ရန်ကုန်(ပန်းဆိုးတန်း-ဒလ) ကူးတို့ရေယာဉ်များ ရုံးဖွင့်ရက်များတွင် ခေါက်ရေ ၃၀ နှုန်းနှင့် ရုံးပိတ်ရက်များ၌ ၂၄ ခေါက်နှုန်းဖြင့် ခေါက်ရေလျော့ပြေးဆွဲမည်

ရန်ကုန် ၁၉ စက်တင်ဘာ

ရန်ကုန်(ပန်းဆိုးတန်း-ဒလ) ကူးတို့ဆိပ်ကမ်းသည် ဒလမြို့နယ် ဒေသခံပြည်သူများအပါအဝင် တွံတေးမြို့နယ်၊ ကော့မှူးမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်များနှင့် အနယ်နယ်အရပ်ရပ်ရှိ ခရီးသွားမိဘ ပြည်သူများစွာတို့ကို   ရန်ကုန်မြို့သို့ နေ့စဉ်ကူးတို့ ပို့ဆောင်ပေးလျက်ရှိရာ လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်တားဆီးနိုင်ရေးနှင့် ခရီးသည်သွားလာမှု နည်းပါးခြင်းတို့ကြောင့် စက်တင်ဘာ ၁၂ ရက်မှ စတင်၍ အစိုးရရုံးဖွင့်ရက်များတွင် အသွား အခေါက် ၃၀၊ အပြန် အခေါက် ၃၀ နှုန်းဖြင့် ခေါက်ရေလျော့ ပြေးဆွဲပေးခဲ့ပြီး ယနေ့မှ စတင်၍ အပတ်စဉ် စနေနေ့နှင့် တနင်္ဂနွေနေ့ ရုံးပိတ်ရက်များတွင် အသွား ၂၄ ခေါက်၊ အပြန် ၂၄ ခေါက်ဖြင့် ပြေးဆွဲပို့ဆောင်သွားမည်ဖြစ်ကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေး (မြစ်ဝကျွန်းပေါ်ဌာနခွဲ)မှ ယနေ့ မွန်းလွဲပိုင်းက သိရသည်။

ရန်ကုန်မြို့သို့ အလုပ်သွားရောက်လုပ်ကိုင်ကြသော ခရီးသွားမိဘပြည်သူများ အဆင်ပြေစေရေးအတွက် ရည်ရွယ်၍ အစိုးရရုံးဖွင့်ရက်များတွင် ခေါက်ရေ ၃၀ ဖြင့် ဒလဆိပ်ကမ်းမှ သင်္ဘောထွက်ချိန် နေ့စဉ် နံနက် ၅ နာရီခွဲမှ ည ၉ နာရီအထိနှင့် ပန်းဆိုးတန်းဆိပ်ကမ်းမှ သင်္ဘောထွက်ချိန် နေ့စဉ် နံနက် ၆ နာရီမှ ည ၉ နာရီခွဲထိ ပြေးဆွဲပေးသွားမည်ဖြစ်ပြီး ထို့အတူ အပတ်စဉ် စနေနေ့နှင့် တနင်္ဂနွေနေ့များတွင် အသွား ၂၄ ခေါက်၊ အပြန် ၂၄ ခေါက်ဖြင့် နံနက် ၅ နာရီခွဲမှ ည ၈ နာရီထိ ပြောင်းလဲသတ်မှတ်၍ ပြေးဆွဲပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ရန်ကုန်(ပန်းဆိုးတန်း-ဒလ) ကူးတို့သင်္ဘောဆိပ်ကမ်း၌ ဒလမြို့နယ် ဒေသခံပြည်သူများ အပါအဝင် တွံတေးမြို့နယ်၊ ကော့မှူးမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်များရှိ ပြည်သူများ ကူးသန်းသွားလာလျက်ရှိရာ အစိုးရရုံးဖွင့်ရက်များတွင် ခရီးသည်သွားလာမှုအနေဖြင့် အသွား ၃၀၀၀၊ အပြန် ၃၀၀၀ ခန့်ရှိကြောင်း၊ ရုံးပိတ်ရက်များတွင် ခရီးသည်စီးနင်းမှု နည်းပါးကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားမီ ကာလများက အဆိုပါ ကူးတို့သင်္ဘောဆိပ်ကမ်းသည် အနယ်နယ်အရပ်ရပ်က ခရီးသွားပြည်သူ ၃၀၀၀၀ ကျော် ကူးသန်းသွားလာလျက်ရှိပြီး ဂျပန်နိုင်ငံမှ လှူဒါန်းထားသော ချယ်ရီသင်္ဘော (၃)စီးဖြင့် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး (မြစ်ဝကျွန်းပေါ်ဌာနခွဲ) မှ ခရီးသည်ပြည်သူများစွာတို့ကို နေ့စဉ် ကူးတို့ပို့ဆောင်ပြေးဆွဲပေးလျက်ရှိရာ ဝင်ငွေအကောင်ဆုံး ဆိပ်ကမ်းတစ်ခုပင် ဖြစ်သည်။

သတင်းနှင့်ဓာတ်ပုံ- နိုင်လင်းကျော်(ဒလ)