သွင်းကုန်အစားထိုး တန်ဖိုးမြှင့်ခရမ်းရောင်ကန်စွန်းဥအမှုန့် ပြည်ပဈေးကွက်ရရှိရန် ကြိုးပမ်းဆောင်ရွက်

ရန်ကုန် ၊ ဇန်နဝါရီ ၂၄

 

သွင်းကုန်အစားထိုး တန်ဖိုးမြှင့် ခရမ်း‌ရောင် ကန်စွန်းဥအမှုန့်ကို ပြည်ပမှတင်သွင်းနေသည့် ကုမ္ပဏီများသို့ ဈေးကွက်ချိတ်ဆက် ရောင်းချနိုင်ရန်နှင့် ခိုင်မာသော ပြည်ပဈေးကွက် ရရှိရန် မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

၂၀၂၀ ပြည့်နှစ်တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ဘန်းယဉ်မြို့နယ်နှင့် ဟိုပုန်းမြို့နယ်တို့၌ စိုက်ပျိုးရေး ကုမ္ပဏီနှစ်ခုက ဂျပန်ုနိုင်ငံမှရရှိသည့် BENI IMO ကန်စွန်းဥမျိုးများကိုပြုပြင်၍  ကိုယ်တိုင်စိုက်ပျိုးခြင်းအပြင် တောင်သူတို့နှင့် အကျိုးတူ ပူးပေါင်းစိုက်ပျိုးခဲ့ရာ အောင်မြင်မှုရရှိခဲ့ပြီး ထွက်ရှိလာသည့် ခရမ်းရောင်ကန်စွန်းဥများကို အဆင့်မြှင့်တင်၍ ကန်စွန်းဥအမှုန့် (sweet Potato Pounder ) အဖြစ် အောင်မြင်စွာ ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။  

 

“ဂျပန်နိုင်ငံက လက်ဆောင်ရတဲ့မျိုးကို ဒီမှာသွင်းအားစုတွေနဲ့ ပြန်လည်ပြုပြင်လိုက်တော့ မူလအဖြူရောင် ကန်စွန်းဥက ခရမ်းရောင်ပြောင်းသွားပြီး အရသာနဲ့ အရည်အသွေးလည်း ကောင်းသွားတယ်။ တောင်ကြီးဈေးကွက်မှာ ရောင်းချနေတဲ့ ခရမ်း‌ရောင် ကန်စွန်းဥတွေဟာ စမ်းသပ်စိုက်ပျိုး အောင်မြင်မှုရတဲ့ ကန်စွန်းဥတွေပါ။ မူပိုင်မျိုးရင်းကိုလည်း မူပိုင်ခွင့်ရရှိဖို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကို တင်ထားတယ်။ ကုမ္ပဏီကစိုက် ဧက ၁၅၀ နဲ့ တောင်သူစိုက်ခင်းတွေလည်းရှိတယ်။ တစ်ဧကကို ကန်စွန်းဥ ပိဿာ ၁၅၀၀ ကနေ ပိဿာ ၃၀၀၀ အထိ ထွက်တယ်။ ဒါကြောင့် အာဟာရ စားသောက်ကုန်တွေမှာ အသုံးပြုတဲ့ ကန်စွန်းဥအမှုန့်ကို ပြည်ပက တင်သွင်းနေရတဲ့ ပြည်တွင်းစားသောက်ကုန် လုပ်ငန်းတွေအတွက် အဆင်ပြေလာသလို ပြည်ပကို တင်ပို့နိုင်တဲ့အထိ ထုတ်လုပ်ဖြန့်ချိနိုင်တာကြောင့် တောင်သူတွေ ဝင်ငွေတိုးမြင့် ရရှိစေတဲ့အပြင် နိုင်ငံတော်အတွက်လည်း ပို့ကုန်ဝင်ငွေ ရရှိစေတာကြောင့် ပြည်ပကုန်စည်ပြပွဲတွေမှာ မိတ်ဆက်ပြသဖို့ ကျွန်တော်တို့လည်း ဖြည့်ဆည်း ဆောင်ရွက်နေပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြင့်တင်ရေးအဖွဲ့ (ရှမ်းပြည်တောင်ပိုင်း) လက်ထောက် ညွှန်ကြားရေးမှုး ဦးစောဝင်းကျော်က ပြောသည်။

 

mdn

 

တောင်ပေါ်၊ မြေပြန့်ဒေသတို့တွင် ကန်စွန်းဥ အဖြူရောင်၊ အဝါ‌ရောင်၊ ပန်း‌ရောင်တို့ကို အဓိက စိုက်ပျိုးကြပြီး ယခုအခါ ဂျပန်အဖြူရောင် ကန်စွန်းဥမျိုးမှ ခရမ်းရောင်မျိုးအဖြစ် ပြုပြင်စမ်းသပ် စိုက်ပျိုးခဲ့ရာ အရသာအချိုဓာတ်များ၍ စည်းပိုင်မှုရှိခြင်းနှင့် အထွက်နှုန်းကောင်းခြင်း စသည့် ရလဒ်ကောင်းများ ရရှိခဲ့သည်။  ကန်စွန်းဥကို သိုလှောင်ထိန်းသိမ်းရာတွင် လေလုံခန်း၌ အနည်းဆုံး ခြောက်လနှင့် အအေးခန်း၌ တစ်နှစ်ထားရှိကြပြီး ကန်စွန်းဥအမှုန့်ကို ကမ္ဘာ့နိုင်ငံကြီးများ၌ ပါစတာ (Pasta)၊ ဒိုးနတ်မှုန့်၊ Hot Chocolate၊ Ice-Cream မုန့်များတွင် အနံ့၊ အရသာနှင့် အရောင်အတွက် ရောစပ် အသုံးပြုကြသည့်အပြင် ပြည်တွင်းအာဟာရထုတ်လုပ်သော စားသောက်ကုန်တို့၌ အသုံးပြုလျက်ရှိသည်။

 

အရည်အသွေးကောင်းသော ကန်စွန်းဥများကို တာရှည်သိုလှောင် ထိန်းသိမ်းရန် ခက်ခဲသောကြောင့် မြန်မာနိုင်ငံမှ ထွက်ရှိသော ခရမ်းရောင် ကန်စွန်းဥများကို  တန်ဖိုးမြှင့် ကန်းစွန်းဥအမှုန့်များ ပြုလုပ်၍ တစ်လလျှင် ၁၀ တန်ခန့် ထုတ်လုပ်ဖြန့်ချိလျက်ရှိသည်။ တန်ဖိုးမြှင့် ကန်စွန်းဥအမှုန့်များကို စားသောက်ကုန် ထုတ်လုပ်သည့် ပြည်တွင်းဈေးကွက်၌ သွင်းကုန်အစားထိုး အနေဖြင့် ဖြန့်ဖြူး ပေးလျက်ရှိရာ မြန်မာကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့အနေဖြင့် ပြည်ပမှ တင်သွင်းလျက်ရှိသည့် ကန်စွန်းဥအမှုန့်ကို ပြည်တွင်းထုတ်လုပ်မှုဖြင့် အစားထိုးနိုင်ရန်၊ ခိုင်မာသော ပြည်ပဈေးကွက် ဖော်ဆောင်နိုင်ရန်နှင့် မတ်လတွင် လာအိုနိုင်ငံ ဗီယန်ကျင်းမြို့၌ ကျင်းပမည့် လန်ချန်း- မဲခေါင် (၅) နိုင်ငံ ကုန်စည်ပြပွဲ၌ အွန်လိုင်းမှ ပါဝင်ပြသ၍ ဈေးကွက်မိတ်ဆက်နိုင်ရန်   ကြိုးပမ်းဆောင်ရွက်နေကြောင်း သိရသည်။

 

ဓာတ်ပုံ - ကနူး ညိမ်းသူ ( သတင်းစဉ် )