ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် ငွေကျပ် ၂ ဒသမ ၇၉၆ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများနှင့် ပဲခူးတိုင်းဒေသကြီး၊ ဘုရားကြီးမြို့တွင် ငွေကျပ် ၁ ဒသမ ၄၆ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော်  ၃၀  နိုဝင်ဘာ 

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် ငွေကျပ် ၂ ဒသမ ၇၉၆ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများနှင့် ပဲခူးတိုင်းဒေသကြီး၊ ဘုရားကြီးမြို့တွင် ငွေကျပ် ၁ ဒသမ ၄၆ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၊ ဆီးဘူးကျေးရွာမှ ကရင်ပြည်နယ်၊ လိပ်သိုမြို့နယ်၊ ယာဒိုကျေးရွာအထိ မူးယစ်ဆေးဝါးသယ်ဆောင်မည့် CANTA ယာဉ်ကို MARK-II မော်တော်ယာဉ်က ရှေ့ပြေး လမ်းပြအဖြစ် ဆောင်ရွက်လာကြောင်း သတင်းရရှိသဖြင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပိတ်ဆို့ရှာဖွေရာ နိုဝင်ဘာ ၂၇ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် ဒီးမော့ဆိုမြို့နယ်၊ ယပ်ခူကျေးရွာအနီး၌ စိုင်းခင်လှ(ခ)ခင်လှ မောင်းနှင်ပြီး ထွန်းကျင်(ခ) ထွန်းစိန်နှင့် ခိုင်ကိုထွန်း (ခ)ခိုင်ကိုတို့ ၃ ဦးလိုက်ပါလာသည့် Mark II ယာဉ်ကို ဖမ်းဆီးရမိခဲ့သည်။

Mark II ယာဉ်ဖြင့် မူးယစ်ဆေးဝါး သိုဝှက်သယ်ဆောင်လာသည့် CANTA မော်တော်ယာဉ်ကို လျှို့ဝှက်လိုက်ပါ စောင့်ကြည့်ခဲ့ပြီး နိုဝင်ဘာ ၂၈ ရက် နံနက် ၁ နာရီတွင် ရန်ကုန်-နေပြည်တော်အမြန်လမ်း၊ ရန်ကုန်တိုးဂိတ်အနီး၌ စစ်ဆေးရှာဖွေရာ ယာဉ်မောင်း ပန်းပန်းနှင့်အတူ CANTA ယာဉ်ကိုယ်ထည် ကြမ်းခင်းအောက်တွင် အံဝှက်ပြုလုပ် ထည့်သွင်းသယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၄,၆၆၀,၀၀၀  သိမ်းဆည်းရမိခဲ့သည်။

ဆက်လက်၍ ရန်ကုန်မြို့မှ မူးယစ်ဆေးဝါးလက်ခံမည့်သူများကို ၎င်းတို့ပေးထားသည့် ဖုန်းနံပါတ်များအတိုင်း ချိတ်ဆက်ဆက်သွယ်ရာ ယာဉ်အား လှိုင်သာယာမြို့နယ်အတွင်းအထိ မောင်းလာခိုင်းသဖြင့် ဆက်လက်မောင်းနှင်ပြီး ညနေ ၄ နာရီခွဲခန့်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၃,၀၀၀,၀၀၀ လက်ခံယူမည့် မင်းမင်း(ခ) အောင်အောင်အား မော်တော်ယာဉ်တစ်စီးနှင့်အတူ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ မွေးမြူရေးဇုန်၊ ရွှေရင်အေးကျောင်း(၃) လမ်းပေါ်တွင် လည်းကောင်း၊ ၎င်းအား မူးယစ်ဆေးဝါးများ သွားရောက်ယူဆောင်ခိုင်းသည့် ဇဝေလအား အင်းစိန်မြို့နယ်၊ မြို့သစ်(ဂ)ရပ်ကွက်၊ လာဘ်မိုးဆွေ(၁)လမ်း၊ အမှတ်(၃၆)တွင်လည်းကောင်း၊ စိတ်ကြွရူးသွပ် ဆေးပြား ၁,၆၆၀,၀၀၀ အားလက်ခံယူမည့် ကိုမျိုး(ခ) မျိုးသိုက်နှင့် ထွန်းထွန်းနိုင်(ခ) ထွန်းမောင်တို့နှစ်ဦးအား မော်တော်ယာဉ်တစ်စီးနှင့် အတူ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ မွေးမြူရေးဇုန်၊ ရွှေရင်အေးကျောင်း(၃)လမ်း ပေါ်တွင် လည်းကောင်း ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့ကို ဉပဒေအရအမှုဖွင့် အရေးယူထားရှိကြောင်း သိရသည်။

အလားတူ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂၉ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့အထွက် ရွှေသံလွင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဘုရားကြီး မြို့ဘက်မှ ဝေါမြို့ဘက်သို့ နေအောင်မောင်းနှင်လာသည့် အဖြူရောင် ၁၂ ဘီးမော်တော်ယာဉ်ကို ရှာဖွေရာ ကားခေါင်းနှင့် နောက်ဘော်ဒီကြားအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၉၇၅,၀၀၀ သိမ်းဆည်းရမိခဲ့ပြီး ယာဉ်မောင်းအား စစ်ဆေးဖော်ထုတ်ချက်အရ ရဲဝင်းအောင်နှင့် ဖြိုးဝေအောင်တို့မှာ Suzuki မော်တော်ယာဉ်ဖြင့် မူးယစ်ဆေးဝါးများ သယ်ဆောင်ရာတွင် ရှေ့ပြေးလမ်းပြယာဉ်အဖြစ် မောင်းနှင်သွားကြောင်း သိရှိရသဖြင့် ဆက်လက်ဖော်ထုတ်ရာ အဆိုပါမော်တော်ယာဉ်ကို ကျိုက်ထိုမြို့နယ်၊ စစ်တောင်းတံတားတွင် ဖမ်းဆီးရမိခဲ့ပြီး နေအောင်(၃၇)နှစ်၊ ရဲဝင်းအောင် (၂၇)နှစ်၊ ဖြိုးဝေအောင်(၂၃)နှစ်တို့ကို ဉပဒေအရ အမှုဖွင့် အရေးယူထားရှိကြောင်း သိရသည်။

(ရဲပြန်ကြား)