ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးရန်ကုန်မြို့တော် သန့်ရှင်းသာယာသပ်ရပ်ရေးနှင့် မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ရန်ကုန် ဒီဇင်ဘာ ၆

 

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန် ဦးညီညီ၊ ကော်မတီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မင်္ဂလာဒုံမြို့နယ်ရှိ  အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နားစခန်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

 

ထိုသို့ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများအား ကိုဗစ်ရောဂါ ကျရောက်သည့်ကာလအတွင်း ယာဉ်ဝင်ထွက်မှုနည်းခြင်းကြောင့် ယာဉ်များသည် Arrival Terminal သို့ဝင်ရောက် ခြင်းမရှိဘဲ လမ်းတွင် အတင်အချပြုလုပ်ခြင်းကြောင့် မလိုလားအပ်သည့် ပြဿနာများ မပေါ်ပေါက်စေရေး ကြပ်မတ်ဆောင်ရွက်ရန်၊   ယာဉ်များသွားလာမှု အဆင်ပြေစေရေး လမ်းများတိုးချဲ့ရန်နှင့် ဝင်းအတွင်း ရေကြီးရေလျှံမှု မဖြစ်စေရေးအတွက် ဒနင်းရိုးချောင်းကို ပြန်လည် ဆယ်ယူရန် မှာကြားသည်။

 

ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် အောင်မင်္ဂလာအဝေးပြေး ယာဉ်ရပ်နားစခန်းရှိ  Arrival Terminal ယာဉ်ဝင်ရောက်မှု၊ ဥဿာလမ်းရှိ သီရိမင်္ဂလာ အဆင့်မြင့်တည်းခိုရိပ်သာ၊ စက်မှုလမ်းရှိ သီရိစံ အဆင့်မြင့်တည်းခိုရိပ်သာ တိုးချဲ့မြေနေရာနှင့် ဒေသန္တရကျန်းမာရေး ဌာနတို့သို့ ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ  မှာကြားသည်။

 

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် တောင်ဥက္ကလာပမြို့နယ်၊ (၁၀) ရပ်ကွက်၊ မေတ္တာလမ်းရှိ ဈေးများနှင့် ကုန်စည်ပွဲရုံများဌာန၊ ပဒေသာ ဈေးအတွင်း စျေးရောင်း/စျေးဝယ် ပြည်သူများ ကျန်းမာရေးဝန်ကြီးဌာန၏ ချမှတ်ထားသော စည်ကမ်းချက်များနှင့်အညီ ရောင်းဝယ်  ဖောက်ကားမှု ရှိ/မရှိ၊ ပဒေသာအားကစားကွင်း သန့်ရှင်း သာယာသပ်ရပ်ရေးနှင့် ရေစီးရေလာ ကောင်းမွန်ရေးဆောင်ရွက်နေမှု၊ မင်္ဂလာတောင်ညွန့်မြို့နယ် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အတွင်း ရေစုကန် တူးဖော်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)