ထာဝရငြိမ်းချမ်းရေး အမွေအနှစ် မျိုးဆက်သစ်များသို့ ပေးနိုင်ရန်

(၉)ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်း အဝေးကို ဩဂုတ် ၁၃ ရက်တွင် ကျင်းပခဲ့ရာ ယင်းအစည်းအဝေး တွင် သဘောတူညီချက် ခုနစ်ချက် ရရှိခဲ့သည်။ ၎င်းသဘောတူညီ ချက်များမှာ အလွယ်တကူ ရရှိခဲ့ခြင်းမဟုတ်ဘဲတွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းများတွင် မတူကွဲပြားမှုများအကြားမှ အပေးအယူ၊ အလျှော့ အတင်းများဖြင့် ညှိနှိုင်းဆွေးနွေးကြကာ သဘောတူညီမှု ရရှိခဲ့ကြ ခြင်းဖြစ်သည်။

 

တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးက မျှော်လင့်တောင့်တ နေကြသည့် ထာဝရငြိမ်းချမ်းရေး ရယူနိုင်ရန်၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်ရန်အတွက် လုပ်ငန်းစဉ်များမှာ အခက်အခဲနှင့် စိန်ခေါ်မှုများစွာကြားထဲမှပင် ရှေ့သို့ တိုးသွားနေဆဲ ဖြစ်သည်။ ပဋိပက္ခများဖြစ် ပွားရာ ဒေသများရှိ ပြည်သူများအဖို့ ထာဝရငြိမ်းချမ်းရေးရရှိရန် မဆိုထားဘိ ပစ်ခတ်တိုက်ခိုက်မှုများ မရှိတော့ဘဲ မိမိတို့နေထိုင်ရာ ဇာတိရပ်ရွာများတွင် အေးချမ်းစွာ နေထိုင်သွားလာနိုင်ကြပြီး ပရိယေသနဝမ်းစာကို ကောင်းစွာ ရှာဖွေအသက်မွေးနိုင်ကြရုံမျှနှင့်ပင် ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြရ သည်။ ကျည်ဆန်များနှင့် မိုင်းများအကြား မိမိ၏ အသက်အန္တရာယ် သည် နေ့လား ညလား ထိတ်လန့်ချောက်ချားနေရသည့် အခြေအနေ မျိုးမှလည်း အမြန်ဆုံးလွတ်မြောက်လိုကြပြီ။

 

“ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုသည်မှာ ရေရှည်သဘောဆောင်သည့် လုပ်ငန်း စဉ်တစ်ခုဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် မရရှိနိုင် သေးသည့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆိုင်ရာ လုပ်ငန်းစဉ် များကိုလည်း တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ကြိုးပမ်းနေရပါကြောင်း၊ ထိုသို့ ရေရှည်သဘော ဆောင်သည့် လုပ်ငန်းစဉ်များကို ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ချိတ်ဆက် စဉ်းစားပြီးသည့် နောက် ယင်းလုပ်ငန်းစဉ်များအား လုံးခြုံငုံအကျုံးဝင်ပြီး ရှေ့ဆက်သွားမည့် အဆင့်လိုက်လုပ်ငန်းစဉ် ကို မိမိတို့ ဖော်ထုတ် ရရှိလာခဲ့ပါကြောင်း” နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က (၉)ကြိမ်မြောက် JICM အစည်းအဝေးတွင် ပြောကြားခဲ့ရာ ရှေ့ဆက်လျှောက်လှမ်းရမည့် လမ်းကြောင်းပေါ်ထွက်လာသည့် သတင်းကောင်းပင်ဖြစ်သည်။

 

ထို့အပြင် “မိမိတို့နိုင်ငံ၊ မိမိတို့ ပြည်ထောင်စု၏ အနာဂတ်ခရီး အတွက်မိမိတို့ အသက်ရှင်နေစဉ်နှင့် မိမိတို့ကြိုးစားခွင့် ရနေစဉ်အတွင်း အတတ်နိုင်ဆုံး၊ အကောင်းဆုံး ကြိုးပမ်းအားထုတ်၍ မိမိတို့၏ မျိုးဆက်သစ်များလက်ထဲသို့ ငြိမ်းချမ်းရေးအမွေ အနှစ်တစ်ခု ခိုင်ခိုင် မာမာ လက်ဆင့်ကမ်းဆောင် ကြဉ်းပေးနိုင်ရေး ဆက်လက် ကြိုးပမ်း သွားကြရန်”လည်း တိုက်တွန်းပြောကြား သွားခဲ့ရာ ငြိမ်းချမ်း ရေးနှင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတွင် ထဲထဲ ဝင်ဝင် ပါဝင်ဆောင် ရွက်နေကြသည့်သမိုင်းဝင်ပုဂ္ဂိုလ်များအားလုံးက လည်း သဘောတစ်ထပ်တည်း ညီကြမည်ဟု ယုံကြည်မျှော်လင့် မိသည်။

 

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံ စတုတ္ထ အစည်းအဝေးကို လာမည့် သြဂုတ်လ ၁၉၊ ၂၀၊ ၂၁ ရက်များတွင် ကျင်းပတော့မည်။ ငြိမ်းချမ်းရေး တည်ဆောက်ကြရာတွင် အပြန်အလှန် လေးစားမှု၊ နားလည်မှု၊ စိတ်ရှည်သည်းခံမှု၊ အပေးအယူ၊ အလျှော့အတင်းတို့ဖြင့် အပြန်အလှန်လိုက် လျောမှုများဖြင့် နှလုံးရည် ပြည့်ဝစွာ ပူးပေါင်းဆောင်ရွက်ကြရခြင်းဖြစ်သည်။ စားပွဲဝိုင်း ဆွေးနွေး ပွဲများမှ ထွက်ပေါ်လာမည့်ရလဒ်များဟူသမျှသည် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး၏ နှလုံး စိတ်ဝမ်းကို အေးငြိမ်း ချမ်းသာမှု ပေးစွမ်းနိုင်ပါစေကြောင်း။ ။

 

မြန်မာ့အလင်း