ရန်ကုန်မြို့ ၌ ပထမဦးဆုံး တည်ဆောက်သည့် ရေဂါလံ (၁)သိန်းဆန့် ရေစုကန် (RC Ground Tank) တည်ဆောက်မှုလုပ်ငန်း ၉၉ ရာခိုင်နှုန်းဆောက်ရွက်ပြီးစီး နေပြီဖြစ်

ရန်ကုန်  ဇန်နဝါရီ  ၂၂

မိုးတွင်းကာလ ရန်ကုန်မြို့တွင်းရှိ ပြည်သူများနှစ်စဉ်ကြုံတွေ့နေကြရသော ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေးအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေစီးရေလာစီမံခန့်ခွဲမှု)မှ ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလလမ်းရှိ ရန်ကုန်မြို့တော် ခန်းမအတွင်း၌ ပထမဦးဆုံး ရေဂါလံ (၁)သိန်းဆန့် ရေစုကန် (RC Ground Tank) တည်ဆောက်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရေစုကန် တည်ဆောက်မှုလုပ်ငန်း ၉၉ ရာခိုင်နှုန်း ဆောက်ရွက်ပြီးစီးနေပြီဖြစ်၍ အချောသတ်လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှသိရသည်။

ရေဂါလံ (၁)သိန်းဆန့် ဝင်မည့် အဆိုပါ ရေစုကန်မှာ အလျား ၇၀ ပေ၊ အနံ ၃၃ ပေ နှင့် အနက် ၇ ပေရှိပြီး မိုးရာသီကာလအတွင်း မိုးသည်ထန်စွာ ရွာသွန်းချိန်နှင့် မြစ်ရေတက်ချိန် တိုက်ဆိုင်ပါက ရန်ကုန်မြို့လယ်တွင် ယာယီရေကြီးရေလျှံမှု ဖြစ်ပေါ်လေ့ရှိခြင်းကြောင့် မိုးရေများအား ယာယီသိုလှောင်နိုင်ရန်အတွက်တည်ဆောက်နေခြင်း ဖြစ်ကြောင်း၊ ရေစုကန်စတင်တည်ဆောက်ခဲ့စဉ်အခါက ဘေးတစ်ဖက်တစ်ချက်စီကို အကျယ်(၇)ပေစီရှိသည့် မြေတူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ နဂိုမူလအတိုင်းဖြစ်စေရန်အတွက် အဆိုပါ ဘေးတစ်ဖက်တစ်ချက်စီအား မြေ၊ခဲနှင့်သဲဖို့ခြင်းလုပ်ငန်းများ အပါအဝင် ကွန်ကရစ်ခင်းကျင်းခြင်း လုပ်ငန်းများ ဆောက်ရွက်၍ ခန်းမခြံစည်းရိုးပြုပြင်ခြင်း လုပ်ငန်းများကိုပါ ဆောင်ရွက်ပြီးစီးခဲ့ပြီ ဖြစ်ကြောင်း၊ ရန်ကုန်မြို့လယ်တွင် ယာယီရေကြီးရေလျှံမှု ဖြစ်ပေါ်လေ့ရှိခြင်းကြောင့် မိုးရေများအား ယာယီသိုလှောင်နိုင်ရန်အတွက် တည်ဆောက်နေခြင်းလည်းဖြစ်ရာ လမ်းပေါ်မှရေများအား ယာယီ ရေစုသိုလှောင်နိုင်ရန်အတွက် ရေစုကန်အတွင်းအကျယ် (၃)ပေပတ်လည်ရှိသော သံပန်း Manhole (၈)ပေါက်ဖြင့် ရေစီးဝင်စေနိုင်ရန်ဆောင်ရွက်မည်ဖြစ်သောကြောင့်အဆိုပါ သံပန်း Manhole (၈)ပေါက် အတွက် အချောသတ်လုပ်ငန်းများ ပါဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်ကြောင်းရေစုကန် (RC Ground Tank)တည်ဆောက်ရေးစီမံကိန်းလုပ်ငန်းခွင်မှသိရသည်။

''မိုးကြီးတာရေလျှံတာနဲ့ လမ်းပေါ်ရေတင်မှုအတွက် ရန်ကုန်မြို့မှာ ပထမဦးဆုံး ဆောက်လုပ်လိုက်တဲ့ မိုးရေကိုစုမယ့်ကန်ဖြစ်ပြီး ဆူးလေဘုရားလမ်း ဘက်ကနေ ရေကို ရေစုပ်ပန့်နဲ့ စုပ်ထုတ်မှာဖြစ်သလို အမှတ်(၁၀)ရေထိန်းတံခါး ၊ဆူးလေမြစ်ထွက်ပေါက်ဘက်ကလည်းအပြိုင် ရေစုပ်ပန့်နဲ့ ရေစုပ်ထုတ်ပြီး ရန်ကုန်မြစ်အတွင်း ရေများကိုစီးဆင်းစေမှာဖြစ်ပါတယ်၊ မကြာမီရေစုကန်တည်ဆောက်ပြီးစီးတော့မှာမို့

မိုးတွင်းကာလ နှစ်စဉ် ပြည်သူတွေကြုံတွေ့နေကြရတဲ့ ရေကြီးရေလျှံဖြစ်ပေါ်မှုများ မရှိတော့မှာဖြစ်ပြီး မြို့ထဲပတ်ဝန်းကျင် ဖြတ်သန်းသွားလာနေကြတဲ့ ပြည်သူတွေအနေနဲ့ စိတ်အေးချမ်းသာစွာ ဖြတ်သန်းသွားလာနိုင်ကြတော့မှာ ဖြစ်ပါတယ်''ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေစီးရေလာစီမံခန့်ခွဲမှု)၊ ဦးစီးအရာရှိဒေါ်မိုးမိုးအေးက စီမံကိန်းလုပ်ကငန်းခွင်၌ ရှင်းပြခဲ့သည်။

ရန်ကုန်မြို့လယ်ကောင်ဖြစ်သော ကျောက်တံတားမြို့နယ်၌ မိုးတွင်းကာလ ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေးအတွက် ရန်ကုန်မြစ်အတွင်း ရေများစီးဆင်းနိုင်ရန် ရေထိန်းတံခါး ၃ ခု ဆောင်ရွက်ထားကြောင်း၊ ရေစုကန်တည်ဆောက်ရေး စီမံကိန်းအတွက် ပြီးခဲ့သည့် နိုဝင်ဘာ ၂၁ ရက် ကလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တည်ဆောက်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယခု ဇန်နဝါရီလကုန်ပိုင်း၌ အပြီးသတ် တည်ဆောက်ပြီးစီးနိုင်ရန် လျာထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

သတင်း(ပွင့်သစ္စာ)

ဓာတ်ပုံ(စိုးမြင့်အောင်)