆရာမသစ်လွင်များ ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်းဖွင့် တက်ရောက်၍ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက အဖွင့်အမှာ စကားပြောကြားပြီး တောင်ကြီးတက္ကသိုလ်တွင် အသစ်ခန့်ထားသည့် နည်းပြသရုပ်ပြ ဆရာ၊ ဆရာမသစ်လွင်များ မွမ်းမံသင်တန်းအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေကျပ် (၁၀) သိန်းကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပေးအပ်ရာ တောင်ကြီးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာကေတီတင်မှ လက်ခံရယူ၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဆရာ၊ ဆရာမများအား လိုက်လံနှုတ်ဆက်ကြကြောင်း သိရသည်။

 

အဆိုပါ တောင်ကြီးတက္ကသိုလ်တွင် နည်းပြ၊ သရုပ်ပြဦးရေ (၈၆) ဦး တက်ရောက်ကြပြီး တောင်ကြီး၊ ညောင်ရွှေ ကလော၊ ပင်လောင်း၊ ဟိုပုံး၊ ရွှေညောင်၊ ရပ်စောက်၊ ဆီဆိုင်၊ ပင်းတယ၊ အောင်ပန်း၊ မင်းဘူး၊ မိတ္ထီလာ၊ ရေတာရှည်၊ မုံရွာ၊ ပျော်ဘွယ်၊ မှော်ဘီဒေသတို့မှ လာရောက်တက်ရောက်ကြကြောင်း သိရှိရသည်။

 

အင်းသားလေး(တောင်ကြီး)