သောက်သုံးရေရှားပါးသည့် မှန်တောကျေးရွာသို့ ရေဂါလန် ၁၂၀၀ လှူဒါန်း

ညောင်ဦး ဇွန် ၂၅

           

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သောက်သုံးရေရှားပါးသည့် မှန်တောကျေးရွာသို့ ဇွန် ၂၅ ရက် နံနက် ၉ နာရီခွဲက ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေ ရှားပါးသည့် ကျေးရွာများသို့ ရေလှူဒါန်းနေသည့် အေးမေတ္တာရေအလှူတော်အသင်းမှ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

အဆိုပါ မှန်တောကျေးရွာသည် ညောင်ဦးမြို့မှ မိုင် ၂၅ မိုင်ခန့်ကွာဝေးပြီး သောက်သုံးရေ လှူဒါန်းနေသည့် ပရဟိတအသင်းများကို မှီခိုအားထားသုံးစွဲနေရသည့် ကျေးရွာဖြစ်ပြီး သောက်သုံးရေအတွက် မိုးရေကို မှီခိုအားထားနေသိုလှောင်ခြင်း၊ မြေသားရေလှောင်ကန်များမှ ရေကိုမှီခိုအားထားခဲ့သော်လည်း နှစ်စဉ်မိုးရွာသွန်းမှု နည်းပါးခြင်းကြောင့် မြေသားရေလှောင်ကန်များ ရေဝင်ရောက်မှုမရှိခြင်းက သောက်သုံးရေခက်ခဲမှု ပိုမိုဖြစ်ပေါ်စေခဲ့ကြောင်း မှန်တောကျေးရွာ ထန်းတောင်သူ ဦးဝင်းအောင်က ရှင်းပြသည်။

 

ညောင်ဦးမြို့နယ်အတွင်း ကျေးလက်စက်ရေတွင်း အများစုရှိသော်လည်း ထုံးဓာတ် များပြားခြင်းများကြောင့် သောက်သုံးမှုမပြုကြဘဲ ချိုးရေ၊ တိရစ္ဆာသုံးရေများအတွက်သာ သုံးစွဲကြပြီး သောက်သုံးရေအတွက် မိုးရာသီတံစက်မြိတ်များတွင် သွပ်ရေတစ်လျှောက်ဖြင့် ရေစုပြီး စဉ့်အိုး၊ ကျောက် စည်ပိုင်းများဖြင့် သောက်သုံးရေ သိုလှောင်ထားကြကြောင်း သိရသည်။

 

မိုးရွာသွန်းမှု နည်းသည့်နှစ်များတွင် ရေအလှူတော်အသင်းများမှ ရေကိုသာမှီခိုအားထားကြကြောင်း ဦးဝင်းအောင် က ရှင်းပြသည်။ မှန်တောကျေးရွာသည် အိမ်ခြေ ၁၀၀ ကျော်ရှိပြီး လူဦးရေ ၄၀၀ ကျော် နေထိုင်သည့် ကျေးရွာဖြစ်ကြောင်း သိရသည်။

                                                                       

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)