ရန်ကုန်တိုင်းဒေသကြီး ပြည်သူလူထုအခြေပြု ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေး ရပ်ရွာစေတနာ့ဝန်ထမ်းသင်တန်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဆွေးနွေးပြောကြား

နေပြည်တော် ၂၆ ဇန်နဝါရီ

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူလူထုအခြေပြု ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြမည့် ရပ်ရွာစေတနာ့ဝန်ထမ်း (Community COVID Volunteer – CCV) များအား လေ့ကျင့်မွေးထုတ် အကောင်အထည်ဖော်ရေး အသိပညာပေးသင်တန်းကို ယနေ့နံနက်ပိုင်းတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။

ဆွေးနွေးပွဲတွင် အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့အတွင်းရေးမှူး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မိမိတို့နိုင်ငံ၌ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လကစ၍ ကိုဗစ်-၁၉ ဒုတိယလှိုင်းစတင်ဖြစ်ပွားခဲ့ရာ ပြည်သူများပါဝင်မှုနှင့်ကြံ့ကြံ့ခံပြီး ရင်ဆိုင်ကျော်လွှားလျက်ရှိပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ရောဂါဖြစ်ပွား သေဆုံးမှုနှုန်းကျဆင်းလာပြီဖြစ်သော်လည်း ဆက်လက်ဖြစ်ပွားဆဲ ဖြစ်ကြောင်း၊ ဒုတိယလှိုင်းကို အောင်မြင်စွာ ရင်ဆိုင်ကျော်ဖြတ်ပြီးပါက တတိယလှိုင်း မဖြစ်ပွားစေရေး ကာကွယ်ရမည်ဖြစ်ပါကြောင်း၊  ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးမည့်အစီအစဉ်များလည်း စတင်တော့မည်ဖြစ်၍ ပြည်သူများအတွက် အားတက်စရာဖြစ်ပါကြောင်း၊ သို့သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါက ရှိနေဦးမည်ဖြစ်သည့်အတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများ ကြာရှည်ဆောင်ရွက်ရမည် ဖြစ်၍ အစိုးရနှင့်ပြည်သူ ပိုမိုလက်တွဲညီစွာ ဆက်လက်ဆောင်ရွက်နိုင်ရေးသည် အလွန်အရေး ကြီးပါကြောင်း။

ထို့ကြောင့် ရပ်ကွက်၊ ကျေးရွာများမှ လူငယ်ကော်မတီအဖွဲ့ဝင်များ၊ အမျိုးသမီး ကော်မတီအဖွဲ့ဝင်များ၊ ကြက်ခြေနီအဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့အစည်းများအပါအဝင် ပြည်သူများ၏ အင်အားဖြင့် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်နိုင်ရန် ရပ်ကွက်၊ ကျေးရွာ ပြည်သူများပါဝင်သော ရပ်ရွာစေတနာ့ဝန်ထမ်း (Community Covid Volunteer-CCV) များ မွေးထုတ်ပေးနိုင်ရေးအတွက် စီမံချက်ရေးဆွဲပြီး ပူးပေါင်းပါဝင်ဆောင်ရွက်မည့် စေတနာ့ဝန်ထမ်းများအား ယခုလိုအသိပညာပေး သင်တန်းကို ဆောင်ရွက်ပေးရခြင်း ဖြစ်ပါကြောင်း။

လုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော်ရာ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများတွင် ရပ်ကွက်၊ ကျေးရွာအလိုက် စေတနာ့ဝန်ထမ်းများက ပြည်သူများ Mask မဖြစ်မနေတပ်ဆင်ရေး၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေရေး၊ လက်ကိုစနစ်တကျ ဆေးကြောရေး၊ တစ်ဦးနှင့်တစ်ဦး အသိပေးခြင်း၊ သတိပေးခြင်း မိသားစုစီမံချက်အောင်မြင်ရေး စသည့် ပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန်ဖြစ်ကြောင်း၊ မိမိတို့ ရပ်ကွက်၊ ကျေးရွာအတွင်းရှိ ရပ်ဆွေ၊ ရပ်မျိုးများ ရောဂါလက္ခဏာခံစားရပါက သက်ဆိုင်ရာသို့ ချိတ်ဆက်ညွှန်းပို့ခြင်း၊ ပံ့ပိုးကူညီခြင်းများကို ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ရန်လည်း ဖြစ်ကြောင်း၊ ရေရှည်တွင် ရပ်ကွက်၊ ကျေးရွာအတွင်း ဘေးအန္တရာယ်တုံ့ပြန်ရေး၊ လူမှုအထောက်အပံ့များပေးရေး၊ ကျန်းမာရေးအသိပညာပေးနှင့် ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်နိုင်ရေး စသည်တို့အတွက် အသင့်ဖြစ်စေရန်လည်း ရည်ရွယ်ပါကြောင်း။

ရပ်ရွာစေတနာ့ဝန်ထမ်းများကို အသိပညာပေးသင်တန်းဆောင်ရွက်နိုင်ရန် အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့၊ အတွင်းရေးမှူးရုံးက စေတနာ့ဝန်ထမ်းများအား စုဆောင်းခြင်းနှင့် အသိပညာပေးသင်တန်းများ ဆောင်ရွက်ခြင်းများကို  စီစဉ်ပေးလျက်ရှိကြောင်း၊ ပထမအကြိမ်အနေဖြင့် မန္တလေးတိုင်းဒေသကြီးမှ ရပ်ရွာစေတနာ့ဝန်ထမ်း (၁၀၅)ဦးကို ဇန်နဝါရီ ၁၂ ရက်တွင်လည်းကောင်း၊ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးမှ ရပ်ရွာစေတနာ့ဝန်ထမ်း (၉၇)ဦးကို ဇန်နဝါရီ ၁၄ ရက်တွင်လည်းကောင်း အသိပညာပေး သင်တန်းများ ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း။

ယနေ့ရန်ကုန်တိုင်းဒေသကြီးမှ သင်တန်းပေးရန်ကျန်ရှိသည့် ရပ်ရွာစေတနာ့ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့က စာရင်းပေးပို့လာသော စေတနာ့ဝန်ထမ်း စုစုပေါင်း(၁၃၀)ကို အသိပညာပေးမည့် အစီအစဉ်ဖြစ်ကြောင်း၊ ယနေ့အစီအစဉ်ကို ဆက်လက်ပါဝင်ဆွေးနွေးပေးကြမည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့မှ ဘာသာရပ်ဆိုင်ရာ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ ဆရာဝန်အသင်းမှ ပညာရှင် ဆရာ၊ ဆရာမကြီးများကိုလည်း ကျေးဇူးအထူးတင်ပါကြောင်း။

သင်တန်းပြီးဆုံးသည့်အခါ  သင်တန်းတက်ရောက်ပြီးသူများစာရင်းကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျန်းမာရေးဌာနများသို့ပေးပို့ ချိတ်ဆက်ပေးသွားမည်ဖြစ်ကြောင်း၊ စေတနာ့ဝန်ထမ်းများ၊ လူမှုအဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာများက အချိတ်ဆက်မိမိဖြင့် မိမိတို့ရပ်ကွက်၊ ကျေးရွာများအတွင်းရှိ ပြည်သူများကို ထိရောက်စွာ ကူညီနိုင်ရန် ဖြစ်ပါကြောင်း၊ သို့မှသာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ ဆိုင်ရာ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များကို အကောင်းဆုံးပူးပေါင်း ပံ့ပိုးနိုင်မှာ ဖြစ်ပါကြောင်း၊ ပြည်သူလူထုအခြေပြုရပ်ရွာစေတနာ့ ဝန်ထမ်းများကို ရပ်ကွက်၊ ကျေးရွာများအတွင်း အသင့်စုစည်းထားနိုင်ခြင်းသည် ပြည်သူလူထု၏ လူမှုစီးပွားဖွံ့ဖြိုးတိုး တက်ရေးအတွက် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်းနှင့် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြသူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံဆရာဝန်အသင်း ဒုတိယဥက္ကဌ ပါမောက္ခ ဒေါက်တာ မြသီတာက အသိပညာပေးသင်တန်းအစီအစဉ်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံဆရာဝန်အသင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့မှ ပညာရှင်ဆရာ၊ ဆရာမများက ရပ်ရွာစေတနာ့ဝန်ထမ်းများအား ပြောဆိုဆက်သွယ်ဆောင်ရွက်မှုဆိုင်ရာ ကျွမ်းကျင်မှု၊ စေတနာ့ဝန်ထမ်းတာဝန်နှင့် လုပ်ငန်းလမ်းညွှန်၊ စိတ်လူမှုပိုင်းဆိုင်ရာ ပံ့ပိုးမှုပေးခြင်းနှင့် အမျိုးသမီးများ အပေါ်အကြမ်းဖက်မှုများ၊ ကိုယ်တိုင်ဆုံးဖြတ်နိုင်ရေးနှင့် နှစ်သိမ့်ဆွေးနွေး ကူညီပေးရေး၊ ကိုဗစ်နှင့် ကိုယ်ဝန်ဆောင်မိခင်နှင့် နို့စို့ကလေးများ၊ ကိုဗစ်နှင့် သက်ကြီးရွယ်အိုများ၊ ကိုဗစ်နှင့် နာတာရှည်ရောဂါဝေဒနာရှင်များ၊ ကိုဗစ်နှင့် ကလေးသူငယ်များ၊ ရောဂါကာကွယ်ခြင်း နည်းလမ်းများ၊ ကိုဗစ် ကာကွယ်ဆေးထိုးခြင်းနှင့် ပတ်သက်သည့် အကြောင်းအရာများ စသည့် ခေါင်းစဉ်များအလိုက် ရှင်းလင်းပို့ချခဲ့ကြပြီး စေတနာ့ဝန်ထမ်းများနှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်