ရန်ကုန်မြို့ရှိ Quarantine စင်တာများနှင့် ဆေးရုံ၊ဆေးခန်းများမှ ထွက်ရှိလာသည့် စွန့်ပစ်အမှိုက်များအား စနစ်တကျ မီးရှို့ဖျက်ဆီး

ရန်ကုန်  ၄ ဧပြီ

 

ရန်ကုန်မြို့ရှိ Quarantine စင်တာများနှင့် ဆေးရုံ၊ ဆေးခန်းများမှ ထွက်ရှိလာသည့် စွန့်ပစ်အမှိုက်များအား ပတ်ဝန်းကျင်ရှိ ပြည်သူများ ရောဂါကူးစက်မှုမရှိစေရန် အတွက် စနစ်တကျသိမ်းဆည်းကာ မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ သိရသည်။

 

“ ဒီဟာတွေက တစ်ရက်တည်းလုပ်ရမှာ မဟုတ်ဘူး။ ရက်ရှည်သိမ်းဆည်းရမှာ ဖြစ်တဲ့အတွက် တာဝန်ထမ်းဆောင်မယ့် ဝန်ထမ်းတွေကို သီးသန့်ထားရှိထားပါတယ်။ အမှိုက်သိမ်းယာဉ် (၆)စီးမှာ ယာဉ်မောင်းတစ်ယောက် အကူကတော့ တစ်ချို့ယာဉ်တွေမှာ နှစ်ယောက်၊ တစ်ချို့ယာဉ်တွေမှာ သုံးယောက်ထားပေးတယ်။ သန့်ရှင်းရေးဆောင်ရွက်မယ့် ဝန်ထမ်းတွေကို PPE ဝတ်စုံတွေ ဝတ်ပေးထားတယ်။ လှိုင်သာယာထိန်ပင်မှာ သူတို့ကို သီးခြားနေထိုင်စေပြီး မနက် မိုးလင်းတာနဲ့ Quarantine ထားတဲ့နေရာတွေက အမှိုက်တွေ သွားသိမ်းပါတယ်။ သီးသန့်ယာဉ်၊ သီးသန့်လူနဲ့ သီးသန့်အဖွဲ့ဖွဲ့ပြီး အမှိုက်တွေကို စနစ်တကျ သိမ်းဆည်းပေးနေပါတယ်” ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ညွန်ကြားရေးမှူး ဒုတိယဌာနမှူး ဒေါက်တာအောင်မြင့်မော် က ပြောသည်။

 

အဆိုပါ Quarantine စင်တာများမှ ထွက်ရှိလာသည့် စွန့်ပစ်အမှိုက်များအား စနစ်တကျ သိမ်းဆည်းနိုင်ရန်အတွက် အမှိုက်သိမ်းယာဉ်များကို သီးသန့်စီစဉ်ထားပြီး တာဝန်ထမ်းဆောင်မည့် ယာဉ်မောင်းနှင့်သန့်ရှင်းရေး ဝန်ထမ်းများကို လည်း သီးသန့် အဖွဲ့ဖွဲ့ကာ ဆောင်ရွက်ပေးထားကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ သိရသည်။

 

ရန်ကုန်မြို့ရှိ Quarantine စင်တာများနှင့် ဆေးရုံ၊ ဆေးခန်းများက ထွက်ရှိသည့် စွန့်ပစ်အမှိုက်များကိုလည်း နေ့စဉ် အမှိုက်သိမ်းယာဉ် (၁၈) စီးစာခန့် သိမ်းဆည်းရကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနက သိရသည်။

 

“ Quarantine ထားတဲ့နေရာတွေကထွက်တဲ့ စွန့်ပစ်အမှိုက်တွေအပြင် ဆေးရုံ၊ ဆေးခန်းတွေက စွန့်ပစ်တဲ့အမှိုက်တွေ ကိုလည်း သိမ်းဆည်းပေးရပါတယ်။ ထိန်ပင်သုဿန်မှာရှိတဲ့ အမှိုက်မီးရှို့စက်မှာပဲ ပေါင်းပြီး မီးရှို့ဖျက်ဆီးပါတယ်။ တစ်ရက်ကို ဆေးရုံ၊ ဆေးခန်းကထွက်တဲ့ စွန့်ပစ်အမှိုက်တွေက ကား(၉)စီးလောက် သိမ်းရတယ်။ Quarantine ထားတဲ့ နေရာတွေက စွန့်ပစ်တဲ့အမှိုက်တွေက တစ်နေ့ကို ကား(၉)စီးလောက် သိမ်းရတယ်။ မီးရှို့တဲ့နေရာရောက်ရင်လည်း ကားတံခါးဖွင့် သိမ်းဆည်းလာတဲ့အမှိုက်တွေကို ဆေးပြန်ဖျန်း အမှိုက်မီးရှို့ပါတယ်။ အမှိုက်သိမ်းယာဉ်တွေကိုလည်း ဆေးဖြန်းတာတွေ ကားရေဆေးတာတွေ ပြန်လုပ်တယ်။ PPE ဝတ်စုံတွေကိုလည်း စနစ်တကျချွတ်ပြီး မီးရှို့ဖျက်ဆီး တယ်။ တစ်ကိုယ်ရေ သန့်ရှင်းရေးလုပ်ခိုင်းတယ်။ ကိုယ်အပူချိန်တိုင်းတာတွေ လုပ်ပေးတယ်”  ဟု ဒေါက်တာ အောင်မြင့်မော် က ပြောသည်။ 

 

ရန်ကုန်မြို့ရှိ Quarantine ထားရှိသည့် နေရာများနှင့် ဆေးရုံ၊ဆေးခန်းများမှ သိမ်းဆည်းလာသည့် စွန့်ပစ်အမှိုက်များကို လှိုင်သာယာမြို့နယ် ထိန်ပင်သုဿန်၌ တည်ဆောက်ထားသည့် တစ်ရက်လျင် တန်ချိန် (၂၀)ကျ မီးရှို့ဖျက်ဆီးနိုင်သည့် အပူချိန် ၁၂၀၀ ဒီဂရီစင်တီဂရိတ်ရှိ အမှိုက်မီးရှို့စက်တွင်ထည့်ကာ မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနက သိရသည်။

 

(သတင်း-မင်းသစ်(MNA)/ဓာတ်ပုံ-အောင်မြင့်မော်)