သိမှတ်ဖွယ်ရာ ဗြိတိန်အလယ်တန်းပညာ

သူဇာမြင့်

 

ဗြိတိန်နိုင်ငံ၏ ပညာရေးစနစ်တွင် ရှေးဦးအရွယ် ကလေးသူငယ် ပညာရေး၊ မူလတန်း ပညာရေး၊ အလယ်တန်း ပညာရေး (အငယ်တန်းအဆင့်နှင့် အကြီးတန်းအဆင့်)၊ သက်ကြီးပညာရေးနှင့် အဆင့်မြင့်ပညာရေးဟူ၍ ငါးပိုင်း ပိုင်းခြားထားပါသည်။ ကျောင်းများအား ယင်းအပိုင်းအခြားအလိုက် သီးသန့်စီထားရှိပြီး ကျောင်းအဆင့်အလိုက် သက်ဆိုင်သည့် အတန်းများသာ သင်ကြားပို့ချပေးလျက်ရှိပါသည်။ မူလတန်းပညာရေးမှ အလယ်တန်းပညာရေး (အကြီးတန်းအဆင့်)အထိ အခမဲ့ပညာရေးစနစ် ချမှတ်ထားပြီး အောက်တွင်ဖော်ပြထားသည့်အတိုင်း အတန်းအုပ်စုနှင့် အဆင့်ခွဲများကို ပညာရေးအဆင့်လိုက် ထပ်မံခွဲခြားထားပါသည်-

 

1+

 

အလယ်တန်းပညာရေး (အငယ်တန်းအဆင့်) တွင် Key Stage (3) ပြီးမြောက်သည့် Year 9 နှင့် Key Stage (4) ပြီးမြောက်သည့် Year 11 တို့၌ အစိုးရစစ်စာမေးပွဲများဖြစ်သော Standard Assessment Tests (SATs) အား ဖြေဆိုရပြီး Year 11 ၌ ဖြေဆိုရသည့်စာမေးပွဲအား General Certificate of Secondary Education (GCSE) ဟု ခေါ်ဆိုပါသည်။ အစိုးရ၏အထောက်အပံ့နှင့် ရပ်တည်နေသည့်ကျောင်းများသို့ တက်ရောက်လိုသော ကျောင်းသား များမှာ မိမိတို့နေထိုင်ရာဒေသအတွင်းရှိ ကျောင်းများတွင်သာ တက်ရောက် ရန်လျှောက်ထားနိုင်သည့်အလျောက် ဂုဏ်သတင်းကောင်းသည့် ကျောင်းများသို့တက်ရောက်နိုင်ရေးအတွက် ငွေကြေးတတ်နိုင်သော ကျောင်းသားမိဘ များက ယင်းကျောင်းများရှိရာနေရာများသို့ ပြောင်းရွှေ့နေထိုင်လေ့ရှိပါသည်။ ကျောင်းသားများ ကျောင်းအသွား အပြန် အခက်အခဲမရှိစေရန် အစိုးရက အများပြည်သူသယ်ယူပို့ဆောင်ရေး မော်တော်ယာဉ်များအား နေ့စဉ်အခမဲ့ စီးခွင့်ပြုပြီး မီးရထားစီးရာ၌မူ အခကြေးငွေ အနည်းငယ်ပေး၍ စီးစေသကဲ့သို့ ဆင်းရဲနွမ်းပါးသည့် ကျောင်းသား များအား ကျောင်းမှနေ့လယ်စာ အခမဲ့ကျွေးသည့် အစီအစဉ်များလည်း ရှိပါသည်။

 

စာသင်ကာလအား အပိုင်းခြောက်ပိုင်း ခွဲခြားထား

ကျောင်းစတင်အပ်နှံသည့်နေ့တွင် မိဘအုပ်ထိန်းသူက သားသမီး၏ ကျန်းမာရေး အခြေအနေနှင့် အထူးပံ့ပိုးမှု လိုအပ်ချက်ရှိ/ မရှိအား လျှောက်လွှာ၌ ဖြည့်စွက်ပေးရပြီးကျောင်းမှ ကလေးငယ်၏ လိုအပ်ချက်နှင့် ကိုက်ညီမည့် အထူးပံ့ပိုးမှုများ ပြုလုပ်ပေးပါသည်။ အတန်းပညာရေးသင်ကြားစေရာ၌ မိဘအုပ်ထိန်းသူအနေဖြင့် ၎င်း၏ သားသမီးကို ကျောင်း၌ သင်ကြားစေနိုင်သကဲ့သို့ မိမိနေအိမ်၌ သင်ကြားနိုင်ရန် ဆောင်ရွက်ခွင့်ရှိပါသည်။ ဤသို့ ပြုလုပ်ရာ၌ မိဘအုပ်ထိန်းသူက မိမိ၏သားသမီး တက်ရောက်နေသည့် ကျောင်းအုပ်ချုပ်သူထံ ၎င်း၏အစီအစဉ်အား တင်ပြ၍ ခွင့်ပြုချက်ရယူနိုင်သကဲ့သို့ မိမိနေထိုင်ရာဒေသရှိ ကောင်စီသို့ ဆက်သွယ်အကြောင်းကြားခြင်းဖြင့် ထိုသူတို့ထံမှ ပံ့ပိုးကူညီမှုရရှိရန် ဆောင်ရွက်နိုင်ပါသည်။ ကျောင်းသားအနေဖြင့် နေအိမ်၌သင်ယူရန် သင့်လျော်မှု ရှိ/ မရှိအား ကောင်စီမှလေ့လာစုံစမ်းမှုများ ပြုလုပ်၍ ကျောင်း၌သင်ယူရန် သင့်လျော်သည်ဟု သတ်မှတ်ပါက ယင်းကျောင်းသားအား ကျောင်းတက်ရောက်ရန် အမိန့်ထုတ်ပါသည်။ ဒေသကောင်စီများနှင့် ကျောင်းအုပ်ချုပ်သူ များက ၎င်းတို့နှင့်သက်ဆိုင်သည့် ကျောင်း၏ ဖွင့်ရက်၊ ပိတ်ရက်တို့အား ၎င်းတို့ကိုယ်တိုင် သတ်မှတ်ခွင့်ရှိသော်လည်း ဗြိတိန်ပညာရေး အက်ဥပဒေအရ စာသင်နှစ်တစ်နှစ်လျှင် မည်သည့်အကြောင်းပြချက်နှင့်မှ စာသင်ရက် ၁၉၁ ရက်ထက်လျှော့၍ သင်ကြားခွင့်မရှိပါ။ စာသင်နှစ်တစ်ခုအား စက်တင်ဘာလတွင်စ၍ ဇူလိုင်လ၌ ပြီးဆုံးပြီး စာသင် ကာလအား အပိုင်းခြောက်ပိုင်း ခွဲခြားထားပါသည်။ သင်တန်းကာလတစ်ခုပြီးတိုင်း ရက်သတ္တတစ်ပတ် ကျောင်းပိတ်၍ အီစတာပွဲတော်နှင့် ခရစ္စမတ်ပွဲတော်များ၌ ကျောင်းပိတ်ရက်များမှာ ရက်သတ္တနှစ်ပတ်ရှိပြီး နွေရာသီ ကျောင်းပိတ်ရက်မှာ ရက်သတ္တ ခြောက်ပတ်ရှိပါသည်။

 

အမြင့်ဆုံးသို့ ရောက်ရှိအောင် ပံ့ပိုးပေး

ဆရာက သင်ခန်းစာများ သင်ကြားပို့ချရာတွင် ပညာရေးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းများနှင့်အညီ ကျောင်းသားများ၏ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး၊ ၎င်းတို့၏ အနာဂတ်ဘဝ အခွင့်အလမ်းများ ရရှိရေး၊ တာဝန်ယူမှု၊ တာဝန်ခံတတ်မှုများ ရှိလာစေရေးနှင့် လုပ်ငန်းခွင်အတွေ့အကြုံ ရရှိစေရေးတို့အတွက် အထောက်အကူပြုနိုင်သည့်သင်ရိုးညွှန်းတမ်း များရေးဆွဲ၍ ကျောင်းသင်ရိုး၌ ဖော်ပြထားသည့် သင်ခန်းစာအတိုင်း သင်ကြားပါသည်။ သို့သော် လေ့ကျင့်ခန်းများပေးရာ၌ တန်းခွဲစုအလိုက် ကျောင်းသားများ၏ အရည်အချင်း ပေါ်မူတည်၍ ၎င်းတို့နှင့်သင့်လျော်မည့် လေ့ကျင့်ခန်းများသာ ပေးလေ့ရှိသကဲ့သို့ ကျောင်းသားတစ်ဦးချင်းစီ၏ စာမေးပွဲရလဒ်အဆင့် သတ်မှတ်ချက်ကိုလည်း အရည်အချင်းပေါ်မူတည်ပြီး ရလဒ်အဆင့် သတ်မှတ်ပေးရပါသည်။ ထို့ကြောင့် ဘာသာရပ်တစ်ခုချင်းစီတွင် ကျွမ်းကျင်မှုပေါ်မူတည်၍ ကျောင်းသားတစ်ဦး၏ စာမေးပွဲရလဒ်အဆင့် သတ်မှတ်ချက်မှာ ဘာသာစုံတွင် တူညီမှုရှိနိုင်သကဲ့သို့ ကွဲပြားမှုလည်း ရှိနိုင်ပါသည်။ စာမေးပွဲမှတ်တမ်းတွင် ကျောင်းသား၏ ရလဒ်အဆင့်အား ဖော်ပြထားခြင်းမရှိဘဲ ၎င်းအတွက် သတ်မှတ်ထားသည့် ရလဒ်အပေါ်အခြေခံ၍ စာမေးပွဲ၌ တစ်ဘာသာချင်းစီ၏ရလဒ်သည် သတ်မှတ်ချက်ထက် နိမ့်သည်။ မြင့်သည်နှင့် သတ်မှတ်ရလဒ် ရရှိသည် စသည်ဖြင့် မှတ်ချက်ပေးသည့် စနစ်ကိုသာ အသုံးပြုသည့်အတွက် ကျောင်းသားများ၌ အတ္တကြီးမှုနှင့် ဝန်တိုမှုများ ဖြစ်ပေါ်ခြင်းမှ ကင်းဝေးစေသကဲ့သို့ တစ်ဦးချင်းစီအတွက် ၎င်းရရှိနိုင်သည့် ရလဒ်အဆင့်များကို သတ်မှတ်ပေးထား ပြီးဖြစ်သဖြင့် မိမိကိုယ်မိမိသာ ယှဉ်ပြိုင်၍ ကြိုးစားလိုစိတ် ပိုမိုဖြစ်ပေါ်စေပြီး ကျောင်းသားတစ်ဦးချင်းစီ၏ စွမ်းဆောင်နိုင်မှုကို ရောက်ရှိနိုင်သမျှ အမြင့်ဆုံးသို့ ရောက်ရှိအောင် ပံ့ပိုးပေးပါသည်။

 

သုံးနှစ်လျှင်တစ်ကြိမ် ဝင်ရောက်စစ်ဆေး

ပညာသင်နှစ်အလိုက် ဘာသာစုံ၏ သင်ရိုးညွှန်းတမ်းများအား ကျောင်း၏ဝက်ဘ်ဆိုက်၌ တင်ရပြီး အထူးပညာ ရပ်သင်ကျောင်းများမှာ ကျောင်းအလိုက် ကြိုက်နှစ်သက်ရာ အကြောင်းအရာ သို့မဟုတ် ဘာသာရပ်အား အစီအစဉ်များရေးဆွဲ၍ သင်ကြားခွင့်ရှိပါသည်။ အစိုးရ၏ အထောက်အပံ့ ရယူထားသည့် ကျောင်းများနှင့် ပုဂ္ဂလိက ကျောင်းများအားလုံး သင်ရိုးညွှန်းတမ်းအတိုင်း သင်ကြားခြင်းရှိ/မရှိနှင့် ကျောင်းသားများနှင့် ဆရာများ အရည်အသွေး ပြည့်ဝမှု ရှိ / မရှိ ကို office for Standards in Education (Ofsted) မှ သုံး နှစ်လျှင်တစ်ကြိမ် ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ပါသည်။ ကျောင်းများမှ ၎င်းတို့ကျောင်းအလိုက် အရည်အသွေးတိုးတက်မှုမှတ်တမ်း Self Evaluation Form (SEF) အား ဖြည့်စွက်ရပြီး Ofsted မှ ကျောင်းများ၏ စွမ်းဆောင်နိုင်မှု၊ အကဲဖြတ် ဆုံးဖြတ်ချက် အစီရင်ခံစာများနှင့် ယခင်နှစ်များ၌ စစ်ဆေးစဉ်၌တွေ့ရှိရသည့် အစီရင်ခံစာများနှင့်အတူ SEF မှတ်တမ်းအား စစ်ဆေးပါသည်။

 

အငယ်တန်းအဆင့်တွင် ဘာသာရပ် ၁၀ ခုမှ ၁၅ ခု အထိရှိပြီး အဓိကဘာသာရပ်များဖြစ်သည့် အင်္ဂလိပ်စာ၊ သိပ္ပံနှင့် သင်္ချာဘာသာရပ်များမှာ Year 7 မှ Year 8 အထိ မသင်မနေရ ဘာသာရပ်များဖြစ်၍ အခြေခံဘာသာရပ် များမှာ စာသင်နှစ်ဝက်အလိုက် ခွဲခြားသင်ယူရပါသည်။ Year 9 ၊ Year 10 ၊ Year 11 တို့၌ အဓိကဘာသာရပ်၊ အခြေခံ ဘာသာရပ်နှင့် ရွေးချယ်သင်ယူရသည့် ဘာသာရပ်ဟူ၍ သုံးမျိုး ခွဲခြားသင်ယူရပါသည်။ အခြေခံဘာသာရပ်တွင် ဘာသာရပ်သုံးခုမှ နှစ်ခုနှင့် ရွေးချယ်သင်ယူရသည့် ဘာသာရပ်များမှ တစ်ခု သို့မဟုတ် နှစ်ခုတို့အား ကျောင်းသားများ၏ ဝါသနာပေါ်မူတည်၍ နှစ်သက်ရာ ရွေးချယ်သင်ယူခွင့်ရှိပါသည်။

 

ဗြိတိန်အလယ်တန်းကျောင်းများ၌ ပို့ချသည့် သင်္ချာဘာသာရပ်၌ Mathematics (Calculator) နှင့်  Mathematics (Non-Calculator) ဟူ၍ နှစ်မျိုးရှိပြီး ကျောင်းသားများ စာမေးပွဲဖြေဆိုရာတွင်လည်း မေးခွန်းလွှာ နှစ်ခုဖြင့် သီးခြားစီ ဖြေဆိုရပါသည်။ ထပ်မံ၍ ယင်းဘာသာရပ်များတွင် အခြေခံနှင့် အဆင့်မြင့်ဟူ၍ နှစ်မျိုးခွဲခြားထားပြီး ကျောင်းသားအားလုံးအတွက် အခြေခံဘာသာရပ်မှာ မသင်မနေရ ဘာသာရပ်ဖြစ်ပါသည်။ ဘာသာရပ်အပေါ် ကျောင်းသား၏ နားလည်ကျွမ်းကျင်မှု၊ ထူးချွန်ထက်မြက်မှုနှင့်အတူ ခက်ခဲနက်နဲသည့် သင်္ချာဘာသာရပ်အား သင်ယူနိုင်စွမ်းရှိသည်ဟု ဆရာက သတ်မှတ်ခြင်းခံရသော ကျောင်းသားများမှာ အဆင့်မြင့် ဘာသာရပ်အား ပြောင်းရွှေ့ သင်ယူခွင့်ရှိပါသည်။ Year 7 မှ Year 8 အထိ ကျောင်းသားများကို ဓာတုဗေဒ၊ ရူပဗေဒနှင့် ဇီဝဗေဒဘာသာရပ်သုံးခုတို့နှင့်ပတ်သက်သည့် အခြေခံအကြောင်း အရာများ သင်ကြားပြီး Year 9 မှ စတင်၍ သီးခြားဘာသာရပ်များအနေဖြင့် သင်ကြားပို့ချပါသည်။ GCSE / Year 11၌ ကျောင်းသား၏ အရည်အချင်း ပေါ်မူတည်၍ single Science ၊ Double Science နှင့် Triple Science စသည့် အတွဲ သုံးတွဲမှ ၎င်းနှင့်သင့်လျော်မည့် အတွဲအားယူရန် ကျောင်းမှ စီမံခန့်ခွဲပေးပါသည်။ Single Science အတွဲ၌ ဓာတုဗေဒ၊ ရူပဗေဒနှင့် ဇီဝဗေဒ ဘာသာရပ် သုံးခုပေါင်းအား ဘာသာရပ်တစ်ခုအနေဖြင့် သင်ယူရပြီး ယင်းဘာသာရပ်အား သိပ္ပံဘာသာရပ်တွင် အားနည်းသည့် ကျောင်းသားများ သင်ယူကြရပါသည်။ Double Science အတွဲ၌ ဓာတုဗေဒ၊ ရူပဗေဒနှင့် ဇီဝဗေဒဘာသာရပ်သုံးခုမှ မိမိထူးချွန်သည့် ဘာသာရပ်တစ်ခုအား သီးသန့်ဘာသာရပ်အဖြစ် သင်ယူရပြီး ကျန်ဘာသာရပ် နှစ်ခုအား ပေါင်းစပ် ဘာသာအဖြစ် သင်ယူရပါသည်။ Triple Science အတွဲအား သိပ္ပံပညာရပ်၌ အထူးချွန်ဆုံး ကျောင်းသားများသာ သင်ယူရပြီး ကျောင်းတစ်ကျောင်းစီလျှင် ယင်းအတွဲအား သင်ယူခွင့်ရရှိသည့် ကျောင်းသားများမှာ ၁၅ ဦးမှ ၂၀ အထိသာ ရှိပါသည်။ အဆိုပါ ကျောင်းသားများအနေဖြင့် တက္ကသိုလ်တက် ရောက်ပါက ဆေးပညာဘာသာရပ်အပါအဝင် အခြားသိပ္ပံဘာသာရပ်များအား အထူးပြုဘာသာရပ်အဖြစ် သင်ယူခွင့်ရှိပြီး အခြားကျောင်းသားများနှင့် ယှဉ်ပြိုင်လျှောက်ထားပါက ၎င်းတို့အား ဦးစားပေး၍ စဉ်းစားခြင်းများ ရှိပါသည်။

 

Cue Card / Flash Card စနစ်ကို အသုံးပြု

ဝိဇ္ဇာဘာသာရပ်များ သင်ကြားရာတွင် ဘာသာရပ်နှင့်ပတ်သက်သည့် အကြောင်းအရာများအား မှတ်တမ်းရုပ်ရှင်များ ပြသခြင်း၊ ယင်းဘာသာရပ်နှင့် စပ်လျဉ်းသည့်နေရာများသို့ သွားရောက်လေ့လာခြင်းများ ပြုလုပ်ပါသည်။ ထို့အပြင် သင်ခန်းစာများအား ကျောင်းသားများ မှတ်မိစေရန် Cue Card / Flash Card စနစ်ကို အသုံးပြု၍ လေ့လာစေပါ သည်။ နိုင်ငံသားနှင့် လူ့ဘောင်အဖွဲ့အစည်းပညာရပ်အား ပို့ချရာတွင် ဗြိတိန်နိုင်ငံ၏ အုပ်ချုပ်ရေးစနစ်၊ နိုင်ငံရေးစနစ်နှင့် ပြည်သူများက ၎င်းတို့အစိုးရ၏ အုပ်ချုပ်မှုစနစ်၌ တက်ကြွစွာပါဝင်နေမှုများ၊ တရားမျှတမှုနှင့် တရားဥပဒေစိုးမိုးမှု၊ လူမှုပတ်ဝန်းကျင် သာယာဝပြောရေးအပေါ် စိတ်ဝင်စားမှုနှင့် ယင်းကိစ္စရပ်များတွင် စေတနာ့ ဝန်ထမ်းများအဖြစ် ပါဝင်လိုမှုများ ရှိလာစေရန်တို့နှင့်ပတ်သက်၍ သင်ကြားပို့ချခြင်းများ ရှိပါသည်။

 

တီထွင်ဖန်တီးမှုဘာသာရပ်များသည် လက်တွေ့အသုံးချနိုင်သည့် ပညာရပ်များဖြစ်သည့်အလျောက် ဗြိတိန်ကျောင်း များ၌ ယင်းဘာသာရပ်တို့အား အလေးထားသင်ကြားပေးပြီး ပို့ချသည့်ဘာသာရပ်များမှာ ဒီဇိုင်းနှင့် အနုပညာ ဘာသာရပ်၊ ကွန်ပျူတာဘာသာရပ်၊ အစားအသောက်နှင့် အာဟာရဘာသာရပ်၊ တေးဂီတပညာ၊ အကပညာ၊ ပြဇာတ်ပညာနှင့် ရုပ်ရှင်ပညာတို့ ဖြစ်ပါသည်။ သင်ကြားပို့ချရာတွင် သင်ထောက်ကူပစ္စည်းများ သုံးစွဲမှုမှအစ အထူးပံ့ပိုးမှု လိုအပ်သည့်ကျောင်းသားများ အသုံးပြုနိုင်မည့် ပစ္စည်းများထားရှိပါသည်။ နွေရာသီကျောင်း ပိတ်ရက်များ၌ Year 9 နှင့် Year 10 ကျောင်းသားများအား အလုပ်သင်များအဖြစ် ဝင်ရောက်လုပ်ကိုင်စေခြင်းဖြင့် လုပ်ငန်းခွင် အတွေ့အကြုံရရှိစေရန် ပံ့ပိုးမှုများပြုလုပ်ပါသည်။ ထို့အပြင် အတန်းများသင်ယူပြီးမြောက်၍ အဆင့်မြင့်ပညာ ဆက်လက်မသင်ယူနိုင်ဘဲ အလုပ်ခွင်သို့ ဝင်ရောက်လိုသူလူငယ်များ အလုပ်အကိုင် အလွယ်တကူ ရရှိရန် လူတွေ့ဖြေဆိုပုံနှင့်လုပ်ငန်းခွင်၌ လိုက်နာရမည့် အခြေခံစည်းမျဉ်းများအား သင်ကြားပေးသည့်အတွက် အလုပ်အကိုင်ရရှိရေးကို အထောက်အကူဖြစ်စေသဖြင့် ကျောင်းသားများ၏ အနာဂတ်ဘဝအတွက် အာမခံချက် ပေးရာ ရောက်ပါသည်။

 

စာမေးပွဲ ငါးကြိမ်မှ ၁၀ ကြိမ်အထိ ဖြေဆိုရ

သားသမီးများ ပညာသင်ကြားရာတွင် တွေ့ကြုံရသည့် အခက်အခဲများနှင့် စပ်လျဉ်း၍ မိဘအုပ်ထိန်းသူများက မိမိသားသမီးပါဝင်သည့် ကျောင်းသားအုပ်စုအဖွဲ့ကို ကြီးကြပ်သည့် ဆရာ/ဆရာမနှင့် လည်းကောင်း၊ ကျောင်းအုပ်ချုပ်သူနှင့်လည်းကောင်း တွေ့ဆုံဆွေးနွေးနိုင်ပါသည်။ ကျောင်းများမှလည်း မိဘ၊ ဆရာတွေ့ဆုံဆွေးနွေး ပွဲကို နှစ်စဉ်သုံးလတစ်ကြိမ် အနည်းဆုံးပြုလုပ်၍ ကျောင်းသားများ၏ စာမေးပွဲရလဒ်များနှင့်အတူ ၎င်းတို့၏ ပညာရေးအခြေအနေကို မိဘများသိရှိရန် ဘာသာရပ်အလိုက် သင်ကြားသည့် ဆရာများနှင့်သာမက အုပ်ချုပ်သူ ဆရာ/ ဆရာမနှင့် တွေ့ဆုံဆွေးနွေး၍ GCSEအတန်း၌ စာမေးပွဲ ကောင်းမွန်စွာအောင်မြင်နိုင်ရေး ဦးတည်ချက် ထားပြီး ဆွေးနွေးရပါသည်။ GCSE စာမေးပွဲအား နှစ်စဉ် မေလမှ ဇွန်လအထိကျင်းပပြီး ကျောင်းသားများက ၎င်းတို့နှင့်သက်ဆိုင်သည့် ဘာသာရပ်များ ဖြေဆိုရမည့်နေ့များ၌ ဝင်ရောက်ဖြေဆိုရပါသည်။ ယင်း စာမေးပွဲကြီး ဖြေဆိုနိုင်ရန်အတွက် ကျောင်းသားများက သင်တန်းကာလအပိုင်း ခြောက်ပိုင်းတွင် စာမေးပွဲ ငါးကြိမ်မှ ၁၀ ကြိမ် အထိ ဖြေဆိုရပါသည်။ ဖြေဆိုရသည့် ဘာသာရပ်အများစုမှာ ရေးဖြေရလဒ်အပေါ်တွင်သာ အခြေခံပြီး ဒီဇိုင်းနှင့် အနုပညာဘာသာရပ်များတွင်မူ ကျောင်းသားတစ်ဦးချင်းစီ၏ ဆောင်ရွက်ချက်များအပေါ် အခြေခံ၍ စာမေးပွဲ အနည်းငယ်သာရှိပါသည်။ စာမေးပွဲရလဒ်များအား ဖော်ပြရာ၌ ၂၀၁၆ ခုနှစ်မှစတင်၍ ကိန်းဂဏန်းများ (အမြင့်ဆုံးရလဒ် 9 မှ အနိမ့်ဆုံးရလဒ် ) ဖြင့် ဖော်ပြပါသည်။

 

GCSE အတန်း / Year 11 ပြီးမြောက်သည့် အထူးပြုသင်ယူသည့် ဘာသာရပ်များမှာ အငယ်တန်းအဆင့် တက်ရောက်ခဲ့သည့် ကျောင်း၌ပင်ရှိသောကြောင့် အကြီးတန်းအဆင့်ပညာရေး/ A-Level အား ယင်းကျောင်း၌ ဆက်လက်သင်ကြားနိုင်သော်လည်း အချို့ကျောင်းများ၌ သင်ကြားခြင်းမရှိသည့်အတွက် ကျောင်းသားအချို့မှာ ကောလိပ်သို့မဟုတ် ယင်းဘာသာရပ်များ သင်ကြားရာကျောင်းသို့ ပြောင်းရွှေ့သင်ယူရပါသည်။ A-Level အတန်းများတွင် ဘာသာရပ်ပေါင်း ၈၀ ရှိသည့်အနက် ကျောင်းသား က မိမိကြိုက်နှစ်သက်ရာ ဘာသာရပ်များအား ရွေးချယ်သင်ယူနိုင်ပါသည်။ ဗြိတိန်နိုင်ငံ၏ အကျော်အမော်တက္ကသိုလ် ၂၄ ခုအား ကိုယ်စားပြုသည့် Russell Group မှ ၎င်းတို့ကျောင်းများတွင် ဘွဲ့ရယူသင်ကြားနိုင်သည့် ဘာသာရပ်များအတွက်လိုအပ်သည့် အထောက်အကူပြု ဘာသာရပ်များအား ထုတ်ပြန်ထားပြီး အဆိုပါကျောင်းများတွင် တက်ရောက်ပညာသင်ကြားခွင့် ရရှိရန်အတွက် A-Level အဆင့်စာမေးပွဲ၌ အင်္ဂလိပ်စာ၊ သမိုင်း၊ ခေတ်သစ် ဘာသာစကား၊ ခေတ်ဟောင်းဘာသာစကား၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒနှင့် ပထဝီဝင်ဘာသာရပ်တို့မှ အနည်းဆုံး နှစ်ဘာသာ၊ အများဆုံး သုံးဘာသာအား အထူးပြုဘာသာအဖြစ် သင်ယူရပါသည်။ A-level စာမေးပွဲအား နှစ်စဉ်မေလမှ ဇွန်လအထိကျင်းပ၍ GCSE စာမေးပွဲကဲ့သို့ပင် ရေးဖြေစာမေးပွဲ ရလဒ်အပေါ်၌သာ အခြေခံပြီး အောင်စာရင်းများအား သြဂုတ်လ၌ ထုတ်ပြန် ကြေညာလေ့ရှိပါသည်။

 

လှုပ်ရှားမှုအချို့အား စီးပွားရေးလုပ်ငန်းရှင်များက ထောက်ပံ့

ကျောင်းများ၏ သင်ကြားပို့ချမှုအောင်မြင်ခြင်းနှင့် ကျောင်းသားများစာမေးပွဲ၌ ရလဒ်ကောင်းများ ရရှိခြင်းသည် သင်ရိုးပြင်ပလှုပ်ရှားမှုတို့နှင့် များစွာပတ်သက် ဆက်နွယ်မှုရှိသည့်အလျောက် ဗြိတိန်အလယ်တန်းကျောင်းများ၌ သင်ရိုးပြင်ပလှုပ်ရှားမှုများကို အားလပ်ချိန်နှင့် ကျောင်းဆင်းချိန်များ၌ ပြုလုပ်ကြပြီး ကျောင်းပိတ်ရက်များနှင့် ကျောင်းအားလပ်ရက်များတွင် ပြုလုပ်သည့်လှုပ်ရှားမှုအချို့အား စီးပွားရေးလုပ်ငန်းရှင်များက ထောက်ပံ့မှုများ ပြုလုပ်ပါသည်။ ယင်းကဏ္ဍ၌ အများဆုံးလှုပ်ရှားမှုမှာ အားကစားနှင့် ကိုယ်ကာယလှုပ်ရှားမှုဖြစ်ပြီး အနုပညာ လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ လုပ်ငန်းခွင် အလုပ်သင်အဖြစ် ဝင်ရောက်လုပ်ကိုင်ခြင်းနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့သည် ဒုတိယ၊ တတိယနှင့် စတုတ္ထအများဆုံး လှုပ်ရှားမှုတို့ ဖြစ်ပါသည်။ အဆိုပါ လှုပ်ရှားမှုများ၏ ၁၉ ရာခိုင်နှုန်းမှာ အခမဲ့ဖြစ်၍ ၄၇ ရာခိုင်နှုန်းမှာ မိဘအုပ်ထိန်းသူများက ကျခံရသကဲ့သို့ ၃၄ ရာခိုင်နှုန်းမှာ ကျောင်း သို့မဟုတ် ဒေသဆိုင်ရာကောင်စီများမှ ကျခံရပါသည်။ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ကျောင်းသားများ အန္တရာယ်ကင်းဝေးရန်နှင့် ၂၀၁၆ ခုနှစ်နောက်ပိုင်း ဗြိတိန်နိုင်ငံအပါအဝင် အနောက်နိုင်ငံများသို့ အကြမ်းဖက် တိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာသောကြောင့် မိမိကိုယ်မိမိ ကာကွယ် နိုင်ရန်အတွက် ဗြိတိန်အစိုးရက အကြမ်းဖက်တိုက်ခိုက်မှုကြိုတင်ကာကွယ်ရေး လက်တွေ့လေ့ကျင့်မှုများ ပြုလုပ်ရန် ညွှန်ကြားချက်များ ချမှတ်ထားပြီး စာသင်နှစ်တစ်နှစ်အတွင်း အနည်းဆုံးနှစ်ကြိမ်ပြုလုပ်ရပါသည်။ ထို့အပြင် လူမှုကွန်ရက်များမှ ကျောင်းသားများအပေါ် ကျရောက်လာနိုင်သည့် cyber crime များနှင့်ပတ်သက်၍ ဗဟုသုတရှိစေရန်၊ သတင်းအမှား နှင့်အမှန် ခွဲခြားနိုင်ရန်နှင့် ကျိုးကြောင်းဆင်ခြင်ဝေဖန်သုံးသပ်မှုစွမ်းရည် မြင့်မားလာစေရန် ကျောင်းများမှ သင်ကြားပို့ချကြပါသည်။

 

စည်းကမ်းထိန်းသိမ်းရေးပိုင်း၌ ဗြိတိန်ပညာရေးဥပဒေ ၂၀၀၂ ၏ အခန်း (၁၇၅)နှင့် နောက်ဆက်တွဲ (၁)၏ အပိုဒ်အမှတ် (၇)တို့အရ အစိုးရ၏ အထောက်အပံ့နှင့် ရပ်တည်နေသည့် ကျောင်းများ၏ အုပ်ချုပ်သူများသည် ကျောင်းသားများ၏ အပြုအမူ၊ အကျင့်စရိုက်၊ စည်းကမ်းလိုက်နာတတ်မှု မြင့်မား လာရေး၊ ကျောင်းသားအချင်းချင်း အနိုင်ကျင့်ဗိုလ်ကျမှုများ ကာကွယ်ဟန့်တားရေးနှင့် ကျောင်းသားတို့အား ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များ ပြီးစီး အောင်ဆောင်ရွက်ရေးတို့အတွက် ကြပ်မတ်ပေးရပါသည်။ ကျောင်းသားများ ကျောင်းစည်းကမ်းလိုက်နာမှုနှင့် ကြိုးစားအားထုတ်မှု ကောင်းမွန်လာစေရန် ကျောင်းစည်းကမ်းလိုက်နာခြင်း၊ ကြိုးစားအားထုတ်ခြင်းရှိသည့် ကျောင်းသား များအား Positive အမှတ်ပေးပြီး လေ့လာရေးခရီးစဉ်များ၌ ပါဝင်စေခြင်း၊ အခမ်းအနားများသို့ တက်ရောက်စေခြင်း၊ နာမည်ကြီးတက္ကသိုလ်များ၌ ဘာသာရပ်နှင့်ပတ်သက်သည့် ဆွေးနွေးပွဲများ တက်ရောက် စေခြင်း၊ ယင်းတက္ကသိုလ်များရှိ သိပ္ပံခန်းများ၌ လက်တွေ့စမ်းသပ်မှုများ ပြုလုပ်စေခြင်း၊ ထိုသို့ဆောင်ရွက်ရ မှုများနှင့်ပတ်သက်၍ ကျောင်း၌ ပြန်လည်ဆွေးနွေးစေခြင်းနှင့် ကျောင်းသို့ ဧည့်သည်တော်များ လာရောက်သည့်အခါ တွေ့ဆုံဆွေးနွေးခြင်းများ ပြုလုပ်စေပါသည်။

 

၁၅ ရက်အတွင်း သက်သေအထောက်အထားဖြင့် တင်ပြရ

လုံလောက်သည့် အကြောင်းပြချက်မပေးနိုင်ဘဲ ကျောင်းတက်ရောက်ရန် ပျက်ကွက်နေသည့် ကျောင်းသားနှင့် ပတ်သက်၍ ဒေသဆိုင်ရာကောင်စီနှင့် ကျောင်းများ၏ လုပ်ပိုင်ခွင့်အရ မိဘအုပ်ထိန်းသူအား ဆင့်ခေါ်စာပို့ခြင်း၊ ပညာရေးအတွက် ကြီးကြပ်ရေးအမိန့် ထုတ်ပြန်ခြင်းနှင့် ပြစ်ဒဏ်ချမှတ် ခြင်းတို့ပြုလုပ်နိုင်ပါသည်။ ဆင့်ခေါ်စာပို့ခြင်းခံရသည့် မိဘ အုပ်ထိန်းသူအနေဖြင့် ကျောင်း၌ပြုလုပ်သည့် မိဘအုပ်ထိန်းသူများနှင့် တွေ့ဆုံ ဆွေးနွေးပွဲ၌ ၎င်း၏ သား၊ သမီး ကျောင်းတက်ရောက်မှု အခြေအနေ ကောင်းမွန်လာရေးအတွက် ဆောင်ရွက်ရန် တွန်းအားပေးခြင်း ခံရပါသည်။ ယင်းအဆင့်၌ ပူးပေါင်းခြင်းမရှိပါက ဒေသဆိုင်ရာကောင်စီထံသို့ လွှဲပြောင်း ပေးအပ်မှုများ ပြုလုပ်ပြီး ဒေသဆိုင်ရာကောင်စီမှ Police and Criminal Evidence Act 1984 (PACE) နှင့်အညီ PACE ဆွေးနွေးပွဲသို့ တက်ရောက်ရန် ဆင့်ခေါ်စာပို့၍ ပူးပေါင်းဆောင်ရွက်ခြင်း မရှိသည့် မိဘအုပ်ထိန်းသူအား ကောင်စီမှ ကျောင်းသား၏ပညာရေး တိုးတက်မြင့်မားရန် စောင့်ရှောက်ပေးနိုင်သူတစ်ဦး ခန့်အပ်ခွင့်ကို တရားရုံးသို့ တင်သွင်းပါသည်။ ဤအဆင့်တွင် မိဘအုပ်ထိန်းသူအနေဖြင့် မိမိ၏သားသမီးအား သက်ဆိုင်ရာကျောင်းအသီးသီး၌ တက်ရောက်ရန် လျှောက်ထားခြင်း သို့မဟုတ် မိမိအိမ်၌သင်ကြားရန် ဆောင်ရွက်ထားခြင်းအား ၁၅ ရက်အတွင်း သက်သေအထောက်အထားဖြင့် တင်ပြရပါသည်။ ယင်းသို့ ဆောင်ရွက်ခြင်းမရှိပါက ဒေသဆိုင်ရာကောင်စီမှ မိဘ အုပ်ထိန်းသူအား တရားစွဲဆိုခြင်း သို့မဟုတ် စတာလင်ပေါင် ၆ဝ ဒဏ်ချပါသည်။ ထိုဒဏ်ငွေအား ၂၁ ရက်အတွင်း ပေးဆောင်ရန် ပျက်ကွက်ပါက စတာလင်ပေါင် ၁၂၀သို့ တိုးမြှင့်ပေးဆောင်ရပါသည်။ ထပ်မံ၍ပေးဆောင်ရန် ၂၈ ရက် ကျော်လွန်ပါက မိမိ၏ အုပ်ထိန်းခြင်းခံရသည့် ကလေးအား ကျောင်းတက်ရောက်ရေး ဆောင်ရွက်ပေးရန် ပျက်ကွက် သည့်အမှုဖြင့် တရားစွဲဆိုခြင်း ခံရမည်ဖြစ်ပြီး ပြစ်မှုကျူးလွန်ကြောင်း တွေ့ရှိပါက အဆိုပါ မိဘအုပ်ထိန်းသူအား ဒဏ်ငွေ စတာလင်ပေါင် ၂၅၀၀ ချမှတ်နိုင်သကဲ့သို့ ထောင်ဒဏ်သုံးလ ချမှတ်နိုင်ပါသည်။

 

ဗြိတိန်အလယ်တန်းကျောင်းများသည် စည်းကမ်းများနှင့်ပတ်သက်၍ ကျောင်းသားများအပေါ်ဆုပေး၊ ဒဏ်ပေးသည့် စနစ်အား တစ်သမတ်တည်း ကျင့်သုံးသည့်အတွက် ကျောင်းသားများ၏ အပြုအမူ၊ အကျင့်စရိုက်များ ကောင်းမွန်လာစေရန် များစွာအထောက်အကူပြုစေပါသည်။ အထူးသဖြင့် အထူးထောက်ပံ့မှုလိုအပ်သည့် ကျောင်းသားများအပေါ် မည်သို့ပြုမူဆက်ဆံရမည်ကို ကျောင်းသားများအားလုံး သိရှိနားလည်ရန် သင်ကြား ပြောဆိုခြင်း၊ ကောင်းမွန်သည့် လုပ်ဆောင်ချက်များအတွက် ဆရာ၏ ချီးမွမ်းပြောဆိုမှုနှင့် ဆုလာဘ်များရှိသကဲ့သို့ စည်းကမ်း ချိုးဖောက်ပါက ဆရာမှပေးသည့်အပြစ်ဒဏ်အား ခံရမည်ဟူသည့်အသိစိတ် ကျောင်းသားများ၌ ခိုင်မြဲစွာရှိစေရန် နေ့စဉ် အပြုအမူများမှစ၍ ကြပ်မတ်ဆောင်ရွက်ခြင်း၊ ညံ့ဖျင်းသည့်အပြုအမူ၊ အကျင့်စရိုက်တို့အား အလွန်အကျွံတုံ့ပြန်မှု ပြုလုပ်ခြင်းထက် ကျောင်းမှချမှတ်ထားသည့် အပြုအမူနှင့် အကျင့်စရိုက် ပြုပြင်ရေး မူဝါဒအတိုင်း တစ်ဆင့်ချင်းစီ ဂရုပြုဆောင်ရွက်ခြင်းဖြင့် ကျောင်းသားများ ၎င်းတို့ကျောင်း၌ ပညာသင်ကြား ရသည်ကို လုံခြုံမှုရှိသည်ဟု ခံစားရပြီး ကျောင်း၌ပျော်ရွှင်စေရန် ဆောင်ရွက်ပါသည်။

 

လုံခြုံမှုရရှိစေရန် အထောက်အကူ ဖြစ်စေ

နေ့စဉ် နံနက်ကျောင်းအဝင်၌ ကျောင်းသားများ၏ ဝတ်စားဆင်ယင်မှုကို ကြီးကြပ်စစ်ဆေးခြင်းဖြင့် ကျောင်းသားများ ငယ်စဉ်အရွယ်မှစ၍ ဝတ်စားဆင်ယင်မှုတွင် သပ်ရပ်ကောင်းမွန်စွာ ဝတ်ဆင်တတ်သည့် အကျင့်ကောင်းများ ရရှိစေရန်၊ ကျောင်းသို့အချိန်မှန် ရောက်စေခြင်းဖြင့် အချိန် နာရီကို လေးစားတတ်စေရန်နှင့် စည်းစနစ်ကျသူများ ဖြစ်ပေါ်လာစေရန် လေ့ကျင့်ပေးပါသည်။ ယေဘုယျအားဖြင့် ကျောင်းအဝင်၌ ဆရာများက စောင့်ကြည့်စစ်ဆေးမှု ပြုလုပ်ခြင်းသည် ရိုးရှင်းသည့် ဆောင်ရွက်ချက်ဟု ထင်မြင်နိုင်သော်လည်း ကျောင်းသားများ၏ ကျန်းမာရေးနှင့် စိတ်ခံစားချက်တို့အား အခြေခံအားဖြင့် လေ့လာနိုင်သည့်အတွက် မိမိကျောင်းသားများ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်ခြင်း ခံရပါကလည်း အလွယ်တကူ သိရှိနိုင်ပြီး ထိုအခြေအနေကို အချိန်မီ ကာကွယ်တားဆီးနိုင် မည်သာမက ကျောင်း၌၎င်းတို့၏ဘဝ လုံခြုံမှုရရှိစေရန် အထောက်အကူ ဖြစ်စေပါသည်။

 

ကျောင်းများအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များမှ အောင်မြင်မှုရရှိနေသည့် လုပ်ငန်းများနှင့်ပတ်သက်၍ အခြားကျောင်းများနှင့် အတွေ့အကြုံဖလှယ်မှုများ ပြုလုပ်ခြင်းကြောင့် မိမိကျောင်း၏ လိုအပ်ချက်အား အခြားကျောင်းများမှ အကြံပေးနိုင်သကဲ့သို့ ပံ့ပိုးခြင်းများ ပြုလုပ်နိုင်ပါသည်။ အထူးသဖြင့် လန်ဒန်မြို့အတွင်းရှိ ကျောင်းများ၌ ထူးချွန်ထက်မြက်သည့် ကျောင်းအုပ်ချုပ်သူများနှင့် ဆရာများရှိသကဲ့သို့ မိဘ အုပ်ထိန်းသူများကလည်း ၎င်းတို့သားသမီးများ၏ ပညာရေး တိုးတက်လာစေရန် အားပေးခြင်း၊ မိဘ၊ ဆရာတွေ့ဆုံပွဲများသို့ ပုံမှန်တက်ရောက်၍ သားသမီးများ၏ ပညာရေးအခြေအနေကို ဆရာများနှင့် ဆွေးနွေး ညှိနှိုင်းမှုများ အစဉ်ပြုလုပ်ကြသဖြင့် အဆိုပါကျောင်းများ၏ GCSE စာမေးပွဲ အောင်ချက်ရာခိုင်နှုန်းမှာ အခြားဒေသများရှိ ကျောင်းများထက် မြင့်မားလျက်ရှိပါသည်။    ။