“ရည်းစားတစ်ခုလပ်များ” ရုပ်ရှင် ဒီဇင်ဘာ ၁၂ ရက်တွင် ရုံတင်ပြသမည်

ရန်ကုန်  ၉   ဒီဇင်ဘာ

 

“ရည်းစားတစ်ခုလပ်များ” ဟာသရုပ်ရှင်ကို ဒီဇင်ဘာ ၁၂ ရက်တွင် တစ်နိုင်ငံလုံးရှိ အဆင့်မြင့် ရုပ်ရှင်ရုံများတွင် ရုံတင်ပြသမည်ဖြစ်ပြီး ယင်းရုပ်ရှင်၏ အထူးပွဲကို ရန်ကုန်မြို့၊ မြေနီကုန်း၊ ဒဂုံစင်တာ(၂)ရှိ မင်္ဂလာအဆင့်မြင့်ရုပ်ရှင်ရုံတွင် ဒီဇင်ဘာ ၈ ရက် ညပိုင်းက ပြသခဲ့သည်။

 

“ရည်းစားတစ်ခုလပ်ဆိုတာ ကျွန်တော်တို့က ရည်းစားတွေနဲ့ အဆင်မပြေတွေဖြစ်ပြီး ပြတ်ကုန်ကြတာပါ။ ရယ်ချင်တယ်ဆိုရင် လာကြည့်ပါ” ဟု အကယ်ဒမီ မင်းမော်ကွန်း က ပြောသည်။

 

“ဖေ့စ်ဘွတ်ခ်က plot တွေက တစ်နေ့တစ်မျိုး အသစ်တွေထွက်တာ အဲဒီ အသစ်တွေ အကုန်လုံးကို ရိုက်ထားတာ၊ ခုခေတ် ဖေ့စ်ဘွတ်ခ်မှာ ခေတ်စားတဲ့ လူပြောများတာတွေကို ရိုက်ထားတာပါ၊ ဟာသကားပေမယ့် မခိုင်လေး အပြည့်အဝလုပ်ကွက်ရမယ့် ကားဆို လက်ခံပြီးရိုက်မှာပါ၊ ဥပမာ “စိန်ဂေါ်လီမယောကျာ်း”ဆို အရမ်းအောင်မြင်တယ်၊ သမ္မတရုံလို လူတစ်ထောင်လောက်ဆံ့တဲ့ ရုံမှာ အချိန်တိုင်းရုံပြည့်တယ်၊ အဲဒီမျိုးဆိုတော့ မရိုက်လို့ကလည်းမရ၊ လုပ်နေကျ ကာရိုက်တာထက်တော့ ပိုလုပ်ရတာတော့ရှိတယ်၊ အခုဒီကားလေးက ကြည့်တဲ့လူတွေကို သဘောကျစေမှာပါ” ဟု အကယ်ဒမီ ခိုင်သင်းကြည် က ပြောသည်။

 

ဤရုပ်ရှင်တွင် ဇာတ်ညွှန်း နေစိုးသော်၊  ဝတ္ထုနှင့် ဒါရိုက်တာ ရာဇဝင်ကို၊ သရုပ်ဆောင် အကယ်ဒမီ မင်းမော်ကွန်း၊ အကယ်ဒမီ ကျော်ရဲအောင်၊ သူရိယ၊ ညီနန္ဒ၊ အကယ်ဒမီ ခိုင်သင်းကြည်၊ မေသဉ္ဖာဦး၊ ခင်လှိုင်၊ ယုသန္တာတင်၊ မေကြည် (Myanmar Idol) နှင့် သရုပ်ဆောင်များစွာပါဝင်ပြီး Golden River ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ထားသည်။

 

သန့်ဇင်ဝင်း