ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် Burma Final Revolution Armed Force-BFRAF အမည်ခံအကြမ်းဖက်အဖွဲ့ဝင်များအား ထပ်မံဖမ်းဆီးရမိ

နေပြည်တော် ဇွန်လ ၂၉

ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ပြည်သူများအား အဓိကပစ်မှတ်ထား၍ သတ်ဖြတ်ခြင်းတို့အား ဆောင်ရွက်နိုင်မှုမရှိစေရေး ဖော်ထုတ်ဖမ်းဆီးခြင်းများ ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်မှုအား မလိုလားသော ပြည်သူများ၏ သတင်းပေးမှုများကြောင့် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၈ ရက်တွင် Burma Final Revolution Armed Force- BFRAF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင် ရဲနောင်ထွန်း(ခ) Demon အား ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင် မြို့နယ်တွင် လည်းကောင်း၊ ရဲမင်းဟိန်း(ခ)ရဲဖြိုးအောင်(ခ)ရဲကြီး၊ ကျော်စွာထက်(ခ)ပေါ်လာတို့အား ရွှေပြည်သာမြို့နယ်တွင် လည်းကောင်း၊ ဇွန်လ ၂၅ ရက်တွင် ရန်နိုင်ထူး(ခ)နဂါးလေးအား ထန်းတပင် မြို့နယ်၊ တူးချောင်းကျေးရွာအုပ်စု၊ ရေတလိကျေးရွာတွင် လည်းကောင်း၊ ဇွန်လ ၂၆ ရက် နံနက်ပိုင်းတွင် ဇင်ကိုဦး၊ ချစ်မိုး(ခ)ကျော်သက်ဝေ၊ စန်းလွင်တို့အား လှိုင်သာယာမြို့နယ်တွင် လည်းကောင်း ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည့်သတင်းအား ဇွန်လ ၂၆ ရက်တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဇွန်လ ၂၆ ရက် ညပိုင်းတွင် BFRAF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များဖြစ်သည့် ရှုမောင်မောင်အောင်၊ ၎င်းနှင့်တရားမဝင် ပေါင်းသင်းနေသူ သင်းရနံ့လှိုင်၊ ထက်လင်းနိုင်၊ ၎င်းနှင့်တရားမဝင်ပေါင်းသင်းနေသူ အေးသီရိမိုး၊ ဝေယံဖြိုး၊ ၎င်းနှင့်တရားမဝင်ပေါင်းသင်းနေသူ ဇွန်ပွင့်ခင်ဦး၊ ကျော်ဇင်သိန်း၊ ၎င်းနှင့်တရားမဝင် ပေါင်းသင်းနေသူ ဖြူဖြူသွယ်၊ ကောင်းဆက်သူ၊ ၎င်းနှင့်တရားမဝင် ပေါင်းသင်းနေသူ ခင်သန္တာလွင်နှင့် ဝေယံမိုးဦး(ခ)ဂျင်မီတို့ ၁၁ ဦးသည် ရွှေပြည်သာမြို့နယ်ရှိ တိုက်ခန်း၌ ပါတီပွဲကျင်းပ၍ မူးယစ်သောက်စားနေစဉ် Sigsauer ပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ပွိုင့်-၃၈၀ ကျည် ၅၀ တောင့်၊ လက်လုပ်မိုင်း ၇၀ လုံး၊ လမ်းလျှောက်စကားပြောစက် ၂ လုံး၊ ၅ ဂါလံဆံ့အက်ဆစ်ပုံ ၃ ပုံ၊ ၂ ဂါလံဆံ့ အက်ဆစ်ပုံ ၂ လုံး၊ Keypad ဖုန်း ၁ လုံး၊ ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံ ခင်သန္တာလွင်၏ ထွက်ဆိုချက်အရ သာကေတမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ စာတိုက်(၂)လမ်း၊ အိမ်အမှတ်(ခ/၁၆)မှ လက်လုပ်မိုင်း ၅ လုံးနှင့် ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများအား ထပ်မံသိမ်းဆည်းရမိခဲ့သည်။

ဖြစ်စဉ်တွင် တရားခံ ကျား ၁၃ ဦး၊ မ ၅ ဦး၊ စုစုပေါင်း ၁၈ ဦးတို့အား Sigsauer ပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ပွိုင့်-၃၈၀ကျည် ၅၀ တောင့်၊ လက်လုပ်မိုင်း ၇၅ လုံး၊ လမ်းလျှောက် စကားပြောစက် ၂ လုံး၊ ၅ ဂါလံဆံ့အက်ဆစ်ပုံ ၃ ပုံ၊ ၂ ဂါလံဆံ့အက်ဆစ်ပုံ ၂ လုံး၊ Keypad ဖုန်း ၁ လုံး၊ ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ရှုမောင်မောင်အောင်သည် KLNA တပ်မဟာ(၃)နယ်မြေ၌ လည်းကောင်း၊ ဝေယံဖြိုး၊ ဝေယံမိုးဦး(ခ)ဂျင်မီနှင့် ခင်သန္တာလွင်တို့သည် တိုက်ကြီးမြို့နယ်အနီးရှိ တောတွင်းတစ်နေရာ၌လည်းကောင်း အကြမ်းဖက် ဖောက်ခွဲရေးသင်တန်း ၁ လ တက်ရောက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

BFRAF အမည်ခံ အကြမ်းဖက်အဖွဲ့သည် နိုင်ငံတော်၏အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန်နှင့် အပြစ်မဲ့ပြည်သူများ ထိတ်လန့်မှုဖြစ်စေရန်ရည်ရွယ်၍ အများပြည်သူနှင့် သက်ဆိုင်သော နေရာများတွင် အကြမ်းဖက်ဖောက်ခွဲမှု ၂ ကြိမ် ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်-

- ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်တွင် ကျောက်တံတားမြို့နယ်၊ အမှတ်(၁) ရပ်ကွက်ရှိ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးအား လက်လုပ်မိုင်း ၁ လုံးဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့ကြောင်း။

- ဖေဖော်ဝါရီလ ၁ ရက်တွင် သာကေတမြို့နယ်၊ ရန်အောင်ရပ်ကွက်၌ လက်လုပ်မိုင်း ၁ လုံးဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့ကြောင်း။

သို့ဖြစ်ပါ၍ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှုဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူများ၊ နောက်ကွယ်မှ ထောက်ပံ့ပေးလျက်ရှိသော ဆက်စပ်တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့ ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာ နေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ဆုငွေများချီးမြှင့် ပေးလျက်ရှိကြောင်းနှင့်မြို့ရွာများ အမြန်ဆုံးအေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူ တစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေး သတင်းထုတ်ပြန် အပ်ပါသည်။

သတင်းစဉ်