ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်၌ ၂၀၂၀ ပြည့်နှစ်အတွင်း ရာဇဝတ်မှုပေါင်း ၈၁၅ မှုနှင့် တရားမမှုပေါင်း ၁၂၁၅ မှု တို့ကို အပြီးသတ်အမိန့်ချမှတ်ခဲ့

ရန်ကုန်၊  ၁၈  ဇန်နဝါရီ

 

ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်၌ ၂၀၂၀ ပြည့်နှစ်အတွင်း ရာဇဝတ်မှုပေါင်း ၈၁၅ မှုနှင့် တရားမမှု ပေါင်း ၁၂၁၅ မှုတို့ကို အပြီးသတ်အမိန့်ချမှတ်ခဲ့ကြောင်း တိုင်းဒေသကြီးတရားလွှတ်တော် သတင်းပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်၌ လက်ကျန်အမှုများအနေဖြင့် ရာဇဝတ်မှုလက်ကျန် ၁၁၇၃ မှု ကျန်ရှိပြီး တရားမမှုအနေဖြင့် ၃၃၂၄ မှု ကျန်ရှိကြောင်း သိရသည်။ တိုင်းဒေသကြီး တရားလွှတ်တော်တွင် လက်ရှိဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ သတင်းပြန်ကြားရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင့်တင့်မော် က “ အခုလက်ရှိအနေနဲ့ ရာဇဝတ်မှုတွေက သက်သေတွေလာရင် စစ်ဆေးတာနဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေဆဲ ဖြစ်တဲ့အတွက် တရားခံကို PPE ဝတ်စုံနဲ့ရုံးထုတ်ပြီး စစ်ဆေးတာတွေ ဆောင်ရွက်နေပါတယ်” ဟု ပြောကြားသည်။

 

တိုင်းဒေသကြီးတရားလွှတ်တော်တွင် စစ်ဆေးလျက်ရှိသော ရာဇဝတ်မှုများမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ စွဲဆိုထားသော အမှုများဖြစ်ပြီး အခြားရာဇဝတ်မှုများမှာ ခရိုင်နှင့်မြို့နယ်တရားရုံးများတွင် စွဲဆိုခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် တရားမမှုများ၌ ငွေရလိုမှုနှင့် ဘဏ်အပေါင်အမှုတို့မှာ အများဆုံးဖြစ်ကြောင်း သိရသည်။

 

mdn

 

တိုင်းဒေသကြီးတရားလွှတ်တော်သို့ မြို့နယ်၊ ခရိုင်တရားရုံးများ၏ စီရင်ချက်များကို ပြင်ဆင်မှု/ အယူခံမှုများ တင်သွင်းလာပါက အမှုလက်ခံဌာနမှ လက်ခံစိစစ်၍ အမှုဖွင့်လှစ်နိုင်ရေးကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရှိ တရားသူကြီးတစ်ဉီးအနေဖြင့် အယူခံ/ ပြင်ဆင်မှုများ မပါဝင်ဘဲ ရာဇဝတ်ကြီးမှုနှင့် တရားမကြီးမှု စုစုပေါင်း ၁၀၀ နီးပါးခန့်ကို ကိုင်တွယ်စစ်ဆေးနေရကြောင်း သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်အနေဖြင့် မတ်လ ၁ ရက်မှစတင်ကာ တရားစီရင်ရေးလုပ်ငန်းစဉ်ဖြစ်သော တရားရုံးမှဉီးဆောင်သည့် စေ့စပ်ဖြေရှင်းရေး အစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

 

ထင်ပေါ်ဝင်း(ကမာရွတ်)၊

ဓာတ်ပုံ - လင်းညွန့်