သုံးပွဲဆက်အနိုင်ရသည့် ရတနာပုံအသင်း အဆင့် ၅ နေရာရောက်လာ

ရန်ကုန် ၂၀ စက်တင်ဘာ

၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၇) ဒုတိယနေ့ကို ယနေ့ ညနေပိုင်းက ဆက်လက်ကျင်းပရာ ရတနာပုံနှင့် စစ်ကိုင်းအသင်း နိုင်ပွဲရရှိခဲ့သည်။

သုဝဏ္ဏကွင်း၌ ကျင်းပသည့်ပွဲတွင် ရတနာပုံအသင်းက မကွေးအသင်းကို လေးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ရတနာပုံအသင်းသည် သုံးပွဲဆက်အနိုင်ရလဒ်ကြောင့် အဆင့် ၅ နေရာသို့ တက်လှမ်းနိုင်ခဲ့ပြီး ရာသီကုန်တွင် ထိပ်ဆုံးငါးသင်းစာရင်းဝင်ရန် မျှော်လင့်ချက်ရှိလာခဲ့သည်။ ရတနာပုံအသင်းသည် မကွေးအသင်း၏ တုံ့ပြန်မှုကြောင့် ခက်ခက်ခဲခဲကစားခဲ့၇သော်လည်း အမှားအယွင်းမရှိ နိုင်ပွဲရယူနိုင်ခဲ့ခြင်းဖြစ်သည်။ မကွေးအသင်းသည် ရတနာပုံကို အကောင်းဆုံးတုံ့ပြန်ခဲ့သော်လည်း ခံစစ်ပိုင်းအားနည်းမှု၊ တိုက်စစ်အဆုံးသတ်မသေချာခြင်းတို့ကြောင့် အရေးနိမ့်ခဲ့ရခြင်းဖြစ်သည်။

နှစ်သင်းစလုံး အမာခံကစားသမားအစုံအလင်ဖြင့် ပွဲထွက်ခဲ့ပြီး ပွဲအစ လေးမိနစ်တွင် မျိုးကိုထွန်းက ပြစ်ဒဏ်ဘောကို ခေါင်းတိုက်ပြီး ရတနာပုံအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့သည်။ သို့သော် နှစ်မိနစ်အကြာတွင် မကွေးအသင်း ချေပဂိုးပြန်ရခဲ့ပြီး နိုင်နိုင်ကျော်က သွင်းယူခဲ့ခြင်းဖြစ်သည်။ နှစ်သင်းစလုံး တိုက်စစ်ဦးစားပေး ကစားသလို ပွဲအစမှာပင် ဂိုးများအပြန်အလှန်သွင်းယူနိုင်ခဲ့သောကြောင့် လက်ကျန်မိနစ်များမှာ ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့သည်။ ၁၄ မိနစ်တွင် ဝင်းနိုင်စိုးက ရတနာပုံအတွက် ဒုတိယဂိုးထပ်မံသွင်းယူခဲ့ပြီး ၃၅ မိနစ်တွင် ရရှိသည့် ပယ်နယ်တီကိုလည်း ၎င်းကပင် ထပ်မံသွင်းယူခဲ့သောကြောင့် ပထမပိုင်းအပြီးတွင် ရတနာပုံ အသင်းက သုံးဂိုး-တစ်ဂိုးဖြင့် ဦးဆောင်နေသည်။

ဒုတိယပိုင်းတွင်လည်း နှစ်သင်းစလုံး ဂိုးထပ်မံရရန် ကြိုးပမ်းခဲ့ပြီး ၆၉ မိနစ်တွင် အသင်းခေါင်းဆောင် လှိုင်းဘိုဘိုက ရတနာပုံအတွက် စတုတ္ထဂိုးထပ်မံသွင်းယူခဲ့သည်။ မကွေးအသင်းအတွက် ဒုတိယချေပဂိုးကို ၇၆ မိနစ်တွင် အောင်ဇော်မြင့်က သွင်းယူခဲ့သော်လည်း ဂိုးထပ်မရခဲ့၍ ရှုံးပွဲနှင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။

YUSC ကွင်း၌ ကျင်းပသည့်ပွဲတွင် စစ်ကိုင်းအသင်းက Southern အသင်းကို လေးဂိုးပြတ်အနိုင်ရခဲ့သည်။ ရလဒ်ဆိုးရွားနေသည့် အသင်းနှစ်သင်းတွေ့ဆုံခြင်းဖြစ်ပြီး စစ်ကိုင်းအသင်းက တိုက်စစ်မှူး ပက်ထရစ်၏ သွင်းဂိုးများဖြင့် နိုင်ပွဲပြန်ရှာတွေ့ပြီး ရလဒ်ဆိုးရွားနေမှုများကို အဆုံးသတ်နိုင်ခဲ့သည်။ စစ်ကိုင်းအသင်းအတွက် အနိုင်ဂိုးများကို ပက်ထရစ် တစ်ဦးတည်းက ၁၃၊ ၃၀၊ ၄၅+၂၊ ၆၀ မိနစ်တို့တွင် သွင်းယူခဲ့သည်။

ပွဲစဉ် (၁၇) အပြီးတွင် ဧရာဝတီအသင်းက ၃၉ မှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေပြီး ဟံသာဝတီအသင်းက ၃၇ မှတ်၊ ရှမ်းယူနိုက်တက်အသင်းက ၃၅ မှတ်၊ ရန်ကုန်အသင်းက ရမှတ် ၃၀၊ ရတနာပုံအသင်းက ၁၉ မှတ်၊ ရခိုင်အသင်းက ၁၇ မှတ်၊ စစ်ကိုင်းအသင်းက ၁၃ မှတ်၊ မကွေးအသင်းက ၁၀ မှတ်၊ အားကာသိပ္ပံအသင်းက ရှစ်မှတ်၊ Southern အသင်းက လေးမှတ်ရရှိထားသည်။

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-ဖိုးသော်ဇင်