သီလဝါ အထူးစီးပွားရေးဇုန်တွင် ပြည်ပကုမ္ပဏီကြီးများ အပြိုင်ရင်းနှီးမြုပ်နှံ

mdn

ရန်ကုန် ၁၄ ဇွန် 



ရန်ကုန်တိုင်းဒေသကြီး သန်လျင် ကျောက်တန်းဒေသ သီလဝါအထူး စီးပွားရေးဇုန်တွင် ပြည်ပကုမ္ပဏီကြီးများ အပြိုင်အဆိုင် ရင်းနှီးမြှုပ်နှံလာကြပြီး ဇုန် (A) နှင့် ဇုန် (B) ၌ ယခုကာလအထိ နိုင်ငံပေါင်း ၁၈ နိုင်ငံ မှ ကုမ္ပဏီ ပေါင်း (၉၄) ခုအနက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ ကျော် ရင်းနှီးမြှုပ်နှံမှု ရှိနေပြီဖြစ်ကြောင်း သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီတွဲဖက်အတွင်းရေးမှူး (၁)ဒေါက်တာသန်းသန်းသွယ် ကပြောသည်။

" အခုလို သီလဝါအထူးစီးပွားရေးဇုန် မှာလာရောက်ပြီးရင်းနှီးမြုပ်နှံ လာမှုတွေအတွက်ကတော့ အရမ်းဝမ်းသာပါတယ်။ ဇုန်တွေမှာ ပြည်တွင်း၊ပြည်ပ ပို့ကုန်၊သွင်းကုန်တွေက အဓိကကျတယ်။စက်ရုံမျိုးစုံလည်း ဝင်ရောက်လာပြီဖြစ်သလို အဆင့်မြင့် အအေအေးခန်းတွေဟာ ထွက်ရှိလာမဲ့ ထုတ်ကုန်တွေကို အရည်အသွေးပြည့်မီအောင် ရေရှည်မှာ သိုလှောင်သိမ်းဆည်းထားနိုင်မဲ့ အဆင့်မြင့်သိုလှောင်ရုံကြီးတွေလည်း ပါဝင်တည်ဆောက်ရင်းနှီးမြှုပ်နှံလာတဲ့အတွက် အရမ်းကို ကောင်းမွန်းလာပြီလို့ပြောရမှာပါ။” ဟု သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှု ကော်မတီ တွဲဖက်အတွင်းရေးမှုး (၁)ဒေါက်တာသန်းသန်းသွယ်ကထပ်မံ ပြောသည်။

သီလဝါအထူးစီးပွားရေးဇုန် ၏ ဇုန်(B)သည် ကနဦး ၁၀၁ ဟက်တာ၊ ထပ်မံ၍ ၆၆ ဒသမ ၄၄ ဟက်တာ တွင်ဆောင်ရွက်နေပြီးဆက်လက်တိုးချဲ့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။ ယင်းတွင် အကျယ်အဝန်း ဧရိယာ တစ်ဝက်ကျော်သည် ပြည်ပရင်းနှီးမြုပ်နှံမှု ကုမ္ပဏီ ၊စက်ရုံကြီးများအား အငှါးချကာဆောင်ရွက်ထားပြီး ဖြစ်ကာ ယခုအခါတွင် ဇုန် (B)၌ ပြည်ပ ကုမ္ပဏီ ၈ ခု ဝင်ရောက်နေပြီဖြစ်ဖြစ်ကြောင်းသိရသည်။ဇုန်(B)တွင် ဂျပန်နိုင်ငံ၏ ဒုတိယအကြီးဆုံး JFE စတီးလ် ထုတ်လုပ်သော ကုမ္ပဏီ ကြီးတစ်ခုအပါဝင် အခြား ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းထုတ်စက်ရုံ၊ လျှပ်စစ်ကေဘယ်လ်ကြိုးထုတ်သောစက်ရုံတို့ ပါဝင်နေပြီဖြစ်ကြောင်း သိရသည်။

ဇုန်(A)သည် ယခုအခါတွင်၌ ကုမ္ပဏီ ပေါင်း ၈၆ ခု ရင်းနှီးမြုပ်နှံထားပြီး ၉၇ ရာခိုင်နှုန်းရှိနေပြီ ဖြစ်သည်။ စက်ရုံတည်ဆောက်ရန် မြေကွက်အနည်းငယ်သာ ကျန်တော့ကြောင်းသိရသည်။သီလဝါအထူးစီးပွားရေးဇုန်သို့ ၂၀၁၈ ခုနှစ်၏ နှစ်စပိုင်းရင်းနှီးမြုပ်နှံဝင်ရောက်မှုတွင် ပြည်ပကုမ္ပဏီသုံးခုနှင့် ချိတ်ဆက်ထား ပြီးဖြစ်သည်။ အထူးစီးပွားရေးဇုန် ဇုန် (A)နှင့် ဇုန် (B) နှစ်ခုပေါင်းတွင် ယနေ့အချိန်အထိ စက်ရုံပေါင်း ၅၀ ကျော်လည်ပတ်နေပြီဖြစ်ကြောင်း သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီမှ သိရသည်။

ယနေ့အချိန်ထိ လည်ပတ်လုပ်ကိုင်နေသော စက်ရုံ ၊အလုပ်ရုံ ကြီးများတွင် ဆိပ်ခံတံတား Jetty များအပြင် စားအုံးဆီသိုလှောင်ထုတ်လုပ်သည့်စက်ရုံများ၊ဂျုံစက် ၊သကြားစက်၊ဓာတ်မြေသြဇာ စက်ရုံ၊ အရည်အသွေးမြင့်ဆန်များ၊ ဆီအုံးထုတ် လုပ်သည့်စက်ရုံများ၊ အာဂျီနိုမိုတို အချိုမှုန့်စက်ရုံ၊ ဘီယာစက်ရုံ၊ ကားထုတ်လုပ်သည့်စက်ရုံ၊ ထုတ်ကုန်ပစ္စည်းများအား အဆင့်မြင့်သိုလှောင် နိုင်မည့်စက်ရုံကြီးများ၊ ဆောက်လုပ်ရေးလုပ်ငန်းအထောက် အကူပြုပစ္စည်းထုတ်လုပ်သည့်စက်ရုံ၊ အထည်ချုပ်စက်ရုံ၊ သံမဏိကြေးနန်းကြိုးထုတ်စက်ရုံ အပြင်အခြားကုန်ပစ္စည်းထုတ်စက်ရုံကြီးများ လည်ပတ်လုပ်ကိုင်နေပြီး သန်လျင်ကျောက်တန်းဒေသနေ ပြည်သူများအား အလုပ်အကိုင် ဦးစားပေးခန့်အပ်ကြောင်းနှင့် ကျွမ်းကျင်လုပ်သားများအဖြစ်သင်တန်းများ ပို့ချကာ ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းရရှိမှုကို ဖော်ဆောင်ပေးနေကြောင်း သိရသည်။ 

မြင့်မောင်စိုး