ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ကိုဗစ် - ၁၉ ရောဂါကုသရေးဌာန ယာယီဆေးရုံ (Tent Hospital) သုဝဏ္ဏသို့ သွားရောက်ကြည့်ရှုစစ်ဆေး

ရန်ကုန်  ၁၉  စက်တင်ဘာ

 

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် စက်တင်ဘာ ၁၉ ရက်၊ မွန်းလွဲ ၁ နာရီခန့်က သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏဘောလုံး အကယ်ဒမီကျောင်း မြက်ခင်းတုအားကစားကွင်းရှိ ယာယီဆေးရုံ (Tent Hospital)၌ ကိုဗစ် - ၁၉ အတည်ပြု လူနာများနှင့် ထိတွေ့ဆက်စပ်သည့် သူများအား အသွားအလာကန့်သတ်စောင့်ကြပ် ကြည့်ရှုထားရှိနိုင်ရေး ဆောင်ရွက်ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

 

ယာယီဆေးရုံ (Tent Hospital)တည် ဆောက်ပြီးစီးမှုများနှင့် စပ်လျဉ်းပြီး တိုင်းဒေသကြီး ကိုဗစ် - ၁၉ ကာကွယ် ထိန်းချုပ်ကုသရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ၊ ဒုတိယ ဥက္ကဋ္ဌ၊ ဆေးတက္ကသိုလ် ၁ ရန်ကုန် ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာ ဇော်ဝေစိုး နှင့် ဧရာဝတီဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးဇော်ဇော်တို့ က ရှင်းလင်းတင်ပြကြသည်။

 

ရောဂါလက္ခဏာ မပြင်းထန်သူများ၊  အသက်ငယ်ရွယ်သူများ၊ နောက်ခံရောဂါမရှိသူများ စသည့် ရောဂါ လက္ခဏာ ပြင်းထန်ခြင်းမရှိ၊ မစိုးရိမ်ရသည့်ကိုဗစ် - ၁၉ လူနာများကို ယာယီဆေးရုံများဖန်တီးပြီး ပြောင်းရွှေ့ ကုသခြင်းအစီအစဉ်အရ ယခုဆေးရုံအား ဧရာဝတီဖောင်ဒေးရှင်းက တာဝန်ယူ တည်ဆောက်ပေးခဲ့ပြီး ယာယီဆေးရုံ တစ်ခုလျှင် ကိုဗစ် - ၁၉ လူနာ ၁၀၄ ဦး ထားရှိနိုင်မည့်ဖြစ်ရာ ဆေးရုံ လေးခုတွင်(၄၁၆)ဦးနှင့် တာဝန်ထမ်းဆောင်ကြမည့် ကျန်းမာရေးဝန်ထမ်း နှင့် စေတနာ့ဝန်ထမ်း (၁၀၀) နေထိုင်နိုင်မည့် ဖြစ်ကြောင်း သိရသည်။

 

ကျန်းမာရေး စောင့်ရှောက်မှု နှင့် ကုသရေးလုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဆောင်ရွက်သွားမှာဖြစ်ပြီး နေရေးထိုင်ရေးနှင့် နေ့စဉ်အစားအသောက် ကုန်ကျစရိတ်များကို  ဧရာဝတီ ဖောင်ဒေးရှင်းက တာ၀န်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဆန်းကျော်ဦး (ပြန် / ဆက်)