သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၌ ရက်တို လုပ်ငန်းခွင် သင်တန်း အမှတ်စဉ်(၁/၂၀၂၁) ဖွင့်လှစ်

နေပြည်တော် ဒီဇင်ဘာ ၆

           

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၌ တာဝန်ထမ်းဆောင်မည့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်၊စစ်ကိုင်း)တို့မှ ကျောင်းဆင်း ဝန်ထမ်းများအထက် ဖွင့်လှစ်သည့် ရက်တိုလုပ်ငန်းခွင်သင်တန်း အမှတ်စဉ် (၁/၂၀၂၁) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါ ဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးကိုကို က နိုင်ငံ့တာဝန်များကို တာဝန်ထမ်းဆောင်ရာတွင် ဝန်ထမ်းကျင့်ဝတ်၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ ရုံးလုပ်ငန်း လက်စွဲတို့ အပြင် ဒေသန္တရစည်းမျဉ်း၊ စည်းကမ်းများကို သိရှိထားရန်လိုအပ်ကြောင်း၊ ကျောင်းဆင်း ဝန်ထမ်းများအနေဖြင့် သက်ဆိုင်ရာဌာနများ၌ တာဝန်ထမ်းဆောင်သည့်အခါ အရည်အချင်း ပြည့်ဝသည့် ဝန်ထမ်းကောင်း များဖြစ်ရန်နှင့် ဝန်ကြီးဌာန၏ ဂုဏ်သိက္ခာ၊ နိုင်ငံတော်၏ ဂုဏ်သိက္ခာမြှင့်တင်နိုင်သော ဝန်ထမ်းကောင်းများဖြစ်ရန် ကြိုးပမ်းအားထုတ်သွားကြရန်လိုကြောင်း။

 

ကျောင်းဆင်းဝန်ထမ်းများအနေဖြင့် သက်ဆိုင်ရာဌာနများ၌ တာဝန်ထမ်းဆောင်သည့် အခါ မည်သည့်ကိစ္စရပ်များကိုမဆို စေတနာထား၍ လုပ်ကိုင်ဆောင်ရွက်ပြီး အခြေခံကျသည့် လိုက်နာဆောင်ရွက်ရမည့် အချက် ၁၂ ချက်ကို မှာကြားလိုကြောင်း၊ ၎င်းတို့မှာ မိသားစု စိတ်ဓာတ်မွေးရန်၊ အထက်အောက် ဆက်ဆံရေးမှန်ကန်ရန်၊ ရောက်သည့်နေရာ ကျရာတာဝန်ကို အကောင်းဆုံး ကြိုးစားလုပ်ဆောင်ရန်၊ စည်းမျဉ်းစည်းကမ်းနှင့်အညီ လုပ်ဆောင်ခြင်းဖြင့် ဥပဒေကိုလေးစားလိုက်နာရန်၊ ကိုယ့်အလုပ်ကိုယ် လေးစားဂုဏ်ယူရန်၊ စားများများဖတ်ရန်၊ ကိုယ့်နိုင်ငံ သမိုင်းကိုသိရန်၊ ဘာသာ သာသနာကို ရိုသေလေးစားရန်၊ ကျန်းမာရေးဂရုစိုက်ရန်၊ ပါတီနိုင်ငံရေး ကင်းရှင်းရန်၊ တိုင်းရင်းသား ချစ်စိတ်မှသည် အမျိုးသားချစ်စိတ်(မျိုးချစ်စိတ်) ထိုမှတစ်ဆင့် ပြည်ထောင်စုစိတ်ဓာတ်ရှိအောင် ကြိုးစားရန်၊ တိုင်းရင်းသားအားလုံး ချစ်ကြည် စည်းလုံးစွာ နေထိုင်ကြရန်လိုအပ်ပြီး တိုင်းပြည်၏အားသည် ပြည်တွင်းမှာသာရှိသည်ဟု ယုံကြည်ရန်တို့ဖြစ်ကြောင်း၊ အရည်အချင်းပြည့်ဝသည့် ဝန်ထမ်းကောင်းများဖြစ်ရန်နှင့် ဝန်ကြီးဌာန၏ ဂုဏ်သိက္ခာ၊ နိုင်ငံတော်၏ ဂုဏ်သိက္ခာမြှင့်တင်နိုင်သော ဝန်ထမ်းကောင်းများ ဖြစ်ရန် ကြိုးပမ်းအားထုတ်သွားကြရန် လိုကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် သင်တန်းသား၊ သင်တန်းသူများကို နှုတ်ဆက် အားပေးစကား ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

 

အဆိုပါအခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် ဦးထွန်းအုံ၊ အမြဲတမ်း  အတွင်းဝန် ဦးမြင့်ဦး၊ ညွှန်ကြား ရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး သင်တန်းကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့် အညီ ဒီဇင်ဘာ  ၆ ရက်မှ ဒီဇင်ဘာ ၁၀ ရက်အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)