ရုရှားနိုင်ငံရှိ တရားမဝင်အလုပ်လုပ်ကိုင်နေသော မြောက်ကိုရီးယား အလုပ်သမားများအား နေရပ်ပြန်ပို့

၂၄ ဇန်နဝါရီ

 

ရုရှားနိုင်ငံမှ မြောက်ကိုရီးယား အလုပ်သမားများအား နေရပ်ပြန်ပို့ခြင်းသည် ကုလသမဂ္ဂ ဆုံးဖြတ်ချက်နှင့် ကိုက်ညီသည်ဟု ရုရှားနိုင်ငံ က ဆိုသည်။

 

သို့သော်လည်း ရုရှားနိုင်ငံသည် ကျောင်းသား နှင့် ခရီးသွား ဗီဇာများ ပိုမိုထုတ်ပေးခြင်းဖြင့် တရားမဝင် အလုပ်သမားများ လက်ခံထားသည်ဟု  ကျွမ်းကျင်သူများက ထောက်ပြသည်။

 

မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားနှင့် ပဲ့ထိန်းဒုံးကျည်စနစ်ကြောင့် နိုင်ငံခြား ဝင်ငွေ ရပ်ဆိုင်းစေရန် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၂၂ ရက်နေ့က မြောက်ကိုရီးယား အလုပ်သမားများအားလုံးကို နေရပ်ပြန်ပို့ရန် ၂၀၁၇ ခုနှစ် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အရ တောင်းဆိုခဲ့သည်။

 

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇက်ခ်ဟရိုဗာ က မြောက်ကိုရီးယား အလုပ်သမားအများစုသည် ရုရှားနိုင်ငံမှ ထွက်ခွာသွားခဲ့ကြသည်ဟု သတင်းထောက်များကို ယမန်နေ့က ပြောကြားခဲ့သည်။

 

ကုန်စည်သယ်ခွင့် ကန့်သတ်ထားသဖြင့် မြောက်ကိုရီးယား အလုပ်သမား ၁၀၀၀ ခန့် ရုရှားနိုင်ငံတွင် ရှိနေသေးကြောင်းနှင့် ၎င်းတို့၏ အလုပ်လုပ်ကိုင်ခွင့် သက်တမ်းကုန်ဆုံးသွားပြီ ဖြစ်သောကြောင့် အလုပ်လုပ်ကိုင်ခြင်းမရှိတော့ကြောင်း ဇက်ခ်ဟရိုဗာ က ပြောကြားခဲ့သည်။

 

ပြီးခဲ့သည့်နှစ်က မြောက်ကိုရီးယားနိုင်ငံသို့ ကျောင်းသားနှင့်ခရီးသွား ဗီဇာ ၂၇၀၀၀ နီးပါး ရုရှားနိုင်ငံ က ထုတ်ပေးခဲ့သည်ဟု ရုရှားပြည်ထဲရေးဝန်ကြီးဌာနက ကိန်းဂဏန်းများ ဖော်ပြထားသည်။ ထိုကိန်းဂဏန်းသည် ယခင်နှစ်ကထက် ခြောက်ဆခန့် တိုးလာခြင်းဖြစ်သည်။

 

မြောက်ကိုရီးယားနိုင်ငံသို့ ခွင့်ပြုခဲ့သည့် အလုပ်လုပ်ကိုင်ခွင့်ဗီဇာ အရေအတွက်မှာ ၇၄၀၀ အထိရှိရာ ၁၆ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

 

ကိန်းဂဏန်းများအရ မြောက်ကိုရီးယားနိုင်ငံသားများသည် အခြားဗီဇာအမျိုးအစားများကို အသုံးပြုကာ ရုရှားနိုင်ငံတွင် ဆက်လက်လုပ်ကိုင်နေကြသည်ဟု ကျွမ်းကျင်သူများက ဆိုသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို