ရုပ်ရှင်/ဗီဒီယိုနှင့် ရုပ်သံဇာတ်လမ်းတွဲများ ရိုက်ကူးခွင့်ကို ကျန်းမာရေးဆိုင်ရာ စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ခွင့်ပြုမည်

ရန်ကုန်  ၂၇  ဇူလိုင်

ရုပ်ရှင်/ ဗီဒီယိုနှင့် ရုပ်သံဇာတ်လမ်းတွဲများ ပြန်လည်ရိုက်ကူးရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပြုစုထားရှိသည့် လိုက်နာရမည့် လက်စွဲစာစောင်ပါစည်းကမ်း သတ်မှတ်ချက်များနှင့်အညီ လုပ်ကိုင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

 

ရိုက်ကူးမှုများ ဆောင်ရွက်ရာတွင် စနစ်တကျဖြစ်စေရေးနှင့် ကျန်းမာရေးဆိုင်ရာ လုံခြုံစိတ်ချဘေးကင်းမှု ဖြစ်စေရေးအတွက် လိုအပ်သလို လာရောက်စစ်ဆေးနိုင်ရန်၊ ရိုက်ကူးမည့် ဇာတ်ကားအမည်၊ ရိုက်ကူးမည့်နေရာ/ အချိန်နှင့် ပါဝင်မည့် လူအရေအတွက်တို့အား ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲသို့ အနည်းဆုံးတစ်ပတ် ကြိုတင်ပေးပို့ရမည်ဖြစ်ပြီး၊ ကျန်းမာရေးဆိုင်ရာ လာရောက်စစ်ဆေးရာတွင် အဆင်ပြေ ချောမွေ့စေရေးအတွက် တစ်ရက်အတွင်း ရိုက်ကူးနိုင်မည့် ရိုက်ကွင်းအရေအတွက်ကို ဖော်ပြပေးရမည် ဖြစ်သည်။

 

ရုပ်ရှင်နှင့်ဗီဒီယို ရိုက်ကူးရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူး(ရုပ်ရှင်) ဦးသိန်းနိုင်နှင့် ညွှန်ကြားရေးမှူး(ရုပ်ရှင်) ဦးရဲလင်းမြင့် သို့ လည်းကောင်း၊ ရုပ်သံဇာတ်လမ်းတွဲများ ရိုက်ကူးရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူး (ဂီတ) ဦးတိုးကျော်နှင့် ညွှန်ကြားရေးမှူး(MI)ဦးကြည်ထွန်းတို့ ထံသို့ လည်းကောင်း ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရသည်။

 

လက်ရှိ ရုပ်ရှင်အစည်းအရုံးအနေဖြင့် ရိုက်ကူးခွင့်တင်ထားသည့် ကြော်ငြာရိုက်ကူးရေး (၁၃)ခု၊ ရုပ်သံ ဇာတ်လမ်းတွဲ (၆) ခု၊ ရုပ်ရှင်ဇာတ်ကား (၃) ကား၊ ဗီဒီယိုဇာတ်ကား(၁)ကား ရှိနေပြီး ရိုက်ကူးလက်စ ရုပ်ရှင်ဇာတ်ကား ပေါင်း(၁၀)ကားရှိနေပြီး၊ မြန်မာတစ်နိုင်ငံလုံးတွင် ရုပ်ရှင်ရုံပေါင်း (၁၈၈) ရုံ၊ ပိတ်ကားပေါင်း (၂၁၃) ခု ဝန်ထမ်းပေါင်း အယောက်(၅၀၀၀) ခန့်ရှိကြောင်း သိရသည်။

ရွှေမြိုင်မောင်ဖုန်း