ရန်ကုန်စတော့ဈေးကွက်တည်ငြိမ်နေ

ရန်ကုန် ၂၅  မေ

 

ရန်ကုန်စတော့ဈေးကွက်၌ တစ်ရက်လျှင် ပျမ်းမျှ မြန်မာကျပ်ငွေ သန်း ၆၀ ကျော်ခန့် အရောင်းအဝယ် ရှိနေသည့်အတွက် ‌ဈေးကွက်တည်ငြိမ်လျက်ရှိကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ သိရသည်။

“ဧပြီလ တစ်လလုံးရဲ့ အနေအထားက ရုံးပိတ်ရက် များတာရယ်၊ ကိုဗစ်-၁၉ ဂရက်ကြောင့် တစ်ရက်ပျမ်းမျှ သန်း ၆၀ ကျော်ပဲ အရောင်းအဝယ်ရှိပါတယ်။ အခု မေလ ဒုတိယပတ်အထိလည်း တစ်ရက်ပျမ်းမျှ ၆၁ သန်း ဖိုး အရောင်းအဝယ် ရှိနေတယ်ဆိုတော့ ဈေးကွက်က ပုံမှန်သွားနေတယ်လို့ဘဲ သုံးသပ်မိပါတယ်။ စတော့ကုမ္ပဏီ ၅ ခုရဲ့ဈေးကွက်တန်ဖိုးက နှစ်အစမှာ  ၆၅၀ ဘီလီယံလောက် ရှိရာကနေ အခု ကိုဗစ်-၁၉ ကာလမှာ ၆၁၀ ဘီလီယံလောက်ပဲ ရှိတယ်ဆိုတော့ ကုမ္ပဏီ ၅ ခုရဲ့ ဈေးကွက် တန်ဖိုးကတော့ ၆ ရာခိုင်နှုန်းလောက် ကျဆင်း သွားတယ်လို့ ဆိုနိုင်ပါတယ်။ ဒါဟာလည်း ရင်းနှီးမြုပ်နှံသူအချို့ အကြောက်လွန်ပြီး ထုတ်ရောင်းခဲ့လို့ Bear Market လို့ခေါ်တဲ့ ဝက်ဝံဈေးကွက်ဖြစ်သွားတာကြောင့် ဖြစ်ပါတယ်” ဟု ရန်ကုန်စတော့အိတ်ချိန်းမှ အမှု ဆောင်အကြီးတန်းမန်နေဂျာ ဉီးသက်ထွန်းဉီးက ပြောကြားသည်။

စတော့ရှယ်ယာဈေးကွက်အတွင်း နိုင်ငံခြားသားများ ပါဝင်ရောင်းဝယ်ခြင်း မတ်လ ၂၀ ရက်နေ့မှ စတင်ခွင့်ပြု ပေးခဲ့သော်လည်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် တိုက်ဆိုင်နေသည့်အတွက် အရောင်းအဝယ် ပါးလျက်ရှိကြောင်း သိရသည်။ မြန်မာကုမ္ပဏီ ဥပဒေအရ နိုင်ငံခြားသား ပါဝင်ရောင်းဝယ်မှုကို ၃၅ ရာခိုင်နှုန်းအထိ ခွင့်ပြုထားသော်လည်း ကုမ္ပဏီများအနေဖြင့် မိမိဆုံးဖြတ်ချက်နှင့် မိမိသတ်မှတ်ထားကြောင်း သိရသည်။

နိုင်ငံခြားသားများ အစုရှယ်ယာ ဝယ်ယူရောင်းချခြင်းကို FMI က ၂ ရာခိုင်နှုန်း ခွင့်ပြုထားပြီး MTSH ကုမ္ပဏီက ၅ ရာခိုင်နှုန်းခွင့်ပြုထားကာ FPB ကုမ္ပဏီက ၃၅ ရာခိုင်နှုန်း (institutional only) ခွင့်ပြုထားကြောင်း သိရသည်။ MCB နှင့် TMH ကုမ္ပဏီနှစ်ခုမှာမူ ခွင့်ပြုထားခြင်းမရှိကြောင်း သိရသည်။ နိုင်ငံခြားသား ရင်းနှီး မြုပ်နှံသူများအနေဖြင့် FMI ကုမ္ပဏီတွင် ရှယ်ယာ ၃၀၉၁ ကျော်နှင့် မြန်မာသီလဝါတွင် ၁၇၆၀၀ ကျော်ဝယ်ယူ ထားကြောင်း သိရသည်။ ကိုဗစ်-၁၉ ကာလ တည်ငြိမ်မှုရရှိပြီးပါက နိုင်ငံခြားသားများ ပြန်လည်ဝင်ရောက် လာနိုင်ပြီး ဈေးကွက်ပိုမိုသွက်လက်လာနိုင်သည်ဟု ရန်ကုန်စတော့အိတ်ချိန်းက ခန့်မှန်းထားသည်။

ထို့ပြင် EFR Group of Companies Public Co., Ltd သည် ရန်ကုန်စတော့အိတ်ချိန်း၏ ဆဌမမြောက် စာရင်း ဝင်ကုမ္ပဏီအဖြစ် မေလ ၂၈ ရက်နေ့တွင် ဝင်ရောက်လာမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါကုမ္ပဏီသည် ထောက်ပံ့ပို့ဆောင်ရေးကို အခြေခံသော လုပ်ငန်းတစ်ခုဖြစ်ပြီး လက်အောက်ခံလုပ်ငန်းခွဲ ၇ ခု၊ တွဲဖက်လုပ်ငန်း ၁ ခုနှင့် ပရောဂျက် ၂ ခုတို့ဖြင့် ဖွဲ့စည်းထားသည်။ ၁၉၉၈ ခုနှစ်တွင် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းဖြင့် စတင် တည်ထောင်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲထူထောင်ခဲ့ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ်အတွင်း ရန်ကုန်စတော့အိတ်ချိန်းသို့ EFR အပြင် အခြားသော ကုမ္ပဏီများလည်း စာရင်းဝင် ရောက်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။ ကုမ္ပဏီများအနေဖြင့် အများပြည်သူသို့ အစုရှယ်ယာထုတ် ရောင်းခြင်းများ၊ ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီအဖြစ် ဆောင်ရွက်လိုခြင်းများအတွက် စတော့အိတ်ချိန်း လက်အောက်တွင် တည်ထောင်ဖွဲ့စည်းထားသော STF အဖွဲ့မှ နည်းပညာအကူအညီများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထင်ပေါ်ဝင်း(ကမာရွတ်)