ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ကိုဗစ်-၁၉ ရောဂါ ဆက်စပ်သူများထားရှိရာ အိမ်ရာများသို့ အသံချဲ့စက်ဖြင့် အားပေးစကားပြောကြား

ရန်ကုန် ၂၇ စက်တင်ဘာ

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် ကိုဗစ်-၁၉ ရောဂါ လူနာများနှင့် ထိတွေ့ဆက်စပ်သူများ ထားရှိရာ တောင်ဒဂုံမြို့နယ် အောင်မြင့်မိုရ်အိမ်ရာသို့ စက်တင်ဘာ ၂၆ ရက် ညနေ ၆ နာရီခန့်က သွားရောက်၍ အသံချဲ့စက်ဖြင့် အားပေးစကားပြောကြားသည်။

ဝန်ကြီးချုပ်​က "နိုင်ငံအတွင်း၊ တိုင်းအတွင်းဖြစ်နေသော ကိုဗစ်-၁၉ ရောဂါကို ကျွန်တော်တို့အားလုံး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်မှသာလျှင် ဒီအခြေအနေက လွန်မြောက်နိုင်မှာ ဖြစ်ပါကြောင်း၊ ဒီမှာရောက်နေသည့် သူအားလုံး စိတ်ဓါတ်ကျစရာ မလိုပါကြောင်း၊ အခုဖြစ်ပေါ်နေသော ရောဂါကြီးကို အားလုံးညီညီညွတ်ညွတ်နဲ့ တွန်းလှန်နိုင်ဖို့ ကြိုးစားနေကြပါကြောင်း၊ အလှူရှင်များနဲ့ နိုင်ငံတော်ကလည်း ဖြည့်စွက်ပြီး ဆောင်ရွက်ပေးနေပါကြောင်း၊ အမြို့မြို့ အနယ်နယ်က ဆရာဝန်၊ ဆရာမများ၊ လူမှုရေးအသင်းအဖွဲ့များမှ စေတနာရှင်ပုဂ္ဂိုလ်များကလည်း ပူးပေါင်းကူညီ ဆောင်ရွက်ပေးနေပါကြောင်း၊ ဒါကြောင့် Quarantine ဝင်နေကြသူများအားလုံးက ကိုယ်ရဲ့ကျန်းမာရေးကောင်းအောင် ကြိုးစားခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါကို ဝိုင်းဝန်းတိုက်ဖျက် ပေးပါလို့ပြောချင်ပါကြောင်း၊ ယခု Quarantine ဝင်နေကြသူများ အားလုံး စားရေး၊ နေရေး၊ ထိုင်ရေးအားလုံး အဆင်ပြေအောင် ဆောင်ရွက်ပေးထားပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ဒဂုံဆိပ်ကမ်းမြို့နယ် ရိုးမအိမ်ရာရှိ အုပ်ချုပ်မှုအဖွဲ့တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ကိုဗစ်-၁၉ ရောဂါ ကျန်းမာရေးစောင့်ရှောက်ပေးနေမှု အခြေအနေများကို မေးမြန်းပြီး လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါနှင့် ဆက်စပ်သူများနေထိုင်ရာ အောင်မြင့်မိုရ်အိမ်ရာနှင့် ရိုးမအိမ်ရာတို့အတွက် အလှူရှင်များနှင့် We Love  Yangon ပရဟိတလူမှု ကူညီရေးအဖွဲ့မှ တကိုယ်ရေသုံးပစ္စည်းများ၊ Air con စက်များ၊ Sky net လိုင်းတပ်ဆင်ထားသော TV များ၊ ထမင်းချက်စားရန်  Rice cooker ၊ ပေါ်ဆန်းမွေးဆန်၊ ခေါက်ဆွဲခြောက်၊ ကြက်ဥနှင့် အခြားစားဖွယ် အစုံစုံကို လှူဒါန်းထားရှိပေးထားကြောင်း သိရသည်။

ဆန်းကျော်ဦး (ပြန်/ဆက်)