ရန်ကုန်နှင့် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက် သရေကျ

ရန်ကုန် ၂၂ ဖေဖော်ဝါရီ

 

၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၇) ဒုတိယနေ့ကို ယနေ့ညနေပိုင်းက ဆက်လက်ကျင်းပရာ ရန်ကုန်နှင့် ရှမ်းယူနိုက်တက်၊ ဇွဲကပင်နှင့် ရခိုင်အသင်းတို့ သရေကျခဲ့ပြီး Southern အသင်း ပထမဆုံး နိုင်ပွဲရရှိခဲ့သည်။

 

YUSC ကွင်း၌ ကျင်းပသည့်ပွဲတွင် ရန်ကုန်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ နှစ်ဂိုးစီသရေကျခဲ့သည်။ နှစ်သင်းစလုံး အမှတ်လိုနေသောကြောင့် အားကုန်ထုတ်ကစားခဲ့သော်လည်း အပြန်အလှန်သွင်းဂိုးများဖြင့် သရေကျခဲ့ခြင်းဖြစ်သည်။ နှစ်သင်းစလုံး တစ်ကြိမ်စီ ဦးဆောင်နိုင်ခဲ့သော်လည်း အနိုင်ရလဒ်ရယူနိုင်ခဲ့ခြင်း မရှိသောကြောင့် ဇယားထိပ်ဆုံးမှ ဟံသာဝတီအသင်းကို ဖိအားပေးနိုင်ရန် ပိုမိုအားထုတ်ရတော့မည်ဖြစ်သည်။

 

ရန်ကုန်အသင်းသည် ပွဲထွက်လူစာရင်းကို အပြောင်းအလဲအချို့ ပြုလုပ်ခဲ့ပြီး တိုက်စစ်တွင် အီမန်နျူရယ်နှင့် အောင်ကျော်နိုင်တို့ကို တွဲပေးခဲ့ပြီး မောင်မောင်လွင်၊ ကောင်းထက်စိုး၊ မောင်မောင်ဝင်းတို့ဖြင့် ပွဲထွက်ခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် အဓိကတိုက်စစ်မှူး မာတူနာ ဒဏ်ရာရနေသောကြောင့် အထောင်တိုက်စစ်မှူးအဖြစ် အဘူဘာကာကို အသုံးပြုခဲ့ပြီး ခံစစ်သုံးဦးအထိုင် ကစားကာ အပြောင်းအလဲပြုလုပ်ခဲ့သည်။ ပထမပိုင်းတွင် ရှမ်းယူနိုက်တက်အသင်းက ရန်ကုန်အသင်း၏ အားနည်းချက်ကိုစောင့်ကာ ထိုးဖောက်ခဲ့ပြီး ၁၂ မိနစ်တွင် ဦးဆောင်ဂိုးရခဲ့သည်။ ဘယ်နောက်ခံလူ ဟိန်းဖြိုးဝင်းက တိုက်စစ်သို့လိုက်ပါကာ ခေါင်းတိုက်သွင်းယူခဲ့ခြင်းဖြစ်သည်။ ဂိုးပေးလိုက်ရပြီးနောက်ပိုင်းတွင် ရန်ကုန်အသင်း တိုက်စစ်မြင့်ခဲ့ပြီး ၂၈ မိနစ်တွင် ကွင်းလယ်ကစားသမား ရှိုရီ အဝေးမှကန်သွင်းရာ ရှမ်းနောက်ခံလူ ဒေးဗစ်ဒန်းဖျက်သော်လည်း ဂိုးထဲဝင်သွားခြင်းဖြစ်သည်။

 

mdn

 

ပထမပိုင်းအပြီးတွင် သရေကျနေသောကြောင့် ဒုတိယပိုင်းတွင် နှစ်သင်းစလုံး တိုက်စစ်မြင့်ခဲ့ပြီး ဂိုးသွင်းခွင့်များလည်း အပြန်အလှန်ရခဲ့သည်။ ၆၂ မိနစ်တွင် အဘူဘာကာ အပိုင်ကန်ခွင့်ရသော်လည်း ဘားထိထွက်သွား၍ နစ်နာခဲ့ရသည်။ ၇၄ မိနစ်တွင် ရန်ကုန်အသင်း ဦးဆောင်ဂိုးရခဲ့ပြီး ဘာဖိုက ခေါင်းတိုက်သွင်းယူခဲ့ခြင်းဖြစ်သည်။ ရန်ကုန်အသင်း ဦးဆောင်ဂိုးပြန်ရခဲ့သော်လည်း သုံးမိနစ်သာကြာခဲ့ပြီး ၇၇ မိနစ်တွင် အဘူဘာကာက အဝေးကန်ချက်ဖြင့် ရှမ်းယူနိုက်တက် အသင်းအတွက် ချေပဂိုးပြန်သွင်းခဲ့သည်။

 

မော်လမြိုင်ကွင်း၌ ကျင်းပသည့်ပွဲတွင် Southern အသင်းက ချင်းယူနိုက်တက်အသင်းကို ရှစ်ဂိုး-သုံးဂိုးဖြင့် အနိုင်ရခဲ့သည်။ ခြောက်ပွဲဆက် ရှုံးနိမ့်ထားမှုကို Southern အသင်း ရပ်တန့်နိုင်ခဲ့ပြီး ယခုရာသီ၏ ပထမဆုံးနိုင်ပွဲရယူကာ ဇယားအောက်ဆုံးမှ ရုန်းထွက်နိုင်ခဲ့သည်။ ချင်းယူနိုက်တက် အသင်းမှာမူ ငါးပွဲမြောက်ရှုံးပွဲနှင့်အတူ ဖိအားပိုများသွားပြီး တန်းဆင်းအန္တရယ်နှင့် နီးကပ်လာခဲ့သည်။ Southern အသင်းအတွက် အနိုင်ဂိုးများကို ၂၅၊ ၄၅+၂၊ ၄၆ မိနစ်တွင် အောင်မြတ်သူက ဟက်ထရစ်သွင်းယူခဲ့ပြီး ကျန်အနိုင်ဂိုးများကို ၄၀၊ ၈၆ မိနစ်တွင် ရန်ကျော်ထွေး၊ ၄၅+၁ မိနစ်တွင် ပိုင်စိုးဝေ၊ ၇၁ မိနစ်တွင် ရှိုင်းသူရ၊ ၈၃ မိနစ်တွင် ဖြိုးသက်ဦးတို့က သွင်းယူခဲ့သည်။ ချင်းယူနိုက်တက်အသင်းအတွက် ချေပဂိုးများကို ၄၈ မိနစ်တွင် ဆင်မြူရယ်၊ ၅၈ မိနစ်တွင် အက်ကာပိုနှင့် ၈၃ မိနစ်တွင် နန်းမင်းအောင်တို့က သွင်းယူခဲ့သည်။ သုဝဏ္ဏကွင်း၌ ကျင်းပသည့်ပွဲတွင် ဇွဲကပင်နှင့် ရခိုင်အသင်းတို့ တစ်ဂိုးစီသရေကျခဲ့သည်။ Southern အသင်း နိုင်ပွဲရယူချိန်တွင် သရေသာ ကစားနိုင်ခဲ့သောကြောင့် ဇွဲကပင်အသင်းသည် ဇယားအောက်ဆုံးသို့ ရောက်ရှိသွားခဲ့သည်။ ဇွဲကပင်အသင်းသည် ပထမဆုံးနိုင်ပွဲရရန် ကြိုးပမ်းခဲ့ပြီး ပွဲစကတည်းက တိုက်စစ်ဆင်ကစားခဲ့ရာ ပထမပိုင်းပြီးခါနီးတွင် ဦးဆောင်ဂိုးရခဲ့ပြီး ယာစင်က သွင်းယူခဲ့သည်။ ရခိုင်အသင်းအတွက် ချေပဂိုးကို ၈၃ မိနစ်တွင် ကောင်းမြတ်ကျော်က သွင်းယူခဲ့သည်။

 

ပွဲစဉ် (၇) နောက်ဆုံးနေ့ကို ဖေဖော်ဝါရီ ၂၃ ရက် ဆက်လက်ကျင်းပမည်ဖြစ်ပြီး ပဲခူး Grand Royal ကွင်း၌ ဟံသာဝတီအသင်းနှင့် စစ်ကိုင်းအသင်း၊ ပုသိမ်ကွင်း၌ ဧရာဝတီအသင်းနှင့် ရတနာပုံအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

သတင်း - ညီမြတ်သော်တာ

ဓာတ်ပုံ - ဖိုးသော်ဇင်