ရုပ်ရှင်ဇာတ်ကားများအား ဒီဂျစ်တယ်နည်းပညာဖြင့် ထိန်းသိမ်းခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ရန်ကုန်  ၂၄  ဖေဖော်ဝါရီ 

ရုပ်ရှင်ဇာတ်ကားများအား ဒီဂျစ်တယ်နည်းပညာဖြင့် ထိန်းသိမ်းခြင်းအလုပ်ရုံ ဆွေးနွေးပွဲ (Film Digital Restoration Workshop) ကို ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြားလမ်း အမှတ်(၅၀)၊ အနုပညာရပ်ဝန်းရှိ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ(FDC) သင်တန်းခန်းမ၌ ကျင်းပသည်။ 

အဆိုပါ သင်တန်းကို ဖေဖော်ဝါရီ ၂၄ ရက် မှ ၂၈ ရက်အထိ ငါးရက်ကြာ သင်ကြားပို့ချမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး သင်တန်းတွင် Digital Scan ဖတ်ထားသည့် ယခင်ခေတ်ကာလက ဖလင်ဖြင့်ရိုက်ကူးခဲ့သော ရုပ်ရှင်ဇာတ်ဝင်တေး တစ်ပုဒ်အား ပြုပြင်ထိန်းသိမ်းနည်း၊ အရောင်ချိန်ညှိနည်းများ အပါအဝင် ရုပ်ရှင်ဇာတ်ကားများအား ဒီဂျစ်တယ်နည်းပညာဖြင့် ထိန်းသိမ်းနည်းပညာများကို ဂျပန်နိုင်ငံ IMAGICA Lab အဖွဲ့မှ ပညာရှင်များက စာတွေ့၊ လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်သည်။ 

သင်တန်းစီစဉ်သူ Save Myanmar Film ပရောဂျက်ဒါရိုက်တာ ကိုဥက္ကာက “အရင်တုန်းက ရုပ်ရှင်ဖလင်နဲ့ရိုက်ခဲ့တဲ့ ဇာတ်ကားတွေကို ဒီဂျစ်တယ်နည်းနဲ့ ထိန်းသိမ်းတဲ့ သင်တန်းပါ။ အရင်တုန်းက ရုပ်ရှင်ဖလင်နဲ့ရိုက်ခဲ့တဲ့ ကားတွေကို ဒီဂျစ်တယ်ပြောင်းပြီးတဲ့အခါမှာ ပြုပြင်ထိန်းသိမ်းနည်းတွေ၊ အရောင်ချိန်ညှိတာတွေနဲ့ပတ်သက်ပြီး လက်တွေ့ သင်ကြားပေးသွားမှာဖြစ်ပါတယ်” ဟု သင်တန်းနှင့်ပတ်သက်၍ ပြောသည်။ 

ဂျပန်နိုင်ငံ IMAGICA Lab မှ ညှိနှိုင်းရေးမှူး ဆာတိုကို ဆာကေးဂူချီ က “မြန်မာ့ရုပ်ရှင်နှစ်တစ်ရာပြည့် ပွဲတော်မှာပြသမယ့် ဂျပန့်ရင်သွေး ရုပ်ရှင်ဇာတ်ကားဟာဆိုရင်  ၁၉၃၅ ခုနှစ် မှာရိုက်ကူးခဲ့တာဖြစ်ပါတယ်။ အဲဒီလိုပဲ မြန်မာ့ခေတ်ဟောင်းရုပ်ရှင် ဇာတ်ကားတွေလည်း အများကြီးကျန်ရှိဦးမယ်လို့ထင်ပါတယ်။ ကျန်ရှိတဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ဆက်ပြီးထိန်းသိမ်းနိုင်ဖို့အတွက် အခုအလုပ်ရုံဆွေးနွေးပွဲကို ပြုလုပ်တာပါ။ ထိန်းသိမ်းနည်းပညာတွေကို နောက်မျိုးဆက်သစ်တွေကို ဝေမျှခွင့်ရတဲ့အတွက် ဝမ်းသာ ပါတယ်” ဟုပြောသည်။ 

သင်တန်းသား ကိုထူးတေဇာက “ကျွန်တော်က ဓာတ်ပုံရိုက်တာပါ။ ဖလင်တွေလည်း ကိုယ်တိုင်ဆေးတော့ စိတ်ဝင်စားလို့လာတက်တာပါ။ ဖလင်နဲ့ပတ်သက်ပြီး အခုလို ထိန်းသိမ်းတဲ့ သင်တန်းတွေ မကြုံဖူးပါဘူး။ ရှေးခေတ်က ပုံတွေကို ပြုပြင်ထိန်းသိမ်းနည်း တွေလည်း သေချာသင်ပေးမှာဆိုတော့ ပညာတွေအများကြီးရမယ်လို့မျှော်လင့်တယ်။ ဒီကရတဲ့ ပညာနဲ့ ဓာတ်ပုံဖလင်တွေနဲ့ ရှေးခေတ်က ပုံတွေကို ပြန်လည် ထိန်းသိမ်းဖို့စဉ်းစား ထားတယ်။ အခွင့်ကြုံရင် မြန်မာ့ရုပ်ရှင် ဖလင်တွေကို ပြုပြင်ထိန်းသိမ်းမှုတွေမှာ ပါဝင်သွား ဖို့ စိတ်ကူးထားတယ်” ဟုပြောသည်။ 

အဆိုပါ သင်တန်းကို ပြန်ကြားရေးဝန်ကြီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ၊ ဂျပန်နိုင်ငံ ယဉ်ကျေးမှု၊ အနုပညာနှင့်အားကစားဆိုင်ရာဝန်ကြီးဌာန ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ Save Myanmar Film ၊ ဝဿန်ရုပ်ရှင်ပွဲတော်အဖွဲ့၊ ဂျပန်နိုင်ငံမှ IMAGICA Lab တို့၏ ပူးပေါင်းမှုနှင့်အတူ B2HD Computer, Gaming PC and High End Workstation မှ နည်းပညာပိုင်းဆိုင်ရာ စက်စ္စည်းများ ပံ့ပိုးကူညီမှုတို့ဖြင့် ပို့ချခြင်းဖြစ်သည်။ 

ယခင်ခေတ်ကာလက ဖလင်ဖြင့်ရိုက်ကူးခဲ့ သောရုပ်ရှင်ဇာတ်ကားဟောင်းများကို ပြန်လည်ထိန်းသိမ်းနိုင်ရေးအတွက် ရည်ရွယ်ကာ အဆိုပါသင်တန်းကို ပြုလုပ်ခြင်းဖြစ်ပြီး ဂျပန်နိ်ုင်ငံမှ ရိုက်ကူးခဲ့သော “ဂျပန့်ရင်သွေး” ရုပ်ရှင်ဇာတ်ကားအား မြန်မာ့ရုပ်ရှင်နှစ် တစ်ရာပြည့်ပွဲတော်တွင် ပြသနိုင်ရေးအတွက် စတင်ကြိုးစားခဲ့ရာမှ အခြေပြုဖြစ်ပေါ်လာသည့် သင်တန်းဖြစ်ကြောင်း သိရသည်။ 

သတင်းနှင့်ဓာတ်ပုံ-ဇော်ကြီး