ရန်ကုန်-ပုသိမ် ကားလမ်း ဗြိုက်ကြီးကျေးရွာအနီးတွင် ဆိုင်ကယ်တိမ်းမှောက်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံး

ကျောင်းကုန်း ၂၄ မေ 

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ဗြိုက်ကြီးအုပ်စု၊ ဗြိုက်ကြီးကျေးရွာအနီးတွင် ယနေ့မွန်းလွဲပိုင်းက ဆိုင်ကယ်တိမ်းမှောက်မှုကြောင့် အမည်မသိအမျိုးသားတစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဒုရဲအုပ်လှမိုးသည် လှည်းဆိပ်ရဲကင်းစခန်း၌ ရဲကင်းမှူးတာဝန်ဆောင်ရွက်နေစဉ် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ရန်ကုန်-ပုသိမ် ကားလမ်း၊ မိုင်တိုင်အမှတ် ၈၉/၅ နှင့် ၈၉/၆ ကြား၊ ဗြိုက်ကြီးကျေးရွာအနီးတွင် ပုသိမ်ဘက်မှ ကံကလေးဘက်သို့ တစ်ဦးတည်းမောင်းနှင်လာသည့် အနက်ရောင်ဆိုင်ကယ်သည် လမ်း၏ယာဘက်ခြမ်းသို့ ထိုးကျတိမ်းမှောက်ခဲ့ပြီး ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာကြောင့် မြို့နယ်ပြည်သူ့ဆေးရုံတွင် ယနေ့ညနေပိုင်း၌ သေဆုံးသွားသည်။

 

အဆိုပါ အမည်မသိ ဆိုင်ကယ်ယာဉ်မောင်းအား ကျောင်းကုန်းမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားပြီး မိသားစုနှင့် အဆက်အသွယ်ရရှိနိုင်ရေး ဆက်လက်စုံစမ်းသွားမည်ဖြစ်ကြောင်း မြို့မရဲစခန်းက သိရသည်။

 

ဝင်းကြိုင်(ပြန်/ဆက်)