ရန်ကုန်ငွေပေးချေခြင်းကတ် ဝန်ဆောင်မှုနှင့် အရောင်းစင်တာများ ယာယီရပ်နားထားမည်

ရန်ကုန် ၂၂ စက်တင်ဘာ

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့နေမှုကြောင့် နည်းပညာဖွံ့ဖြိုးရေးနှင့် ပြည်သူလူထု သွားလာမှုအထောက်အကူပြုရေး လုပ်ငန်းတစ်ရပ်ဖြစ်သော Yangon Payment Service (YPS) ဝန်ဆောင်မှုစင်တာများနှင့် အရောင်းစင်တာများကို စက်တင်ဘာ ၂၂ ရက်မှစတင်ကာ ယာယီရပ်နားထားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူ သယ်ယူပို့ဆောင်ရေးအတွက် ပြေးဆွဲလျက်ရှိသော YBPC ကုမ္ပဏီ၊ ဗန္ဓုလကုမ္ပဏီနှင့် YUPT ကုမ္ပဏီလက်အောက်ရှိ ယာဉ်လိုင်းများတွင် YPS ကတ်စနစ်ကို အသုံးပြုပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။ ယခုအခါ YPS ကတ်အရေအတွက် ငါးသောင်းကျော်မှာ ပြည်သူများလက်ဝယ်သို့ ရောက်ရှိနေပြီး နေ့စဉ် ကတ်အသုံးပြုစီးနင်းမှု အနေဖြင့် ၄၅၀၀၀ ခန့်ရှိကြောင်း သိရသည်။

ရန်ကုန်ငွေပေးချေခြင်း ဝန်ဆောင်မှုကတ်များ၏ ဝန်ဆောင်မှုနှင့် အရောင်းစင်တာများကို အောက်တိုဘာ ရက်အထိ ယာယီရပ်နားထားမည်ဖြစ်သော်လည်း ကတ်ဝယ်ယူခြင်းနှင့် ငွေဖြည့်သွင်းခြင်း ဝန်ဆောင်မှုများကို သတ်မှတ်ထားသော g and g အရောင်းဆိုင်များတွင် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။ ကတ်နှင့်ပတ်သက်၍ အချက်အလက်များ မေးမြန်းလိုပါက YPS တရားဝင်လူမှုကွန်ရက်စာမျက်နှာတွင် မေးမြန်းနိုင်ကြောင်း သိရသည်။

ရန်ကုန်ငွေပေးချေခြင်းဝန်ဆောင်မှု YPS ကတ်များကို ဇူလိုင် ၂၁ ရက်မှစတင်ကာ တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော YBS ယာဉ်လိုင်းပေါင်း ၁၂ လိုင်းရှိ ယာဉ်အစီးရေ ၅၀၀ ကျော်တွင် စတင်အသုံးပြုခဲ့ကြောင်း သိရသည်။ ကတ်ဝန်ဆောင်မှုနှင့် အရောင်းစင်တာများ ပြန်လည်ဖွင့်လှစ်မည့်ရက်ကို YPS တရားဝင်လူမှုကွန်ရက် စာမျက်နှာမှ ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း သိရသည်။

ထင်ပေါ်ဝင်း(ကမာရွတ်) ဓာတ်ပုံ - YPS