Test & Care ဧရာဝတီစင်တာတွင် ဗဟန်း၊ မရမ်းကုန်းနှင့် စမ်းချောင်းမြို့နယ်သုံးခု ထပ်တိုးကာ မြို့နယ်ရှစ်ခုမှ ရောဂါလက္ခဏာ ခံစားနေရသူများကို စစ်ဆေးပေးမည်

ရန်ကုန် ၂၃ နိုဝင်ဘာ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် ဝန်ဆောင်မှုပေးလျက်ရှိသော Test & Care ဧရာဝတီစင်တာအနေဖြင့် နိုဝင်ဘာ ၂၄ ရက်မှစတင်၍ ဗဟန်း၊ မရမ်းကုန်းနှင့် စမ်းချောင်းမြို့နယ်သုံးခု ထပ်တိုးကာ မြို့နယ်ရှစ်ခုမှ ရောဂါလက္ခဏာ ခံစားနေရသူများကို စစ်ဆေးပေးသွားမည်ဖြစ်သည်။

ဧရာဝတီဖောင်ဒေးရှင်းသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရသူများအား ကုသပေးရန် သုဝဏ္ဏဘောလုံးကွင်းနှင့် အမျိုးသားဘောလုံးအကယ်ဒမီ (ရန်ကုန်) တို့တွင် ကုသရေးစင်တာများ တည်ဆောက် ဆောင်ရွက်ပေးလျက်ရှိသလို ရောဂါလက္ခဏာ ခံစားနေရသူများကို စစ်ဆေးပေးနိုင်မည့် Test & Care ဧရာဝတီစင်တာကိုပါ တည်ဆောက်ကာ ဝန်ဆောင်မှုပေးနေခြင်းဖြစ်သည်။ Test & Care ဧရာဝတီစင်တာတွင် ယခင်က ကိုဗစ်ရောဂါ ကုသရေးလုပ်ငန်းများတွင် အနစ်နာခံကာ တာဝန်ထမ်းဆောင်လျက်ရှိသော ဆရာဝန်၊ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီများ၊ စေတနာ့ဝန်ထမ်းများနှင့် သင်္ဃန်းကျွန်း၊ မင်္ဂလာတောင်ညွန့်၊ ရန်ကင်း၊ တာမွေ၊ တောင်ဥက္ကလာပမြို့နယ်တို့မှ ရောဂါလက္ခဏာ ခံစားနေရသူများကို စစ်ဆေးခဲ့သော်လည်း နိုဝင်ဘာ ၂၄ ရက်မှစတင်ကာ မြို့နယ်သုံးခုမှ ရောဂါလက္ခဏာ ခံစားနေရသူများကို စစ်ဆေးပေးသွားမည်ဖြစ်သည်။ Test & Care ဧရာဝတီစင်တာတွင် ရောဂါလက္ခဏာခံစားနေရသူ စုစုပေါင်း (၁၁၀၀၀) ကျော်ကို ရောဂါပိုးရှိ/မရှိ စစ်ဆေးခဲ့ကာ ပိုးတွေ့ရှိသူများကို သက်ဆိုင်ရာ ကုသရေးစင်တာ (သို့) ဆေးရုံများထံသို့ လိုက်လံပို့ဆောင်ပေးခဲ့သည်။

ကိုဗစ်-၁၉ ရောဂါလက္ခဏာ ခံစားနေရသူများအနေဖြင့် Test & Care ဧရာဝတီစင်တာတွင် စစ်ဆေးမှုခံယူနိုင်ရန်အတွက် https://bit.ly/36UvIss မှတစ်ဆင့် အချက်အလက်ပြည့်စုံစွာ ဖြည့်သွင်း၍ ကြိုတင်လျှောက်ထားရမည်ဖြစ်ပြီး စစ်ဆေးမှုခံယူမည့်သူများထံသို့ QR Code၊ Patient ID နှင့် လာရောက်စစ်ဆေးရမည့် နေ့ရက်၊ အချိန်တို့ကို ကာယကံရှင်၏ ဖုန်းနံပါတ်သို့ အချိန်နှင့်တပြေးညီ SMS ပေးပို့မည်ဖြစ်သည်။ စစ်ဆေးမှုခံယူမည့်သူသည် သတ်မှတ်ပေးထားသော နေ့ရက်၊ အချိန်အတိအကျအတိုင်း သင်္ဃန်းကျွန်းမြို့နယ်၊ ဝေဇယန္တာလမ်းမပေါ်ရှိ Test & Care ဧရာဝတီစင်တာသို့ ဝန်ထမ်းကတ် (သို့) မှတ်ပုံတင်နှင့်အတူ လာရောက် စစ်ဆေးမှုခံယူရမည်ဖြစ်ပြီး ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ထပ်မံပြန့်ပွားမှုမရှိစေရန် ရည်ရွယ်၍ QR Code၊ Patient ID မရှိသူများကို စင်တာတွင် လုံးဝဝန်ဆောင်မှုပေးသွားမည် မဟုတ်ေကြာင်း ထုတ်ပြန်ထားသည်။

အသေးစိတ်သိရှိလိုပါက Hotlines: 014705555 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

သတင်း-ရဲရင့်ရှိုင်း

ဓာတ်ပုံ-ကိုမိုး