ရန်ကုန်အပြည်ပြည်ဆိုင်ရာ မော်တော်ယာဉ်ပြပွဲ  ၂၀၂၀ ကျင်းပ

ရန်ကုန်    ၂၁  ဖေဖော်ဝါရီ

 

မြန်မာနိုင်ငံ မော်တော်ကားဈေးကွက် ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ GPI Myanmar Company Limited နှင့် မြန်မာနိုင်ငံမော်တော်ကားအသင်းတို့ကဦးစီး၍ ဒုတိယအကြိမ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ မော်တော်ယာဉ်ပြပွဲကို “Future Driving Society” ဆောင်ပုဒ်နှင့်အညီ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းရှိ၊ အမှတ်(၃၇)၊ အင်းယားလိတ်ဟိုတယ်ဝန်းအတွင်းရှိ Yangon Convention Center တွင် ကျင်ပရာ ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင် တက်ရောက် အဖွင့်အမှာစကားပြောကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံမော်တော်ကားအသင်း ဥက္ကဋ္ဌ ဦးအောင်မင်းနှင့် ထိုင်းနိုင်ငံအခြေစိုက် GPI Company Limited မှ Chief Operation Officer Mr. Anothai Eamlumnow တို့က အဖွင့်အမှာ စကားပြောကြားသည်။

 

8

 

ဆက်လက်ပြီး ထိုင်းနိုင်ငံသံအမတ်ကြီး Mrs. Suphatra Srimaitreephithak၊ UMFCCI ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း ဥက္ကဋ္ဌနှင့် မော်တော်ကားကုမ္ပဏီများမှ တာဝန်ရှိသူများက မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြပြီး၊ ပြခန်းများရှိ မော်တော်ယာဉ်များကို ကြည့်ရှုအားပေးကြသည်။

 

မော်တော်ယာဉ်ပြပွဲတွင် Toyota၊ Suzuki၊ Nissan၊ DFSK၊ BMW၊ Land Rover၊ Jaguar ၊ Ford၊ Mercede၊ Mazada၊ GAC Motor၊ Volvo၊ Fuso၊ Scania၊ Lamina၊ Brilliance စသည့် ကားကုမ္ပဏီပေါင်း ၁၅ ခုကျော်မှ နောက်ဆုံးပေါ် ကားအမျိုးမျိုးကို ရောင်းချမှုပုံစံအမျိုးမျိုး၊ ရာခိုင်နှုန်းအမျိုးမျိုး၊ ဝန်ဆောင်မှုအမျိုးမျိုးဖြင့် အထူးဈေးနှုန်းဖြင့် မိတ်ဆက်ရောင်းချပေးလျက်ရှိပြီး မော်တော်ကားချစ်သူများ စမ်းသပ်မောင်းနှင်နိုင်သည့်အပြင် လေ့လာသူများအနေဖြင့် စမတ်ဖုန်း ကိုးလုံးကို ကံစမ်းမဲဖောက်ပေးမည်ဖြစ်ပြီး၊ Modified Street Car Contest ပြိုင်ပွဲကို လာရောက်ယှဉ်ပြိုင်နိုင်သည်။

 

မနှစ်ကပြပွဲမှာ ကားအမျိုးအစား ၆ မျိုးပဲပါတယ်၊ ဒီနှစ် ၁၅ မျိုးကျော်ပါဝင်ပြသတယ်၊ ကားရောင်းဖို့ဆိုတာထက် နည်းပညာတွေချပြတယ်၊ တစ်စုတစ်စည်းတည်းမှာ ကားတွေကို စမ်းသပ်မောင်းကြည့်လို့ရတယ်၊ ဒါဟာ မြန်မာကား ဈေးကွက်တိုးတက်လာတဲ့ပြယုဂ်ပါ၊ နိုင်ငံတကာမှာ ရရှိလာတဲ့ အတွေ့အကြုံတွေကို ဒီမှာမျှဝေပေးတာပါ၊ အရင်က မြန်မာပြည်က ညာမောင်းကားတွေပဲ၊ ပြီးခဲ့တဲ့နှစ်ကို ပြန်ကြည့်ရင် ဘယ်မောင်း ကားတွေသစ် ဝယ်ယူမှုတွေများလာတယ်၊ မြန်မာတွေက ကားသစ်တွေရဲ့ အားသာချက်တွေကို သိလာကြပြီ ဟု ထိုင်းနိုင်ငံအခြေစိုက် GPI Company Limited ၏ COO Mr. Anothai Eamlumnow က ပြောသည်။

 

သန့်ဇင်ဝင်း