သန်လျင်မြို့နယ်၌ နွေစပါးဧက သုံးထောင်ကျော် လျာထားစိုက်ပျိုးသွားမည်

ရန်ကုန်၊ ၁၆ ဇန်နဝါရီ

   

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် စိုက်ပျိုးရေးကဏ္ဍအဖြစ် တောင်သူများမှ မိုးစပါး၊ နွေးစပါး၊ ဆီထွက်သီးနှံများ စိုက်ပျိုးလျက်ရှိရာ ယခုနှစ် နွေရာသီတွင် သန်လျင်မြို့နယ်၌ နွေစပါးဧက ၃၀၉၆ ဧက လျာထား စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သန်လျင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

  

သန်လျင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ယခုနှစ်နွေရာသီတွင် စိုက်ပျိုးအောင်ရေ (ရေချို) ရရှိမှုအရ မြို့နယ်အတွင်း နွေစပါးဧက ၃၀၉၆ ဧကလျာထားပြီး စပါးစိုက်ပျိုးထုတ်လုပ်သူ တောင်သူများမှ နွေစပါးများအား စိုက်ပျိုးလျက်ရာ ယခုကာလအထိ သန်လျင်မြို့နယ် အတွင်း နွေစပါးဧက ၁၄၉၉ ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါ နွေးစပါးနှင့် ဆောင်းသီးနှံ ပဲတီစိမ်း စိုက်ပျိုးနေသော သန်လျင်မြို့၊ ဘော့သပြေကန်ကျေးရွာ၊ ကွင်းအမှတ် (၇၀၆) ရှိ အုပ်စု (B) မှ တောင်သူ ဦးဇော်မင်းက “ကျွန်တော် နွေစပါး ၃၅ ဧကစိုက်ပျိုးထားပါတယ်။ ဒီနှစ်နဲ့ဆို ၃ နှစ်ရှိပါပြီ ပြီးခဲ့တဲ့ နှစ်နှစ်လောက်က စိုက်ပျိုး အောင်ရေ ရရှိမှုအခက်အခဲရှိတာရယ် နွေစပါးရောင်းဈေး ကျတာနဲ့ဆုံသွားခဲ့တယ်။ ကျွန်တော်က ဆောင်းသီးနှံ ပဲတီစိမ်း ၃၇ ဧကလောက် စိုက်ပျိုးထားပါသေးတယ်။ ကျွန်တော်တို့ တောင်သူတွေမှာ စိုက်ပျိုးအရင်းအနှီးကလည်း များပါတယ်။ ဒီနှစ်တော့ စိုက်ပျိုး အောင်ရေလဲ အဆင်ပြေမယ်လို့မျော်လင့်တယ်။ နွေစပါး ဝယ်ဈေးနဲ့ ပဲတီစိမ်း ဝယ်ဈေးလေး ကောင်းလာမယ်လို့တော့ မျော်လင့်မိတယ်” ဟု  ပြောသည်။

 

သန်လျင်မြို့နယ်အတွင်း စပါးစိုက်ပျိုးထုတ်လုပ်သူ တောင်သူများအား တစ်ဧက ကုန်ကျစရိတ် လျှော့ချထည့်သွင်းသည့် နည်းပညာအပေါ် အခြေခံ၍ ဘက်စုံသီးနှံ ကာကွယ်ရေးလုပ်ငန်းများ၊ မျိုးကောင်းမျိုးသန့် ရရှိရေးလုပ်ငန်းများနှင့် GAP စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်နည်းပညာများ၊ နွေစပါး အောင်ရေ (ရေချို) စိစစ်တိုင်းတာပေးရေး လုပ်ငန်းများအပြင် ကိုဗစ်- ၁၉ ကမ္ဘာ့ကပ်ရောဂါ ကာလတွင် လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ သီးနှံစိုက်ပျိုးထုတ်လုပ်မှုများ အရှိန်လျှော့ချခြင်း မရှိစေရန် တောင်သူလက်တွေ့ ပညာပေးလုပ်ငန်းများအား အချိန်နှင့်တစ်ပြေးညီ ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

 

 

သက်ခိုင် (သန်လျင်)