T-ara အဖွဲ့ဝင် ဆိုယွန်း ဘောလုံးကြယ်ပွင့် ချိုယုမင်နဲ့ လက်ထပ်တော့မယ့်အကြောင်း ကြေညာ

တောင်ကိုရီးယားအမျိုးသမီး တေးဂီတအဖွဲ့ T-ara ရဲ့ အဖွဲ့ဝင်ဟောင်းတစ်ဦး ဖြစ်သူ ဆိုယွန်းက သူ့ရဲ့ မင်္ဂလာသတင်းကို လတ်တလောမှာ ထုတ်ပြန်ခဲ့ပါတယ်။ သူဟာ ဘောလုံးကြယ်ပွင့် ချိုယုမင်နဲ့ ယခုနှစ်အတွင်း လက်ထပ်မှာဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ စွန်ပီဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက် တွေအရ သိရပါတယ်။

ဆိုယွန်းက သူနဲ့ ချိုယုမင်တို့ လက်ထပ်တော့မှာဖြစ်ကြောင်း ဇန်နဝါရီ ၁၈ ရက်က ထုတ်ပြန်ခဲ့တာပါ။ ချိုယုမင်ဟာ သူ့ထက် အသက်အားဖြင့် ကိုးနှစ်ခန့်ငယ်သူလည်း ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး ဆိုယွန်းရဲ့ ဖျော်ဖြေရေးအေဂျင်စီက အတည်ပြုခဲ့ပါတယ်။ အေဂျင်စီရဲ့ ထုတ်ပြန်ချက်အရ ဆိုယွန်းနဲ့ ချိုယုမင်တို့ဟာ လာမယ့်နိုဝင်ဘာလအတွင်း မင်္ဂလာပွဲကျင်းပသွားမှာ ဖြစ်ကြောင်းနဲ့ သူတို့နှစ်ဦးဟာ ချစ်သူတွေအဖြစ် သုံးနှစ်ခန့် လက်တွဲခဲ့ပြီးနောက် ယခုလို လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ကြောင်းလည်း သိရပါတယ်။ သူတို့ရဲ့ မင်္ဂလာပွဲကို ချိုယုမင်ရဲ့ ယခုနှစ် ဘောလုံးရာသီ ပွဲစဉ်တွေအပြီးမှာ ပြုလုပ်ဖို့ စီစဉ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဆိုယွန်းဟာ T-ara အဖွဲ့ဝင်တစ်ဦးအဖြစ် တေးဂီတလှုပ်ရှားမှုတွေ လုပ်ဆောင် ခဲ့ရင်း ၂၀၁၇ ခုနှစ်အတွင်း စာချုပ်သက်တမ်းကုန်ဆုံးမှုနဲ့အတူ အဖွဲ့ကနေ ထွက်ခွာခဲ့တာလည်း ဖြစ်ပါတယ်။

အေးပြည့်