သရေခေတ္တရာနှင့် သီရိခေတ္တရာပြတိုက်

မောင်သာ(ရှေးဟောင်းသုတေသန)

ပျူယဉ်ကျေးမှုထွန်းကားခဲ့သည့် ကမ္ဘာ့အမွေအနှစ်ဒေသတစ်ခု ဖြစ်သော သရေခေတ္တရာသို့ ရောက်ရှိ လာကြသူများသည် သရေခေတ္တရာမြို့ဟောင်းကို လေ့လာပြီးလျှင် သရေခေတ္တရာမှရရှိခဲ့သည့် ယဉ်ကျေးမှု အထောက်အထား ပစ္စည်း ၂၄၇ ခုကိုခင်းကျင်းပြသထားသည့် သီရိခေတ္တရာပြတိုက်သို့လည်း ဝင်ရောက်လေ့လာလေ့ရှိကြသည်။

 

သီရိခေတ္တရာပြတိုက်သည် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်ရှိသရေ ခေတ္တရာမြို့ဟောင်း မှော်ဇာကျေးရွာတွင် တည်ရှိကာ မြို့ဟောင်း၏ မြောက်ဘက် မြို့ရိုးဝင်ပေါက်တစ်ခုဖြစ်သည့် နတ်ပေါက်မှ တစ်မိုင်သာ ကွာဝေးပြီး ပြည်မြို့မှတစ်ဆင့် အလွယ်တကူသွားရောက်နိုင်ကြသည်။

 

သီရိခေတ္တရာပြတိုက်ကို ၂ ဒသမ ၅ ဧကကျယ်ဝန်းသော မြေကွက်ပေါ်တွင် တည်ဆောက်ထားကာ ပြတိုက်အဆောင် သုံးဆောင်နှင့် သတင်းအချက်အလက် ဌာနကို ဖွင့်လှစ်ထားသည်။

 

သရေခေတ္တရာ၏နောက်ခံ

မြန်မာရာဇဝင်ကျမ်းများတွင် သရေခေတ္တရာကို ဗုဒ္ဓဘုရားရှင်ပရိနိဗ္ဗာန် စံဝင်ပြီး ၁၀၁ နှစ် (ခရစ်တော်မပေါ်မီ ၄၄၃ ခုနှစ်) တွင် တည်ထောင်ခဲ့ကြောင်း၊ ဒွတ္တပေါင်မင်းမှစ၍ မင်းစဉ်မင်းဆက် အုပ်စိုးခဲ့ကြပြီး သုပညာနာဂရဆိန္ဒမင်း လက်ထက်တွင် ပျက်စီးခဲ့ကြောင်း ရေးသားကြသည်။

 

တွေ့ရှိထားပြီးသော အထောက်အထားများအရ သရေခေတ္တရာသည် အေဒီ ၁ ရာစုမှ ၉ ရာစုအကြား၌ ထွန်းကားခဲ့သောပျူမြို့ပြနိုင်ငံများအနက် အထင်ရှားဆုံးမြို့ဖြစ်ပြီး ခရစ်တော်မပေါ်မီ ၂ ရာစုနှောင်းတွင် တည်ဆောက်ခဲ့ သည်ဟုအဖြေထွက်ရှိကြောင်း သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းက ဂြီက္ပေတြ (မူရင်းကျောက်စာ) သရေခေတ္တရာမြို့ဟောင်းဆောင်းပါးတွင် ရေးသားခဲ့သည်။ ဒေါက်တာသန်းထွန်းက ဒွတ္တပေါင်ဟုခေါ်ဆိုကြသည့် တ္ဒဗံ့း (မူရင်းကျောက်စာ) ဝေါဟာရသည် လူပုဂ္ဂိုလ်တစ်ဦး၏ အမည်မဟုတ်ဘဲ မင်းကြီးဟုရည်ညွှန်းသည့် ဂုဏ်ပုဒ်တစ်ခုဖြစ်ကြောင်း၊ ပျူလူမျိုးများသည် အစောပိုင်းတွင် ဗြဟ္မဏအယူဝါဒကိုလက်ခံခဲ့ကြကာ နောက်ပိုင်းတွင် မဟာ ယာနဗုဒ္ဓဘာသာကို ယုံကြည်ခဲ့ကြဟန်ရှိကြောင်းနှင့် ၁၄ ရာစုတွင် ပျောက်ကွယ်ခဲ့ကြောင်း ရေးသားခဲ့သည်။

 

မြန်မာနိုင်ငံ၏ ရှေးဟောင်းသုတေသနတာဝန်ခံအဖြစ် ပထမဆုံး ထမ်းဆောင်ခဲ့သူ ဒေါက်တာ အီးဖိုချားမား (Dr.EForchammaer) သည် သရေခေတ္တရာကို ပထမဆုံး ကွင်းဆင်းသုတေသနပြုခဲ့သည်။ ၁၉၀၇ ခုနှစ်တွင် ပြင်သစ်ဗိုလ်ချုပ် လီယွန်ဒီဗြဲလီယေ (Leon de Beylie) နှင့် ကျောက်စာဝန် မစ္စတာတော်စိန်ခိုတို့သည် သရေခေတ္တရာကို တူးဖော်ခဲ့ကြပြီးနောက်ပိုင်းတွင် မစ္စတာတော် စိန်ခို၊ ဦးလူဖေဝင်း၊ မွန်ဆီယာဒူရွိုင်ဆယ် အစရှိသော ကျောက်စာ ဝန်များသည် သရေခေတ္တရာကို ဒုတိယကမ္ဘာစစ်မဖြစ်မီအချိန်အထိ အခါ အားလျော်စွာ တူးဖော်ခဲ့ကြသည်။ သရေခေတ္တရာကို ခေတ်အဆက်ဆက် တူးဖော်ခဲ့ကြသဖြင့် ယခုအချိန်အထိ ကုန်း ၆၅ ကုန်းကို တူးဖော်ခဲ့ပြီး တူးဖော်မှု များတွင် ပျူယဉ်ကျေးမှုအထောက်အထားများစွာကို တွေ့ရှိခဲ့ရသည်။

 

ရှေးဟောင်းမြန်မာရာဇဝင်များတွင် သရေခေတ္တရာ၌ တံခါးကြီး ၃၂၃ ပေါက်၊ တံခါးငယ် ၃၃ ပေါက်ရှိခဲ့ကြောင်း ရေးသားကြသော်လည်း လက်တွေ့ကွင်းဆင်းလေ့လာမှုများအရ မြို့ဝင်ပေါက် ကိုးပေါက်သာ တွေ့ရှိရသေးပြီး ယင်းတို့သည် မြို့ဟောင်း အရှေ့ဘက်ရှိမု‌‌ေဋ္ဌာပေါက်နှင့် တွင်းဗြဲပေါက်၊ အနောက် ဘက်ရှိရွှေတံခါးပေါက်နှင့်မုတ်ရှည်ပေါက်၊ တောင်ဘက်ရှိရဟန္တာပေါက်၊ ဘီလူးမပေါက်နှင့် သာယာဝတီပေါက်၊ မြောက်ဘက်ရှိနတ်ပေါက်နှင့် နဂါးတွန့် ပေါက်တို့ ဖြစ်ကြသည်။

 

သီရိခေတ္တရာပြတိုက်

ရှေးဟောင်းသုတေသနတူးဖော်မှုများမှ ရရှိခဲ့သည့် ယဉ်ကျေးမှုအထောက် အထားများအား ထိန်းသိမ်း၍ အများပြည်သူများကိုပြသရန် အဆောက်အအုံများ လိုအပ်လာခဲ့သဖြင့် ရှေးဟောင်းသုတေသန ပြတိုက်များ ပေါ်ထွန်းလာခဲ့သည်။ ပြတိုက်ဟူသည့် ဝေါဟာရ၏အဓိပ္ပာယ်ကို မြန်မာ့စွယ်စုံကျမ်းအတွဲ (၇)တွင် "ပညာလိုက်စားသူအပေါင်းတို့အတွက် အဘက်ဘက်မှ အကူအပံ့ ဖြစ်စေသော ပစ္စည်းအမျိုးမျိုးတို့ကို သိုမှီးပြသထားရာ အဆောက်အအုံများကို ပြတိုက်ဟုခေါ်ဆိုနိုင်ပေသည်"ဟု ဖွင့်ဆိုသည်။ ထို့အတူမြန်မာအဘိဓာန်တွင် ပြတိုက်၏အဓိပ္ပာယ်ကိုအများကြည့်ရှုလေ့လာဖွယ်ရာများကို ခင်းကျင်းပြသထားသော အဆောက်အအုံဟု ဖော်ပြသည်။

 

ပြတိုက်သည် ရှေးဟောင်းပစ္စည်းများ သို့မဟုတ် အမှတ်တရမှတ်တမ်း တင်ထားရှိရမည့် ပစ္စည်းများကို တစ်နေရာတည်း၌ စုစည်းထားပြီးအများ ပြည်သူများ စူးစမ်းလေ့လာရန်၊ သုတေသနပြုလုပ်ရန် လေ့လာကြည့်ရှုစေ ခြင်းဖြင့် အသိပညာဗဟုသုတများတိုးပွားလာစေသည့် ပညာဖြန့်ဖြူးရာဌာန ကြီးဖြစ်ကြောင်း အခြေခံပြတိုက်ပညာစာအုပ်တွင် ဖော်ပြထားသည်။

 

၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်တွင် ပြဋ္ဌာန်းခဲ့သည့် ရှေးဟောင်းဝတ္ထုပစ္စည်း များကာကွယ်ထိန်းသိမ်းရေး ဥပဒေအရပြတိုက်သည် အများပြည်သူ အကျိုးငှာ ပညာပေးနိုင်သော ယဉ်ကျေးမှုအရ၊ သမိုင်းကြောင်းအရ၊ အနုပညာ လက်ရာမြောက်မှုအရ တန်ဖိုးရှိသောရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက် လေ့လာသုတေသနပြု၍ အများပြည်သူ အား စိတ်ချမ်းမြေ့စွာ လေ့လာသင်ယူနိုင်စေရန်နှင့် ပညာပေးရန်အတွက် ခင်းကျင်းပြသခြင်းလုပ်ငန်းများကို ဆောင်ရွက်ရန်ရည်ရွယ်၍ အစိုးရဌာန အဖွဲ့အစည်းတစ်ခုခုကဖြစ်စေ၊ ဒေသဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့တစ်ခုခုက ဖြစ်စေ၊ ပုဂ္ဂလိက ကဖြစ်စေ ဖွင့်လှစ်ထားသော အဆောက်အအုံဖြစ်သည်။

 

ကမ္ဘာတစ်ဝန်းရှိ ပြတိုက်ပေါင်း ၅၅၀၀၀ ကျော်အနက် အမျိုးသားပြတိုက် များတွင် နိုင်ငံတစ်ခု၏ ယဉ်ကျေးမှုနှင့် သမိုင်းကြောင်းကိုဖော်ညွှန်းသည့် ပြကွက်များကိုအဓိကပြသလေ့ရှိသည်။ ထို့ကြောင့် နိုင်ငံတစ်ခု၏အမျိုးသား ပြတိုက်သည် ပြည်တွင်းပြည်ပဧည့်သည်များလာရောက်ကြည့်ရှုလေ့လာကြ ရသည့် နေရာတစ်ခုဖြစ်လာခဲ့ပေသည်။ ထို့အတူ အစိုးရနှင့်ပုဂ္ဂလိကကဖွင့်လှစ်သည့် ပြတိုက်များတွင်လည်း ပြတိုက်အမျိုးအစားအလိုက် လေ့လာနိုင်ကြသည်။

 

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသည် မြန်မာနိုင်ငံတစ်ဝန်း၌ အမျိုးသားပြတိုက် (နေပြည်တော်)နှင့် အမျိုးသားပြတိုက်(ရန်ကုန်) အပါအဝင် ရှေးဟောင်း သုတေသနပြတိုက်၊ ယဉ်ကျေးမှုပြတိုက်၊ ဗုဒ္ဓပြတိုက်၊ နေအိမ်ပြတိုက်၊ ပုံစံ ငယ်ပြတိုက်စသည်ဖြင့် ပြတိုက်ပေါင်း ၃၀ ဖွင့်လှစ်ထားရာသီရိခေတ္တရာ ပြတိုက်သည် ရှေးဟောင်းသုတေသန ပြတိုက်တစ်ခုဖြစ်သည်။

 

၁၉၀၇ ခုနှစ်တွင် သရေခေတ္တရာကိုပထမဆုံးတူးဖော်ခဲ့ချိန်မှစ၍ တူးဖော်မှု များမှရရှိခဲ့သည့် ရုပ်ဝတ္ထုပစ္စည်းများကိုကမ္ပည်းကျောက်စာဌာနက စုဆောင်း ထိန်းသိမ်းခဲ့သည်။ ယင်းနှစ်မှာပင် ပြင်သစ်ဗိုလ်ချုပ်လီယွန်ဒီဗြဲလီယေနှင့် မစ္စတာတော်စိန်ခိုတို့သည် မှော်ဇာကျေးရွာ၊ နန်းတော်ကုန်း မြောက်ဘက်ရှိ ကျောက်ကာသိမ်ကျောင်းအတွင်းမှ ဗုဒ္ဓရုပ်ပွားတော် ကျောက်ဆစ်ရုပ်ကြွများ ကိုတွေ့ရှိခဲ့သည်။ ယင်းတို့သည် အလွန်ကြီးမားလေးလံပြီး သယ်ယူထိန်းသိမ်းရန် မလွယ်ကူသောကြောင့် ယင်းနေရာ၌ပင် အလျားပေ ၅၀၊ အနံပေ ၂၀ ရှိသည့် အဆောက်အအုံတစ်ခုကို ဆောက်လုပ်၍ ထိန်းသိမ်းထားခဲ့ ရာမှ ၁၉၁၅ ခုနှစ်၊ မတ်လ၌ ကျောက်ကာသိမ်ပြတိုက် ပေါ်ထွန်း ခဲ့သည်။ ကျောက်ကာသိမ်ပြတိုက်ကို မြန်မာနိုင်ငံ၏ ပထမဆုံးသော တူးဖော်မှုနေရာပြတိုက် (Site Museum)ဟု ခေါ်ဆိုနိုင်ပေသည်။

 

သရေခေတ္တရာတူးဖော်မှုများမှ ရရှိခဲ့သည့် ပစ္စည်းများသည် တစ်စ တစ်စ များပြားလာသဖြင့် ၁၉၆၀-၆၁ ခုနှစ်တွင် ပြည်ထောင်စု ယဉ်ကျေးမှု ကောင်စီက သီရိ ခေတ္တရာ ပြတိုက်သစ်ကို ဆောက်လုပ်၍ ၁၉၆၂ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။ တိုးချဲ့ဆောင် (၂) ကို ၁၉၇၂ ခုနှစ်တွင် လည်းကောင်း၊ တိုးချဲ့ဆောင်(၃)ကို ၂၀၀၂ ခုနှစ်တွင် လည်းကောင်း ဖွင့်လှစ်ခဲ့သည်။

 

ခင်းကျင်းပြသထားမှုများ

သီရိခေတ္တရာပြတိုက်ကို အင်္ဂလိပ်အက္ခရာ ယူပုံသဏ္ဌာန် တည်ဆောက်၍ ပြခန်းသုံးခန်း ဖွဲ့စည်းထားသည်။ သီရိခေတ္တရာ ပြတိုက်ဝင်းအတွင်းသို့ ဝင်လိုက်သည်နှင့် ပြတိုက်ရှေ့မြေကွက်လပ်တွင် ပြသထားသည့် ကျောက်အိုးကြီးလေး လုံးကို လဟာပြင်ပြကွက်အဖြစ် မြင်တွေ့ကြရသည်။ ယင်းကျောက်အိုးကြီး များကို သရေခေတ္တရာမြို့ဟောင်းအတွင်းမှရရှိခဲ့ကာ ပြတိုက်ရှေ့တွင် ထားရှိ ၍အလှဆင်ထားသည်။

 

ပြတိုက်၏ ပင်မဆောင်ဖြစ်သည့် အဆောင်(၁)တွင် ရှေးဟောင်းသုတေသနနှင့် သမိုင်းပညာရပ် နယ်ပယ်တွင် အလွန်ထင်ရှားသည့် ပျူဘုရင်များ၏ ကျောက်အရိုးအိုးသုံးလုံး၊ အဖုံးပါရှိသည့်မြေရိုးအိုး၊ ကျောက်အရိုးအိုးငယ်၊ ခင်ဘကုန်း မှရရှိခဲ့သည့် ဌာပနာတိုက်ဖုံးကျောက်ပြား၊ ကျောက်ပလ္လင်များ၊ ဒွါရပါလ၊ တာရာဒေဝီ၊ ဗောဓိသတ္တကျောက်ဆစ်ရုပ်ကြွများနှင့်အတူသရေ ခေတ္တရာတူးဖော်မှုမှတ်တမ်း၊ သရေခေတ္တရာ၏ ရေအရင်းအမြစ်စီမံခန့်ခွဲမှုပုံစံ၊ သရေခေတ္တရာမင်းဆက်၊ သရေခေတ္တရာ သမိုင်းကြောင်းစသည် တို့ကိုရုပ်ပုံ ကားချပ်များ၊ ဇယားများ၊ ဓာတ်ပုံများဖြင့် ပြသထားသည်။

 

ပြခန်းဆောင်(၂)တွင် ပျူခေတ်ယုံကြည်ကိုးကွယ်မှုနှင့် စာပေအထောက် အထားများကို ပြသထားရာ ဗုဒ္ဓဆင်းတုတော်များ၊ အုတ်ခွက်ဘုရားများ၊ ဟိန္ဒူ အယူဝါဒဆိုင်ရာသဲကျောက်ရုပ်တုများ၊ ပျူစာများ ပါရှိသည့် အုတ်ခဲများ၊ ပျူ အက္ခရာများ ရေးထိုးထားသည့် ကျောက်ချပ်များ၊ ကျောက်စာတိုင်၊ ကြေး အရိုးအိုး၊ ငွေပေလွှာများနှင့်အတူခင်ဘကုန်းမှ တူးဖော် ရရှိခဲ့သည့် ရွှေပေလွှာ အချပ် ၂၀ မူရင်းဓာတ်ပုံနှင့် အဓိပ္ပာယ်ရှင်းလင်းချက်ကိုလေ့လာနိုင်ကြသည်။

 

ပြခန်းဆောင်(၃)တွင်မူ ပျူခေတ်ကဆောက်လုပ်ခဲ့သည့် အဆောက်အအုံများတွင် အသုံးပြုခဲ့သည့် ပွတ်လုံးတိုင်များ၊ မြေမီးဖုတ်ရုပ်ကြွများ၊ သံမယ်နများ၊ ပျူယဉ်ကျေးမှုဆိုင်ရာ အသုံးအဆောင်များ ဖြစ်သည့် အရိုးအိုးများ၊ ပုတီး စေ့များ၊ ဒင်္ဂါးများ၊ ရွှေလက်စွပ်များ၊ ကြေးခြူများ၊ ပန်းကန်ပြားများကို ပြသ ထားသည်။

 

ထို့အတူ ၁၉၆၇ ခုနှစ်တွင် ဘုရားမာအနီးမှ ရရှိခဲ့ပြီးပျောက်ဆုံးသွားခဲ့ကာ ၁၉၈၃ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုမှ သူဌေးတစ်ဦးကပြန်လည်ပေး အပ်ခဲ့သည့် ပျူကချေသည် ကြေးရုပ်တုငါးရုပ်၏ ပုံစံတူအရုပ်များကိုပြသ ထားသည်။ ယင်းတို့သည် ကခုန်နေသူ၊ဗုံတီးနေသူ၊ ပလွေမှုတ်နေသူ၊ လင်းကွင်း တီးနေသူနှင့် ကျောပေါ်တွင်အထုပ်တစ်ထုပ်ကို ထမ်းထားသည့် အရုပ်တို့ ဖြစ်ကြသည်။

 

ပြတိုက်တွင်ပြသထားသည့် ပစ္စည်းများသည် သရေခေတ္တရာတူးဖော် မှုများမှရရှိခဲ့သည့် ပစ္စည်းများ၊ ကွင်းဆင်း သုတေသနပြုလုပ်ရာမှ ရရှိခဲ့သည့် ပစ္စည်းများနှင့်လှူဒါန်းမှုများမှရရှိသည့် ပစ္စည်းများ ဖြစ်ကြကာ ယင်းတို့ကို ပစ္စည်းပေါ်မူတည်လျက် အင်္ဂတေခုံများအပါအဝင် တင်ခုံမျိုးစုံ၊ မှန်ပုံးများ၊ နံရံကပ်မှန်ဗီရိုများဖြင့် ပြသထားကာရှင်းလင်းချက်များကိုအင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ဖော်ပြထားသည်။ ပြသထားသည့် ပစ္စည်းများကိုထင်ပေါ်မှု ရှိစေရန် LED (Spot Light) မီးများဖြင့် အလင်းပေးထားသကဲ့သို့ သဘာဝ အလင်းရောင်ကိုလည်း အသုံးပြုသည်။

 

သီရိခေတ္တရာပြတိုက်ကိုပြန်တမ်းဝင် ရုံးပိတ်ရက်များနှင့် တနင်္လာနေ့မှလွဲ ၍ နေ့စဉ် နံနက် ၉ နာရီမိနစ် ၃၀ မှ ညနေ ၄ နာရီမိနစ် ၃၀ အထိဖွင့်လှစ်ပြသ ထားသည်။ ပြည်ပဧည့်သည်များကို ဝင်ကြေး ကျပ် ၅၀၀၀ ကောက်ခံ၍ ပြည်တွင်းဧည့်သည်များကို ဝင်ကြေးကောက်ခံခြင်း မရှိချေ။

 

ယဉ်ကျေးမှုအမွေအနှစ် စံနှုန်းများနှင့်ကိုက်ညီသည့် ရှေးဟောင်းဝတ္ထု ပစ္စည်းများကိုလုံခြုံစိတ်ချစွာ တည်ရှိနေရေး၊ မပျက်စီးစေရန်ထိန်းသိမ်းစောင့် ရှောက်နိုင်ရေး၊ သေသပ်လှပတင့်တယ်စွာပြသနိုင်ရေး၊ အများပြည်သူများ ဗဟုသုတ ရရှိစေရေး၊ သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ပြတိုက်များကို ဖွင့်လှစ်ပြသလျက်ရှိသဖြင့် သီရိခေတ္တရာပြတိုက်ကိုလည်း အဆင့်မြှင့်တင်၍ ခင်းကျင်းပြသထားသည်။

 

ပြတိုက်မှ ကျောက်ထွင်းအရိုးအိုးများ

သီရိခေတ္တရာပြသထားသည့် ပျူယဉ်ကျေးမှုဆိုင်ရာ အထောက်အထားများအနက် ပျူအက္ခရာ မှတ်တမ်းစာများရေးထိုးထားသည့် ကျောက်အရိုးအိုး များသည် အထူးစိတ်ဝင်စားဖွယ်ဖြစ်ပေသည်။ မြန်မာနိုင်ငံရှိရှေးဟောင်း နေရာဒေသများတွင် ရှေးဟောင်းသုတေသနဆိုင်ရာ တူးဖော်မှုများကို ဆောင်ရွက်ခဲ့ရာ ကျောက်အရိုးအိုးကြီးငါးလုံးကို သရေခေတ္တရာ တစ်နေရာ တည်းမှ ရရှိခဲ့သည်။ ယင်းတို့အားလုံးကို သရေခေတ္တရာရှိစေတီများ အနီး ဝန်းကျင်များမှတွေ့ရှိခဲ့ရပြီး ဘုရားကြီးစေတီအနီးမှ လေးလုံးနှင့် ဘုရားထောင် စေတီအနီးမှ တစ်လုံးရရှိခဲ့သည်။ ကျောက်စာဝန် မစ္စတာတော်စိန်ခိုသည် သရေခေတ္တရာမြို့ဟောင်းအပြင်ဘက်ရှိ ဘုရားကြီးတောင်ဘက် ကိုက် ၂၀၀ အကွာမှ ကျောက်အရိုးအိုးလေးလုံးကို ၁၉၁၁ ခုနှစ်က တွေ့ရှိခဲ့သည်။

 

ကျောက်အိုးများပေါ်တွင် ရေးထွင်းထားသည့် စာသားများကိုအဓိပ္ပာယ် ဖော်နိုင်ခဲ့ကာ ဘုရားကြီးမှရရှိသည့် အိုးလေးလုံးသည် သူရိယဝိကြမ၊ ဟရိဝိကြမ၊ သိဟဝိကြမမင်းတို့၏ အရိုးအိုးများဖြစ်ကြောင်းနှင့် ကျန်တစ်အိုးမှာ မင်းဆွေမင်းမျိုး သို့မဟုတ် မိဖုရားတစ်ဦးဦး၏ အရိုးအိုးဖြစ်နိုင်ကြောင်း ပညာရှင်များက ယူဆခဲ့ကြသည်။

 

၁၉၉၃ ခုနှစ် မတ်လ ၁၈ ရက်နေ့တွင် သရေခေတ္တရာမြို့ရိုးအတွင်းရှိ ဘုရားထောင်စေတီအနီးမှ ထုလုံးရှည်ကျောက် အိုးတစ်လုံးကို ထပ်မံရရှိခဲ့ကာ အိုးအတွင်း၌ ဆင်းတုတော် အကျိုးအပဲ့များကို တွေ့ရှိခဲ့သည်။

 

ဘုရားကြီးမှ တွေ့ရှိခဲ့သောကျောက်အိုးများတွင် ရေးထွင်းထားသော စာများနှင့် ဘုရားထောင် ကျောက်အိုးပေါ်မှ စာများသည်တူညီသောအက္ခရာ များဖြစ်ကြကာ ဘုရားကြီးကျောက်အိုး လေးလုံးပေါ်တွင် ရေးထွင်းထားသည့် အမည်များအရသရေခေတ္တရာတွင် ဝိကြမမင်းဆက် အုပ်စိုးခဲ့ကြောင်းယူဆနိုင်ခဲ့သည်။ ဘုရားကြီးကျောက်အိုးတစ်လုံးစီပေါ်တွင် အမည်တစ်ခုစီသာ ရေးထွင်းထားပြီး ဘုရားထောင်ကျောက်အိုးတွင် ဘုရင်အမည်များကို စာကြောင်းငါးကြောင်း ရေးထွင်းထားသည်။

 

ယင်းကျောက်ထွင်းအိုးများကို အိုးတွင်ရေးထိုးထားသည့် ဘုရင်အမည် များနှင့်ကွယ်လွန်ခဲ့သည့် ခုနှစ်များကြောင့် အရိုးအိုးများဟုသတ်မှတ်ခဲ့ကြသည်။ သို့သော် ယင်းကျောက်အိုးများကိုတွေ့ရှိခဲ့ချိန်တွင် ကျောက်အိုးများအတွင်း အရိုးစများ၊ အရိုးပြာများကို မတွေ့ရှိရဘဲ မြေကြီးများကိုသာ တွေ့ရှိခဲ့ရကြောင်း သမိုင်းပညာရှင် ဗိုလ်မှူးဘရှင်ကရေးသားခဲ့သည်။ ထိုမြေကြီးများသည် ကွယ်လွန်သူများ၏ အရိုးပြာများလည်းဖြစ်နိုင်ဖွယ်ရှိပြီးယင်းကျောက် အိုးများကို အရိုးအိုးများဟု လက်ခံကြသကဲ့သို့ လက်မခံကြသူများလည်း ရှိခဲ့ ပေသည်။

 

ယခုအခါတွင် ဘုရားထောင်ကျောက်အရိုးအိုးကို အမျိုးသားပြတိုက် (ရန်ကုန်)တွင် ပြသထားကာ ဘုရားကြီး ကျောက်အိုးများအနက် သိဟဝိကြမအမည်ပါရှိသည့် အိုးကိုအမျိုးသားပြတိုက် (နေပြည်တော်) တွင် ပြသထားသည်။ သရေခေတ္တရာရှိ သီရိခေတ္တရာပြတိုက်တွင်မူ သူရိယဝိကြမအမည်ပါ ရှိသည့် အရိုးအိုး၊ ဟရိဝိကြမအမည်ပါရှိသည့် အရိုးအိုးနှင့်မင်းဆွေမင်းမျိုး သို့မဟုတ် မိဖုရားတစ်ပါး၏ အရိုးအိုးဟုယူဆရသည့် အိုးကိုပြသထားသည်။

 

ကြီးမားကျယ်ဝန်းသော သရေခေတ္တရာသည် ပျူမြို့ပြနိုင်ငံတစ်ခုအဖြစ် ထွန်းကားခဲ့ပြီး ပျူယဉ်ကျေးမှု အမွေအနှစ် ရုပ်၀တ္ထုများ အများဆုံးကြွင်း ကျန်ခဲ့သည့်ဒေသဖြစ်သည်။ သမိုင်းနှင့် ရှေးဟောင်း သုတေသနပညာအပါအဝင် ဘာသာရပ် အသီးသီးမှ သုတေသီများ အထူးစိတ်ဝင်စားကြသည့် ရှေးဟောင်းမြို့တော် သရေခေတ္တရာသို့ ရောက်ရှိလာကြသူများသည် ကမ္ဘာ့အမွေအနှစ် ဒေသယဉ်ကျေးမှု အထောက်အထားများကို သီရိခေတ္တရာပြတိုက်တွင် လေ့လာနိုင်ကြပေသည်။ ။